Thursday, April 22, 2010

မိဘမေတ္တာ ခါးသီးလွန်းလို့လား(နိဂုံး)

အဖေ က အဝေးကြီးမှာ ပိုက်ဆံသွားရှာတယ်။
ဒီနွေရာသီ ကျောင်းပိတ်ရင် အမေလဲ အဝေးကြီးကို တာဝန်နဲ့ ပြောင်းရမယ်တဲ့။
အမေ့ကို ”မသွားပါနဲ့လား အမေ” လို့ ပြောတော့...အစိုးရအလုပ်က မသွားလို့ မရဘူး လို့ ပြန်ဖြေတယ်။
ငါလဲ ချက်ချင်းဘဲ ”ဒါဆို သားကို လဲ ခေါ်သွားမှာနော်” လို့ မျှော်လင့်ချက်ကြီး တစ်ခုနဲ့ မေးလိုက်တယ်။
မလိုက်ရဘူးဆိုတာကို သိပြီးသားပါ။ ဟိုအရင် အမေ သင်တန်းသွားတက်တိုင်း လဲ တစ်ခါမှ မလိုက်ရတာကို။
ငါလေ သိပ်မုန်းတာဘဲ။ ပိုက်ဆံရှာတာနဲ့ အစိုးရ အလုပ်ဆိုတာ ကို။
နွေရာသီကျောင်းပိတ်ရင် ငါ့ကိုလဲ တောင်ပေါ်က အဖွားဆီ ပို့မယ် လို့ ပြောနေကြတယ်။
ပထမတော့ ပျော်သလိုဘဲ နောက်မှ အမေ မပါဘဲ ငါသွားနေရမှာဆိုတော့ ငါမသွားချင်ဘူး။
အမေ မပါဘူးဆိုတော့ ငါ ၀မ်းနည်းလိုက်တာ။ အမေ က ပြောပါတယ်။အဖိုးရော အဖွားပါ ရှိတယ်..
အန်တီ ငယ်လဲ ရှိတယ်၊ မောင်နှမ ၀မ်းကွဲတွေ လဲ ရှိတယ်တဲ့ လေ။ အမေ့ ကို ဘာမှ ပြန်မပြောခဲ့ဘူး။
ဒါပေမယ့် ငါကို အမေ သိတယ်။
အိမ်ရှေ့  က ချောင်းဘေး မှာ ငါသွားထိုင်နေတယ်။ ငါးသေးသေး လေးတွေ အများကြီး ရေကူးနေတာ မြင်ရတယ်။
ငါးသေးသေးလေးတွေ ဖြစ်ချင်လိုက်တာ၊ သူတို့တွေမှာ အဖေရော အမေ သာမက သူငယ်ချင်းတွေ လဲ အများကြီးနဲ့ ပျော်နေလိုက်ကြတာ။
သစ်ရွက်တရွက်ခူးပြီးတော့ ရေထဲချ လိုက်တယ်။ပြီးတော့ သစ်ရွက်လေး ကို မှာလိုက်တယ်။ အဖေ့ ကို မြန်မြန် ပြန်ခဲ့ပါလို့ လေ။
”သား ရေ သား” အမေ့ခေါ် သံကြားတော့ အိမ်ဘက်ကို အပြေးပြန်လာ ခဲ့တယ်။

မနက်ဖြန် ကျောင်းပိတ်တာနဲ့ အိမ်မှာနေတဲ့ အန်တီ နဲ့ တောင်ပေါ် အိမ် အဖွားရှိတဲ့ နေရာကို လိုက်သွားရတော့မယ်။
မနက်ဖြန် ငါသွားရ မယ့် အချိန် အမေ က အိမ်မှာ ရှိမှာ မဟုတ်ဘူး အမေ ရုံးသွားမှာ။
ငါလဲ မပြောတော့ပါဘူး။ပြောလဲ နေခဲ့ရမှာ လဲ မဟုတ်ဘူးလေ။

တောင်ပေါ် အိမ်ရောက်တော့ အဖွားက ငါ့ကို အ၀ါရောင် အသီးကျွေးတယ်။
အဖွား က ကချင်စကားဘဲ ပြောနေတယ်။ငါ နားမလည်ဘူး။ ဒါနဲ့ အန်တီ ငယ်က အဖွား ဆီက ယူပြီး အခွံခွာပြီး
ငါ့ကို ကျွေးတယ်။ ငါစားပြီးတော့ ငါနေနေတယ်။
ခဏနေတော့ အန်တီ ငယ် က ရေသွားကူးရအောင် ဆိုပြီး ငါ့ကို ခေါ်သွားတယ်။
ငါ့အရွယ်တွေ အများ ကြီးဘဲ ရေကူးနေကြတယ်။ သူတို့ကို တွေ့တော့ ငါပျော်လာတယ်။
အန်တီ ငယ်က ငါ့ကို ကျောပိုးပြီး ရေငုပ်တာ ငါလေ ကြောက်လိုက်တာ။
နောက်တော့ ပျော်သွားတာဘဲ။ နုတ်ခမ်းတွေ ပြာနမ်းလာ တဲ့ထိ ရေဆော့ပြီး ပြန်ကြတယ်။
အိမ်ပြန်ရောက်တော့ အမေ့ကို သတိရ ပြန်တယ်။ အဖေ့ကို လဲ သတိရတာဘဲ။
ဘယ်သူကို မှ စကားမပြောဘူး။ ဘယ်သူကို ဘာပြောရမှန်းလဲ မသိဘူး။
အဘွား ဒီတခါတော့ ဗမာ စကားနဲ့ ပြောတယ် ” မြေးလေး က ပြုံးနေရင် ချောတယ်” တဲ့။
အပြုံးချိုချိုတွေ မြေးလေးမှာရှိတယ်တဲ့။ အဖွား ပြောတော့ အဖွားရှေ့ မှာ ပြုံးနေလိုက်တယ်။
ပြီးတော့ အမေ့ကို လွမ်းတာပါဘဲ။ အဖေ့ ကိုသတိရတာပါဘဲ။
ည အိပ်တော့ အဖိုး နဲ့ အတူတူ အိပ်ရတယ်။ အဖိုး အနံ့ က နည်းနည်း နံတယ်။
အမေ့ရဲ့  အနံ့ နဲ့တော့မတူဘူး။ အဖိုးနဲ့ တူတူ အိပ်ပေမယ့် ခပ်ခွာခွာလေး ဘဲ အိပ်တယ်။
ကိုယ်လေး ကို လဲ ကြုံ့ ထားတယ်။ အမေ နဲ့ ဆို အမေ့ကို အားရပါးရ ဖက်ပြီး အိပ်တာ။
ညက ခဏခဏ လန့်နိုးတယ်။နိုးလာတိုင်းလဲ အမေ့ ရဲ့  အနံ့ ကို မရဘူး။
အိပ်မက်လဲမက်တယ်။ အိပ်မက်ထဲ အမေ့နားကို ဘဲ ရောက်ရောက်နေတယ်။ ကောင်းကောင်း အိပ်လို့မရဘူး။ အမေ့ ကို အရမ်း အောက်မေ့တာဘဲ။

........ငါ့မှာ အပြုံးချိုချိုတွေရှိပေမယ့် ငါမလိုချင်ဘူး။
ဒါဆို ငါ့အနားမှာ မရှိတဲ့ အဖေ နဲ့ အမေ က ခါးနေတာလား။
ငါမလိုချင်ဘူး။ အဖေ နဲ့ အမေ ခါးသီးနေပါစေ...အဖေနဲ့ အမေ ကြားမှာ ဘဲ ငါ အိပ်ချင်တယ်။
သူတို့ နဲ့ဘဲ ငါနေချင်တယ်။ ဘယ်မှာ လဲ အဖေ ရယ်။ သနားပါ အုန်း အမေရယ်။...
အမှန်တကယ်ဘဲ မိဘမတ္တာခါးသီးလွန်းနေလို့လား...ပြန်ခဲ့ပါ အဖေရယ်။ သနားပါအုန်း အမေရယ်။

ဒီးဒိုး

”ယု”

အနီး၊အဝေးဟာ တို့နှစ်ဦးတွက်
အကွာအဝေး မဟုတ်ဘူး။

အချစ်၊အမုန်းဟာ တို့နှစ်ဦးတွက်
ခံစားချက် မဟုတ်ဘူး။

တမ်းတ၊မျှော်လင့်ခြင်းဟာ တို့နှစ်ဦးတွက်
စောင့်စားစရာမဟုတ်ဘူး။

ရယူ၊ပေးဆပ်ခြင်းဟာ တို့နှစ်ဦးတွက်
တစိမ်းလို မဟုတ်ဘူး။

တိုင်ပင်၊ငြင်းခုန်ခြင်းဟာ တို့နှစ်ဦးတွက်
မီးပွားမဟုတ်ဘူး။

ရင်ထဲ
နှင်း ပွင့်လို အေးမြ၊ဖြူစင်ခြင်းတွေရှိတယ်။

မျက်ဝန်းထဲ
ယု ယခြင်းတွေ ရှိခဲ့တယ်။

စိတ်ထဲ
ယု ယခြင်းတွေ မှတ်ထားတယ်။

ဘ၀ထဲ
မွန် မြတ်တဲ့ သံယောဇဉ် ချည်နှောင်ထားတယ်။

”တကယ်ဘဲ
တို့တတွေ မဆုံနိုင်ခဲ့ကြပြီမို့
အဝေးဆုံးမှာ အချစ်ဆုံး(သူငယ်ချင်း)ဖြစ်
ထာဝရ အမှတ်ရနေ ပါရစေ။”

ဒီးဒိုး။
၂၀၊၀၄၊၂၀၁၀
ကျွန်ုပ်၏ အိပ်မက်ထဲ သို့ အလည်ရောက်ရှိခဲ့သော ချစ်ခင်လေးစားရပါသော သူငယ်ချင်း သို့....

၁၃၊၀၄၊၂၀၁၀ (သို့) ည

အဲဒီည
လ မသာပေမယ့် ကြယ်လေးတွေရှိတယ်။
လေနီ မကြမ်းပေမယ့် လေညှင်းလေးတွေ တိုက်တယ်။

အဲဒီည
အဝေးကြီးကို လှမ်းကြည့်ပေမယ့် အနီးဆုံးလူကိုမမြင်ခဲ့ဘူး။
အစစ်အမှန်ကို တမ်းတပေမယ့် မာယာနဲ့ ကျေနပ်တယ်။

အဲဒီည
မအိပ်စက်ပေမယ့် အိပ်မက် မက်ခဲ့တယ်။
မျက်ရည်နဲ့ အထီးကျန်မှုကို နှစ်သိမ့်ခဲ့တယ်။

အဲဒီည
တိမ်တိုက်ရဲ့ နောက်ကွယ်က လမင်းကိုမျှော်ကြည့်တယ်။
ခါးသီးမှုတွေစားသုံးရင်း ချိုမြိန်ခြင်းတွေ ရှာဖွေတယ်။

အဲဒီည
လွဲမှားခြင်းရဲ့  နောက်ဖက် တိုက်ဆိုင်မှုကို စောင့်စားတယ်။
နောင်တတွေ တသက်လုံးတွက် ရင်ထဲမှာ သိမ်းဆည်းထားခဲ့တယ်။

အဲဒီည
မျဉ်းပြိုင်နှစ်ကြောင်းရဲ့  ဆုံမှတ်ကို စဉ်းစားတယ်။
မပိုင်ဆိုင်နိုင်တော့ တဲ့ မနက်ဖြန်ကို ဆုပ်ကိုင်ဖို့ ကြိုးစားတယ်။


ဖြစ်ချင်ရာတွေ ဖြစ်နေတဲ့ ထဲ
တည်မြဲမှုကို ရှာဖွေရင်း
အဲဒီည ကို ဖြတ်သန်းဖို့
ရင်မှာ...အနှစ်မဲ့ မေတ္တာတွေဘဲ အားကိးုရှိတယ်။

အဲဒီည...
..............အဲဒီည....
......................၁၃၊၀၄၊၂၀၁၀ ညပေါ့။


ဒီးဒိုး...
၁၃၊၀၄၊၂၀၁၀

Saturday, April 17, 2010

င်္မျက်လုံးဖွင့်ထားပါ။

ခံစားမိရဲ့  လား....
ကြားနေကျ အသံလေး
မကြားရတော့တဲ့ အခါ.................

ခံစားမိရဲ့ လား....
မြင်နေကျ ရုပ်လွာလေး
မမြင်ရတော့တဲ့ အခါ...................

ခံစားမိရဲ့ လား....
ထိတွေ့နေကျ အတွေ့လေး
ကွယ်ပျောက်သွားတဲ့အခါ...............

ချစ်သူရေ..
မကြားရ၊မမြင်ရ၊မပတ်သက် ရတော့ ရင်ဖြင့်
ငါ့ရဲ့  စိတ်ကူးထဲ
အနမ်းမိုး ရွာရင်
မျက်လုံးလေးတော့ ဖွင့်ထားပါ။
............................................



ဒီးဒိုး
၁၂၊၀၄၊၂၀၁၀

Friday, April 9, 2010

မိဘမေတ္တာ ခါးသီးလွန်းလို့လား(၃)

ွှုငါ့မှာ သူငယ်ချင်း တယောက်ရှိတယ်။
"အန်းကူ" တဲ့ သူ့ရဲ့  ခြေထောက်တဖက်က သေးသေးလေး ရယ်..သူက ငါ့လို လမ်းမလျှောက် နိုင်ဘူး။
သူအဖေ က ကုန်းပိုးပြီး ကျောင်းလာလာ ပို့တယ်။
ငါလဲ သူလိုဘဲ အဖေကို ကုန်းပိုးပြီး ကျောင်းလာချင်တယ်။
ဒါပေမယ့် သူလို ခြေထောက်သေးသေးလေး တော့ မဖြစ်ချင်ဘူး။
အဖေ အဝေးကြီးမှာ ရှိနေတာ နဲ့ စာရင် ငါခြေထောက် ကောင်းကောင်း ရှိနေတာ ပိုကောင်းတယ်။
ကျောင်းထဲ ၀င်ဖို့ ငါ အမြဲတန်း သူ့ ကို စောင့်ခေါ်တယ်။ သူက လက်ရေး သိပ်လှတယ်။ ငါ့ရဲ့  စာအုပ်အဖုံး မှာ ငါ့နာမည်ကို သူဘဲ ရေးပေးတာ။သူလဲ ငါ့ကို အရမ်းခင်တယ်။
သူများတွေ သူ့ကို စရင် ငါက စတဲ့သူကို ခဲတံ ထောင်ပြတာ။ ငါ့ကို စရင်တော့ သူက လက်ရေးလှအောင် ဘယ်လိုရေးရတယ် ဆိုတာ ပြောပြတယ်။
သူအတွက် ငါက အကုန်လုပ်ပေးတာ..ရေသောက်ချင်ရင်..အပေါ့သွားချင်ရင်..ဆရာမ ဆီ စာအုပ်သွားထပ်ရင်..အားလုံး ငါဘဲ လုပ်ပေးတာ။
သူ့ခြေထောက် သေးသေးလေး ဖြစ်နေတာ ဆေးထိုးမှားလို့တဲ့။
ငါ လဲ အဲလိုဖြစ်မှာ သိပ်ကြောက်တာဘဲ။ ပိုလီယို ဖြစ်တာ လို့ ပြောကြတယ်။
ဒါနဲ့ ငါဘယ်လောက်ဖျားဖျား ဆေးမထိုးဘူးလို့ မှတ်ထား လိုက်တာပေါ့ စိတ်ထဲမှာ..။
ကျောင်းသွားတော့ ကျောင်းမှာ ဆေးထိုးမယ့် ဆရာမတွေ ထမီ အနီတွေ နဲ့  အများကြီးတွေ့တယ်။ ကာကွယ်ဆေး ထိုးဖို့ လို့ ပြောနေကြတယ်။ ငါ အရမ်း ကြောက်သွားတာ ဘဲ။ အမေ့ကို သတိရတယ်။ အမေ့ကို ဆေးထိုးတဲ့ ဆရာမတွေ ကြား ရှာ ကြည့်တယ်။မတွေ့ဘူး။ ပြောဖို့ မေ့နေတာ...ငါ့အမေ က ဆေးထိုး တဲ့ ဆရာမ..ဒါပေမယ့် သူများတွေ လို ထမီ အနီ ၀တ်တာမဟုတ်ဘူး ထမီ အပြာရောင်ဝတ်တာ။ ငါ့အမေ က အင်္ကျီအဖြူ နဲ့  ထမီ အပြာရောင်၊ ဆေးထိုးတဲ့ ဆရာမတွေ ဆောင်းတဲ့ ဦးထုပ်ဖြူဖြူ လေးဆောင်းရင် အရမ်းလှတာ ဘဲ။ ဆေးထိုး တဲ့ ဆရာမ တွေလာရင်လဲ ပြောတယ် ဆရာမကြီး ကအရမ်းလှတာ ဘဲလို့။
ဆရာမတွေ ကြားမှာ အမေ့ ကိုရှာပေမယ့် မတွေ့ ဘူး။
ငါတို့ ဆရာမတွေ က လဲ တန်းစီ ခိုင်းနေပြီ။ ငါလဲ အရမ်းကြောက်တာ ဘဲ။ မထိုးဘူးလို့တော့ စိတ်ထဲမှာ မှတ်ထားတယ်။
ဒါနဲ့  လွယ် အိတ်ထဲ က ခဲတံ ကို ထုတ်ယူး ပြီးတော့ သွားတန်းစီတယ်။ အန်းကူ ကို တွဲခေါ်သွားတယ် သူက ငါ့ရှေ့ မှာ ရပ်တယ်။ တချို့  ကလဲ ငိုတယ်...အန်းကူ က သတ္တိရှိတယ်။ မငိုဘူး။ ငါ့ အလှည့် ရောက်လာတော့ ငါ ခဲတံ ကိုင်ထားတာ ဆရာမ မြင်သွား ပြီး.."သားကို မထိုးပါ ဘူး" လို့ပြော တော့ ငါပျော်သွားတယ်။
ပျော်လို့ မဆုံးခင် မှာ ဘဲ အမေ ရောက်လာပြီး တော့.."သားကို အမေ ကိုယ်တိုင်ထိုးမှာ လာ လာ" ဆိုပြီး အမေ ရောက်လာတယ်။ အမေ ကမုန်းဖို့ ကောင်းလိုက်တာ ဆရာမက မထိုးပါဘူး ဆိုမှ အမေ ကထိုးမယ်တဲ့ လေ။
ဒါပေမယ့် ငါ မကြောက်တော့ဘူး။ အမေ က ငါကို တော့ မှားအောင် ခြေထောက်သေးသေး လေး ဖြစ်သွားအောင် တော့ လုပ်မှာ မဟုတ်ဘူးလို့ ယုံတယ်။
ဆရာမ က "ပေးပေး သားခဲတံ ဆရာမ ကိုပေး" လို့ ပြောတယ်။ငါမပေးဘူး ဆရာမ ကို...ဆရာမ က ငါ့ကိုကြည့်နေတယ်။ ငါ အမေ့ဖက် ကို လှည့်လိုက်ပြီး ခဲတံ ကို အမေ့ ကိုပေးလိုက်တယ်။ ဆရာမ က မတ်တပ်ရပ်နေတာလေ...အမေ က ဆရာမ ကို ဖက်ထားလို့ ပြောတာ နဲ့ ဆရာမ ခြေထောက်ကို ငါ တအားဖက်ထားတာ။ အမေ ဆေးထိုးတာ လဲ အရမ်းနာတာပါ ဘဲ။
တခါတလေ လဲ ဆေးထိုးမှား ပြီး ခြေထောက်သေးသေးလေး ဖြစ်ရင် ကောင်းမှာ ဘဲ လို့ ထင်တယ်။ဒါမှ ငါ့အဖေ ပြန်လာပြီး ငါ့ကို ကုန်းပိုး ပြီး ကျောင်းလိုက်ပို့ မှာလေ။ ဒါပေမယ့် ငါ လမ်းမလျောက်နိုင်မှာ ကိုတော့ ကြောက်တယ်။ ခြေထောက် သေးသေးလေးလဲ မဖြစ် အဖေ လဲ ငါ့ဆီ ပြန်လာ ဆို ပို ကောင်းမှာ လို့ လဲ တွေးမိသေးတယ်။
အဲဒီ နေ့ အိမ်ပြန်ရောက်တော့ အမေ က ရေနွေး အိတ်နဲ့ ဆေးထိုးထားတဲ့နေရာ ကို ကပ်ပေးတယ်။ ဒီည အဖေ ပြန်လာ ပြီး မနက်ဖြန် ငါ့ကို ကုန်းပိုးပြီး ကျောင်းလိုက်ပို့ ရင်ကောင်းမယ် လို့ အမေ့ ကို ပြောချင်တယ်။ ဒါပေမယ့် ငါ မပြောခဲ့ဘူး။ အဖေ့ ကို မေးရင် အမေ က ငိုတတ်လို့။ အမေမျက်ရည် ကျရင် ငါလဲ ငိုချင်တာဘဲ။ ဒါပေမယ့် ငါကမငိုဘူး။ အမေ့ ကို ငိုတာ မမြင်ချင်လို့ ငါမမေးတော့ဘူး။ ငါရင်ထဲ မှာတော့ အဖေ ပြန်လာ ရင်ကောင်းမှာဘဲ လို့ ထင်နေတုန်းဘဲ။ အဲ ဒီည အိပ်မပျော်ဘူး။...

Wednesday, April 7, 2010

မိဘမေတ္တာ ခါးသီးလွန်းလို့လား(၂)

ငါလေ....ကျောင်းသွားရ မှာကို အရမ်းကြောက်တာဘဲ။
ကျောင်းရောက်ရင် တစ်ချို့  က ငါ့ကို အဖေ မရှိဘူးလို့ ပြောကြတယ်။
ငါလဲ ပြန်ပြော တာပါဘဲ ငါ့မှာ အဖေ ရှိတယ်လို့လေ။
ဒါပေမယ့် ငါအဖေ ကို သူတို့ တခါ မှ မမြင်ဖူးတော့ ငါ့ကို ပြောကြတယ်။
သူတို့ တွေ အရမ်းပြောလာ ရင် ငါက ငါ့ရဲ့  ခဲတံကို ကျစ်ကျစ်ပါ အောင် ဆုပ်ထား ပြီး သူတို့ ကို ပြလိုက်တယ်။ ငါကတော့ မခံ နိုင်ရင် ခဲတံ နဲ့ တကယ် ထိုးတာ။
အဲလို ထိုးရင် လဲ ဆရာမ က ငါ့ကို ဘဲ ဆူအုန်းမှာ။
ငါ့ကို ပြောကျ တဲ့ သူတွေကို တော့ ဆရာမ က မစကြနဲ့ လို့ ဘဲ ပြောရုံ ပြောမှာ။
ဒါပေမယ့်
ငါ့ဆရာမ ကို ငါချစ်တယ်။ ဆရာမ က ငါကို "သား...သား " လို့ ခေါ်လို့ ပေါ့။
အမေ က ငါ့ကို "အာကြားပူလား" လို့ ခေါ်တာ။ အဓိပ္ပါယ်တော့ ငါလဲ မသိဘူး။
သူများတွေကို အဖေ အမေတွေက" သားရေ..သားရေ " လို့ ခေါ် ရင် ငါ ပျော်တယ်။
ဆရာမ တယောက်ဘဲ ငါ ကို "သား...သား" လို့ ခေါ်တာ။
တနေ့တော့...ကျောင်း ကပြန်လာ ပြီး အမေ့ကို
"အမေ ရယ် ငါ့ကို အဖေ နဲနဲလောက် ပြပါလား"
"ကျောင်းမှာ ငါကို အဖေ မရှိဘူး" လို့ ပြောကြလွန်းလို့ပါ လို့ ပြောတော့
အမေက...သေတ္တာ ထဲက ဓါတ်ပုံ ထုတ်ပြီး
အဲဒါ "အဖေ" တဲ့လေ။
ယူလိုက်ပြီး ကိုင်ကြည့် တော့
"အာကြားပူလား နဲ့ တူတယ်နော်" တဲ့။ နဲနဲ တော့ ပျော်သလို ဖြစ်ပေမယ့် မပျော်ဘူး။
ချက်ချင်း ဘဲ ငါက "မတူပါဘူး အမေ...ငါက အမေနဲ့ ဘဲတူတာ" လို့ ပြောလိုက်မိတယ်။
"ဟုတ်တယ် အမေနဲ့ တူတာ လို့ " အမေက ပြန်ဖြေတယ်။
"ငါ ခဏ ကြည့် အုန်းမယ်" လို့ ပြောပြီး ငါ ကြည့်နေလိုက်တယ်။
အမေ က "အေးအေး ပြီးရင် ပြန်ထည့်ထားနော်" လို့ ပြောပြီး ထွက်သွားတယ်။
အမေ ထွက်သွားပြီးတာ နဲ့ ဓါတ်ပုံ ကို စာအုပ်ကြား ညှပ်ပြီး လွယ်အိတ် ထဲ ထည့် ထားလိုက်တယ်။
နောက်တနေ့ တော့ အိပ်ရာ ထကတည်းက ကျောင်းသွားဖို့ စိတ်လော နေမိ တယ်။ခါတိုင်းနဲ့ မတူဘူး..ကျောင်းကို အမြန် ရောက်ချင်နေတယ်။အရမ်း ကို တက်ကြွနေတယ်။ ငါမကြောက်ဘူး..လွယ် အိတ်ထဲမှာ သက်သေ ပြဖို့ အဖေ့ ပုံရှိနေပြီ။ တကယ်လို့ ကျောင်းမတက်ခင် ပြောလာရင် အဖေ့ ဓါတ်ပုံ ထုတ်ပြမယ် လို့ စဉ်းစားထားပြီးသား။ ငါမကြောက်ဘူး။ ကျောင်းကို သွားမယ်။
ကျောင်းကို စောရောက်နေပေမယ် ဘယ် သူမှ ငါ့ကို မစဘူး။ သူငယ်ချင်းတွေ ကို တယောက်ပြီးတယောက် ငါ လိုက်ခေါ်ပေမယ့် ဘယ်သူမှ ငါ့ကို မစကြဘူး။ စိတ်ထဲမှာ ငါ ဓါတ်ပုံ ယူလာတာ သိလို့ များလား ဆိုပြီး စဉ်းစားမိသေးတယ်။
ကျောင်းတက် ခေါင်းလောင်းထိုးပြီ။ ဆရာမ ကလဲ ဒီနေ့ ကျမှ အလာ နောက်ကျ နေပြန်ပါပြီ။
ဆရာမလာတော့ ချက်ချင်းဘဲ ..အဖေ့ ဓါတ်ပုံ ညှပ်ထားတဲ့ စာအုပ်လေး ကိုင်ပြီး အတန်းရှေ့  သွားလိုက်တယ်။
ဆရာမ က ငါ့ကိုတချက်ကြည့် ပြီး ကျောင်းသားတွေ ကို နာမည် ခေါ်တဲ့ စာအုပ်ကို ပြန်ကြည့်နေတယ်။
အတန်းရှေ့ ရောက်တာနဲ့ စာအုပ်ကြား ထဲ က အဖေ့ ဓါတ်ပုံကို ထုတ်လိုက်ပြီး
"ဒီမှာ ကြည့်ထားကြ...ဒါ ငါ့အဖေ ကွ" လို့ ပြောလိုက်တယ်။
တတန်းလုံး ငါ့ဆီ ကို လာဖို့ လုပ်ချိန်မှာဘဲ...
"၀ုန်း" ဆရာမ က တုတ်နဲ့ စားပွဲ ကို ရိုက်လိုက်တယ်။
တတန်းလုံး ငြိမ်ကျ သွားတယ်။ ပြီးမှ...ဆရာမ က ဓါတ်ပုံကို ယူကြည့် ပြီး
အားလုံး ကို ပြတယ်။ပြီး တော့.. ငါမှာ အဖေ ရှိကြောင်းနဲ့ အဝေးကြီးမှာ အလုပ်လုပ်နေကြောင်း အားလုံးကို ပြောပြတယ်။ ငါလဲ သူတို့ ကို ပြောပြတာ ဘဲ ငါ့မှာ အဖေ ရှိပါတယ် လို့ သူတို့ ကမှ မယုံဘဲ။ အခုတော့ ဆရာ မကိုယ်တိုင်က ပြောပြပြီ..နောက် အဖေ မရှိဘူးလို့ မပြောရ ဘူးဆိုတာပါ ဆရာမ က ပြောလိုက်သေးတယ်။ အခု ဆိုရင် ဆရာမ ကိုယ် တိုင် ငါ့ဘက်က ထောက်ခံပြီလေ။
ကျောင်းဆင်းတော့ သူငယ်ချင်းတွေ က ငါနားကို ၀ိုင်းလာပြီး ပြန်လာကြည့်ကြတယ်။သူတို့ က ကိုင်ကြည့် ချင် ကြတာ..ငါက ပေးမကိုင်ဘူး ငါကိုယ်တိုင် ကိုင်ထားပြီး သူတို့ ကို ပြတာ...တော်တော် ကြာ ဓါတ်ပုံလေး ဆုတ်သွားလို့ ငါပြစရာ မရှိတော့ ရင် ငါ့ကို ပြန်ပြော ကြမှာ မဟုတ်လား။
ဘယ်သူလာ မေးမေး ငါ့အဖေဓါတ်ပုံကို ထုတ်ပြတာဘဲ..
နောက်ပြီး "ငါ့ အဖေ က နိုင်ငံ ခြားမှာ အလုပ်လုပ်တာကွ" လို့ လဲ ပြောလိုက်တာဘဲ။
ငါလဲ အရမ်းပျော်တယ်...သူတို့ ကလဲ "ဟုတ်လား..ဟုတ်လား" နဲ့ ပြန်ပြောတယ်။
သူငယ်ချင်း တယောက်ဆိုရင် သူ့ အဖေ ကို လဲ နိုင်ငံခြား မှာ အလုပ်လုပ် သွားလုပ်ခိုင်းမယ်လို့ တောင် ပြောသွားတယ်။ ငါ့ ကို အားကျတဲ့ သူတောင်ရှိနေ ပြီ လို့ တောင် ထင်ပြီး ငါပျော်နေ မိသေးတယ်။
ဒါပေမယ့်...အဖေ အဝေးကြီးမှာ အလုပ်သွားလုပ်တဲ့ အခါ... ဘယ် လောက် အောက်မေ့ ရကြောင်း..
သတိရကြောင်း ကို တော့ အဲဒီ သူငယ်ချင်း ကို မပြောလိုက်မိဘူး။
အဲဒီနေ့ က ငါ ကျောင်းက ပျော် ပြီး ပြန်လာတယ်။ အမေ လဲ အစော ကြီးပြန်ရောက်နေတယ်။
ငါပြန်ရောက်ရောက် ခြင်း ဘဲ
အမေ က"သားရေ အမေ ချောင်းထဲ အ၀တ်သွား လျှော်မလို့ လိုက်မှာလား"လို့ မေးတယ်။
ငါလဲ လွယ်အိတ်ကို ပစ်ချပြီး.."အမေ စောင့်အုန်းနော်" ဆိုပြီ အမေ့ ဆီ ကို အပြေးလိုက်သွားတယ်။
အမေ နဲ့ ငါ အတူ ရေချိုးတယ်.....အရမ်းပျော် ဖို့ ကောင်းတာဘဲ။
အမေ က ငါကို ရေကူး သင်ပေးတယ်...။
ငါအမေ ကို အရမ်းချစ်တာ ဘဲ။
ငါလဲ အ၀တ်တွေ ကို ရေဆေးပေးတယ်။
အဖေ့ကို သတိရပေ မယ့်......အမေနဲ့ ငါ ပျော်နေတယ်.....။


ဒီးဒိုး

ဗိုလ်ချုပ်အောင်ဆန်း

သူ...ဘယ်သူမှ မတူသော ဇမ္ဗူတလူ..မယဉ်ဝံ့သော သူလိုလူပေါ့..။





အာဇာနည်ကဆင်းသက်.. ဗိုလ်မင်းရောင်သွေးစက်လည်းဖြစ် တယ်။
နတ်မောက်မှာမွေးဖွား အညာသားလေးလည်းဖြစ်တယ်။
ပျော်ရွှင်လှုပ်ရှား..ငယ်ဘ၀ကလေးရှိတယ်။
ဖြူစင်ရိုင်းစိုင်း..လှိုင်းလို အရိုင်းကလေးလည်းဖြစ်တယ်။
မဟုတ်မမှန် တိုက်ရန်..ကျောင်းသားခေါင်းဆောင်အမှန်လည်း ဖြစ်တယ်။
တက္ကသိုလ်ထုတ်ပယ်ခံ အိုးဝေမဂ္ဂဇင်းအယ်ဒီတာလည်း ဖြစ်တယ်။
ကျောင်းသားသပိတ်ရဲ့ မူလ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌလည်းဖြစ်တယ်။
ဒို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး သခင်အောင်ဆန်း လည်းဖြစ်တယ်
သူရိယမဂ္ဂဇင်း၏ အညာသားလေး ကလောင်နာမည်နှင့် စာရေးသူလည်းဖြစ်တယ်။
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးထူထောင် ဆင်းရဲသားပါတီ၏ မဟာမိတ်အဖွဲ့အတွင်းရေးမှုး ဖြစ်တယ်။.
ဗမာပြည် ကွန်မြူနစ်ပါတီထူထောင် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့တယ်။
ဗြိတိသျှတော်လှန်ပုန်ကန်..ငါးကျပ်နဲ့ ဝရမ်းပြေးသမားလည်းဖြစ်တယ်။
ဂျပန်စစ်သင်တန်းတက်ရောက်ခဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်လည်းဖြစ်တယ်။
(ဘီအိုင်အေ) (ဘီဒီအေ) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှုးကြီးအောင်ဆန်း လည်းဖြစ်တယ်။
ဂျပန်ဧကရာဇ်၏ှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ရ ဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်။
ရွှေရည်စိမ်လွတ်လပ်ရေး လက်ကိုင်ရ စစ်ဝန်ကြီးဘ၀လည်း ဖြစ်ခဲ့တယ်။
ဘီအင်အေတပ်၏ ဦးဆောင်၍ ဖက်ဆစ်တော်လှန်ပြောက်ကျားလည်းဖြစ်တယ်။
‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) ၏ ဥက္ကဌလည်းဖြစ်တယ်။
တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ပင်လုံစာချုပ်ကို လက်မှတ်ထိုးသူဖြစ်တယ်။
လွတ်လပ်ရေးအတွက် အကြမ်းဖက်သည့်နည်း၊ မဖက်သည့်နည်း သို့မဟုတ်
နှစ်နည်းစလုံးကို အသုံးပြုရန် တွန့်ဆုတ်နေမည်မဟုတ် ရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲသူဖြစ်တယ်။.
နိဂုံးမှာ အကောင်းဆုံးတွေ မျှော်လင့်၊ အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်အသင့်ပြင်ဆင်ထားသူဖြစ်တယ်။
ပြည်နယ် ပြည်မ တောင်တန်းဒေသ တစ်ပါတည်းလွတ်လပ်ရေးပေးရန်ကိစ္စ အောင်ဆန်း အက်တလီစာချုပ်ချုပ်ဆိုခဲ့သူဖြစ်တယ်။
မသမာသူတွေ လက်ချက် ဇူလိုင် ၁၉ ရက် လုပ်ကြံသတ်ဖြတ် ခံရသူလည်းဖြစ်တယ်။
တပြည်လုံး တသသ ယနေ့ ထက်တိုင်ချစ်ခင်သူလည်းဖြစ်တယ်။


သူဟာ
စိန်ရွှေ စိတ်မ၀င်စား..ပဲပြုတ်နံပြားစားလို ရိုးသားသူလည်းဖြစ်တယ်။
အခွင့်ထူးမစား ငါးမူးတန်းကဘဲ ရုပ်ရှင်ကြည့်ရဲသူဖြစ်တယ်။
ကြည်ညိုလွန်း၍ လာလှူသော ရွှေငွေကို ငြင်းရဲသူုလည်း ဖြစ်တယ်။
မိန်းမကောင်း၏ ခင်ပွန်း..သမီးကောင်းတစ်ဦး၏ ဖခင်ဖြစ်တယ်။
(သား ၂ယောက်စလုံး သေဆုံးခဲ့ပါတယ်။တဦးကငယ်စဉ် ရေနစ်သေဆုံး
တဦးက သက်ကျားအိုအရွယ် မိန်းမ ထမီကြားထဲတွင်လေမွန်း၍)
အင်းလေးကန် လှေစီးစဉ် ‘လှေကလေးကို လှော်မည် သီချင်းညည်းတွားခဲ့သူလည်းဖြစ်တယ်။
နိုင်ငံကပေးသော အိမ်စုတ်တလုံးကြောင့် သားဆိုးသစ္စာဖောက်တာ ခံရသူဖြစ်တယ်။
အရံမများသော ဖိနပ် အထည်နည်းပါးသောပိုင်ရှင်လည်းဖြစ်တယ်။
ပိန်ပိန်ပါးပါး အတ္တမများ.လောဘမပွါး မောဟ မများသူဖြစ်တယ်။


သူနေခဲ့တာ လူပြည်ထဲမှာ အနှစ် ၃၂
အကယ်၍ အသက်ရှင် ယခု အသက် ၉၅ နှစ်..
သူပေးခဲ့တဲ့ လွတ်လပ်ရေးကို..သူတည်ထောင်တဲ့စစ်တပ်..
မုဒိမ်းကျင့်နေတာ မျက်ရည်များနဲ့  ကြည့်မလား..
အရိုးအပြိုင်းပြိုင်း လက်ချောင်းများနဲ့  ကင်ဒိုဒါး ကိုင်..
ဟယ် ငါမအိုသေးများ ဆိုမလား.သူသည်..
တိုတောင်းသောသူသက်တမ်းမှာ
များပြားစွာတင်နိုင်ခဲ့တာ သူ၏ မှတ်ကျောက်
ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊
ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊
ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊
ရပ်တည်ချက် ခိုင်မာမှု၊
ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊
မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊
ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊
တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊
ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊
နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊
အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု …
စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့်
လူဘ၀ကို ဖြတ်သန်းသွားခဲ့..
ပြည်သူ ၏မျက်ရှု
မြန်မာကချစ်သော ဗိုလ်ချုပ်အောင်ဆန်း...
အာဇာနည်ခေါင်းဆောင်ကြီး..ဦးအောင်ဆန်း
သေသော်လည်း ယခုထိရှင်တာ သူု့ စိတ်ဝိညာဉ်




ဗိုလ်ချုပ်ရာထူးအနောက် မှူးကြီး တတ်ရုံ..ရာထူးပိုမြင့်မားသည်မဟုတ်
ငွေစက္ကူစာသားပေါ် သူမျက်နှာဖျောက်ရုံ ပြည်သူမေ့မည်မဟုတ်.
ဘယ်သူပေးမှန်းမသိတဲ့ ကြေးပြား..ရင်ဘတ်တတ်ထားရုံ သင်သတ္တိရှိသည်မဟုတ်
စိန်ဆင် ရွှေဆင်မှ ဇနီးမယား သမီးသား လူရာဝင်သည်မဟုတ်
ပြည်သူကို နားပိတ် ဘယ်ရေဒီယိုညာနေသည် ပြော၍ ယုံမည်မဟုတ်။
အချင်းချင်းမျှစား.သဲနဲ့ ဆောက်သောတံတားကို ဖွင့်ပြ..အထင်ကြီးကြမည်မဟုတ်။


သမိုင်းသည် သမိုင်း..ရိုးသားဖြူစင်..အမှန်ကို ရေးသည်။
အမဲသည် အမဲ အဖြူသည် အဖြူ..အရောင်ပြတ်သားသည်။
ဝမရှိက ၀ိမဖြစ်..


လူသားတန်းဝင်ချင်….
သင့်မျက်ချေးပြောင်အောင် ဆေးလော့
သင့်သွေးစွန်းလက် ပြောင်အောင်ပေးဆပ်လော့။


လွယ်လုံသခင်မ..။
www.myatlayngon.blogspot.com မှ

မိဘမေတ္တာ ခါးသီးလွန်းလို့လား(၁)..

အဖေနဲ့ အမေရဲ့  လက်ကို တဖက်ဆီ ဟီးလေးခိုရင်း လမ်းလျှောက်လိုက် ခိုလိုက်နဲ့  ပျော်နေတဲ့ ကလေးငယ်ကို တွေ့တော့..ငါ့စိတ်ထဲမှာ ပျော်လိုက်တာ။ ကြည်းနူးလိုက်တာ။ တချိန်ထဲမှာဘဲ အဲဒီ ကလေးလေး နေရာမှာ ငါကိုယ် တိုင် ဟီးလေးခိုလိုက် လမ်းလျှောက်လိုက် ပေါ့။
'သား ရေ သား'
အမေ့ရဲ့  ခေါ်သံကို ကြားလိုက်တယ်။
ငါ့ရဲ့  ပျော်ရွင် ကြည်နူးနေတဲ့ နေရာလေးလဲ ရုတ်တရက် ခေါ်သံ နဲ့ အတူ လွင့်ပျယ် သွားခဲ့တယ်။
"တကယ်ပါ ဘဲ အမေကလဲ ခေါ် ပြန်ပြီ"
လို့ စိတ်ထဲ ကတွေးရင်း ခေါ်သံ လာရာ ဆီ ပြန်လာခဲ့တယ်။ အမှန်တကယ်တော့ အမေ က သူမျက်စိအောက် က ပျောက်သွားတိုင်း ငါ့ကိုခေါ်နေကျလေ။
အမေ့ရဲ့ ဘေးနားမှာ ထိုင်ရင်း မြင်လိုက်ရတဲ့ မြင်ကွင်းလေး ကို ဆက်မြင်ရောင် ပြီး ငါပျော်နေချိန်မှာ ဘဲ ငါ့စိတ်ထဲ မှာ သူ့လို အဖေ၊အမေ နဲ့ လက်တဖက် တချက်ဆီ ဆွဲ ပြီး ဟီးလေး ခိုလိုက် လမ်းလျောက် နဲ့ လျောက်ချင် စိတ် က တားမရ အောင် ငါ့ကို ဆွဲဆောင်ထားတယ်။ အင်း သူလိုတော့ ငါ ဘယ်ဖြစ်နိုင်မှာ လဲ နော်။
ငါ့ အဖေ က ဟိုး အဝေးကြီးမှာ ပိုက်ဆံသွားရှာတယ် လို့ အမေကပြောတာဘဲလေ။ ဒီတော့ အဖေနဲ့ အမေ လက်ကို တွဲ ပြီး ဘယ် လျှောက်သွားနိုင်မှာလဲ နော်။
အဖေ နဲ့ အမေ လက်တွဲ ပြီး မလျှောက် ရ လဲ ဘာ ဖြစ်လဲ အိမ်ရှေ့  တံခါးမကြီးကို သွားစီးမှာပေါ့။ ဒါလဲ စီးလို့ရတာ ဘဲလေ လို တွေးရင်း အိမ်ရှေ့  တံခါးမ ကြီးဆီ ကို လှမ်းလာ စဉ်မှာ ဘဲ
"'ဒါက ဘယ်လဲ" လို့ မေးသံ နဲ့ အတူ အမေ လှည့်ကြည့်တယ်။
"အိမ်ထဲ ၀င်တော့မယ် အမေ ' လို့ ပြောရင်း အမေ့ဘေး က ထွက်လာ ခဲ့တယ်။
'တံခါး သွားစီးမယ'် လို့တော့ မပြောရဲ ဘူး။ အမေ က တံခါးစီးတာ မကြိုက်ဘူးလေ။ ပြောရင်လဲ စီးခိုင်းမှာ မဟုတ်ဘူး။တံခါးကို စီးလိုက် အမေ့ကို ကြည့်လိုက် လုပ်နေစဉ်မှာဘဲ၊ အိမ်မှာ အတူနေတဲ့ အမေ ညီမ က အမေ့ ကို လှမ်းတိုင် သံနှင့် အတူ အမေက "ငါလာပြီ ငါလာပြီ" တဲ့။
မုန်းဖို့ကောင်း လိုက်တာ..ငါ့ဟာ ငါ စီးချင်လို့ စီးတဲ့ ဟာ ကို လှမ်းတိုင်တယ်။ တကယ်တော့ ငါ စီးချင် တဲ့ အဖေ နဲ့ အမေ ရဲ့  လက် ကို ကျတော့ သူတို့ မလုပ်ပေး ဘဲ နဲ့။ အဲဒီ အန်တီ က ပြောသေးတယ် နင်အဖေ ပြန်လာ မှ လုပ်ခိုင်းတဲ့။အဖေရယ် မြန်မြန် ပြန်လာပါတော့။
အဲဒီ အန်တီ က မုန်းဖို့ သိပ်ကောင်းတာ။ သူက ပြောသေးတယ်....ကလေး ကို ချစ်ရင် နာနာ ရိုက်ရတယ်တဲ့ အလို မလိုက်ရဘူး တဲ့။ အမေ က တော့ ငါ့ကို မရိုက်ဖူး ဘူး။အန်တီ ကတော့ ရိုက်ဖူးတယ်။ ရိုက် ရင် လဲ တခါတလေ အရမ်း နာတာ ဘဲ။အဲလို ရိုက်လို့ ရှိရင် အမေ ရုံးက ပြန်လာ တဲ့ အခါ အမေ့ ကို တိုင်ပြောနေ ကျ။အမေ က လဲ တိုင်ပြောတိုင်း "ချစ်လို့ ရိုက်တာ"လို ပြောတယ်။အမေ ပြန်ဖြေတဲ့ အဖြေကို ငါ သိပ်သဘော မကျဘူး။
မှတ်မိသေးတယ်...မိုးတွေ အရမ်းရွာတော့ ငါလဲ မိုးရေ ဆင်းချိုး ရင်း အိမ်ရှေ့  ချောင်းလေး ထဲ ရေဆင်းကူးတာပေါ့။ ဆော့လို့ တောင် မ၀သေးဘူး အန်တီ က ငါ့ ကို ချောင်း ထဲ က ဆွဲ ခေါ် ပြီး ရိုက် တာ ခြေသလုံးမှာ စင်းရာတောင် ထင်တယ်။ အမေ ပြန်လာတော့ ငါလဲ တိုင်ပြောတာပေါ့။ အမေ က ပြောတယ် "သား က မလုပ်နဲ့ ဆို မလုပ်ရဘူး"။
အန်တီ က သားကို ချစ်လို့ စိုးရိမ်လွန်ပြီး သားကို ရိုက်လိုက် တာ လို့ အမေ က ရှင်းပြတယ်။ ငါက သိပ်မကျေနပ်ဘူး။ အမြဲ အမေက ဒီလိုဘဲ ဖြေနေကျလေ။ ဒါနဲ့ ဘဲ ငါ အမေ့ ကို မေးလိုက်တယ်။
"အမေ ကော သားကို မစိုးရိမ်ဘူးလား၊ မချစ်ဘူးလား" လို့လေ။
အမေ က "ချစ်တာပေါ့ သားရယ်" တဲ့။
ငါလဲ အန်တီ ရိုက်တဲ့ ကြက်မွေး ကြိမ်တုတ် ကို ယူပြီ အမေ့ ကို ပေးလိုက် ပြီး
'အမေ သားကို ချစ်ရင် ရိုက်ပါ။ခုရိုက။် " လို့ ပြောလိုက်တယ်။
"သားမှာ အပြစ်မရှိတော့လို့ မရိုက်တော့ဘူး" လို့ အမေ က ပြန်ပြောတယ်။
"သားချောင်းထဲ ဆင်းဆော့ တာ အပြစ်လား" လို့ မေးတော့...အမေ က 'ဟုတ်တာပေါ့' တဲ့လေ။
အမေ ပြောတဲ့ ဟုတ်တာပေါ့ လို့ ပြောပြီး တာ နဲ့ တပြိုင်နက် ငါ အိမ် ရှေ့  ချောင်းထဲ ကို ဆင်းသွားတယ်။
အမေ ဘာမှ မပြောဘူး ငါ့ကို ကြည့်နေတယ်။ တကိုယ် လုံး စို ရွဲ သွားအောင် ငါ ဆော့လိုက်ပြီး အမေ့ဆီ ကို ပြန်လာ ပြီ တော့ "ရိုက် ခု ရိုက်တော့" လို့ ပြောတယ်။
အမေ က ဟုတ်ပြီဟုတ်ပြီ "လာခဲ့...." ဆိုပြီးတာ"ရွမ်း" ဆို သံ နှင့် အတူ ငါ ခြေသလုံး လဲ ပူသွားတယ်။
နာလိုက်တာ လဲ အရမ်း ဘဲ။ စပ်လဲ စပ်တယ်။
အစင်းရာ ကြီးက လဲ အကြီးကြီး ဘဲ။ နီရဲနေတာဘဲ။ ဒါပေမယ့်

ငါ မငိုဘူး။ မျက်ရည် မကျဘူး။
ဒါပေမယ့်
အမေ ငိုတယ်။ အမေ မျက်ရည် ကျတယ်။ ပြီးတော့ ငါကို အမေ အ၀တ်အစား လဲ ပေးတယ်။
ပြီးတော့ အမေ က ပြောတယ်။
"သား ရယ် နောက်တခါ မလုပ်ပါနဲ့တော့ နော်"
"သား က အသားနာပေမယ့် အမေက အသဲနာတယ်"
လို့ ပြောတယ်။
ပါးစပ် က မပြောပေမယ့် ငါ ခေါင်းညိတ် ခဲ့တယ်။ အမေ ပြောတဲ့ စကား ငါ ကောင်းကောင်းနား မလည်ဘူး။
ပြီးမှ
"အမေ ရိုက်တာ သိပ်နာတာ ဘဲ"
"အမေ က အန်တီ ထက် သားကို ပိုချစ်လို့ပေါ့နော်"
"''ဒါပေါ့ သားရယ်"
"အမေ က အချစ်ဆုံး" လို့ ပြောတယ်။

ခြေထောက် ကနာ တယ်..ဒါပေမယ့်
ငါ့ စိတ်ထဲ မှာ လဲ ပျော်နေသလိုဘဲ။ "အမေ က ငါ့ကို အချစ်ဆုံးတဲ့လေ"။ ပြီးတော့ အမေ့ မျက်နှာကို ငါ့ဘက် ဆွဲ လှည့်ပြီး
"အဖေ ဘယ်တော့ ပြန်လာမှာ လဲ" ဟင်လို့ မေးတော့ ငါ့ ကို ဖက် ပြီး အမေ ငိုပြန်ရော။
အမေ ငိုတော့ ငါ လဲ ငိုချင်လာတယ်။ ငါအောင့် ထားတယ်။
ယောက်ကျား ဆိုတာ မငိုရဘူးတဲ့။ အမေ ငါ့ကို ပြောဖူးတယ်လေ။ ငါဟာ ယောက်ကျား ဘဲလေ။
ပြီးတော့
"အမေ ရုံးသွားတဲ့ အခါ အဖေနဲ့ ဆို ချောင်းထဲ သားအ၀ ဆော့ရမှာပေါ့" လို့ ဆက်ပြောတယ်။
အမေ က ကတိပေးတယ်...။အမေ နဲ့ မှ ချောင်း ထဲ ဆင်းဆော့ ရမယ် တဲ့။
နောက်ဆို ငါချောင်းထဲ ဆော့ချင်ရင် အမေ့ကို စောင့် လိုက်ရုံ ဘဲ။
ဒါပေမယ့် အဖေ ဘယ်တော့ ပြန်လာ မယ်ဆိုတာ မဖြေခဲ့ဘူး။
အဲဒီ ည ငါအမေ နဲ့  အတူ အိပ်ရတယ်။
ငါပျော် လိုက်တာ....ငါ့အိပ်မက် ထဲမှာ
အဖေနဲ့ အမေ လက်ကို ဟီးလေးခိုရင်း လမ်းလျှောက်တယ်။
ငါပျော်လိုက်တာ။.....

Monday, April 5, 2010

ခွင့်ပေးပါ။

ဘာတွေဘဲ လုပ်လုပ်
ရင်ဆိုင်နေရတဲ့ သံသယမျက်လုံးတွေကြားမှာ
ရှင်သန်ခွင့်လေးတော့ပေးပါ...လုပ်ပိုင်ခွင့်လေး။

ဘယ်လောက်ဘဲ ချစ်ချစ်
ပြင်ဆင်စရာ ရှိခဲ့တဲ့ ကိုယ့်အချစ်တွေမှာ
ပြင်ဆင်ခွင့်လေးပေးပါ....ပြင်ပိုင်ခွင့်လေး။

ဘယ်လောက်ဘဲ မျှော်မျှော်
ပြန်မရောက်တော့မယ် သူတယောက်ကို
မြင်ယောင်ခွင့်လေးတော့ ပေးပါ...စိတ်ကူးခွင့်လေး။

ဖြူစင်သန့်ရှင်း ချစ်ပေါင်းများစွာ
နာမည်နဲ့ မလိုက် ရေတိမ်မှာ နှစ်ခဲ့ သလား..
ချစ်ခွင့်လေးပေးပါ....ပြန်ချစ်ခွင့်လေးဘဲ ပေးပါ..


ဒီးဒိုး
၀၅၊၀၄၊၂၀၁၀