Tuesday, August 31, 2010

အမေ။

အမေ

ဘ၀တစ်ခု အစ

လောကရဲ့ လှည့်ကွက်အောက်

သားတို့ လည်စင်းခံဖို့

မွေးလာတာတော့ မဟုတ်ဘူးနော် အမေ။


ရှင်ခြင်းနဲ့ သေခြင်း

ကျောနဲ့ ရင် လို

ဟိုဘက်ဒီဘက်

နီးလွန်းနေတော့

နေရတဲ့ခဏ

မိုးခါးရေ မသောက်တော့ဘူးနော် အမေ။


မတရားမှုတွေ ကြီးစိုးတဲ့ ရာစုလား

ကြီးနိုင် ငယ်ညှင်းလုပ်မယ်

အားကြီးသူ သာစတမ်း

အားနည်း သူဘက်တော့

တယောက်တည်းပေမယ့်

သားတို့လည်း ရှိသေးတယ် အမေ။


သူတို့အမြင်

ရှုံးနှိမ့်နေသူ ဖြစ်ပါစေ

အမေ မငိုနဲ့

အမေ ဆန္ဒ ရည်ရွယ်ချက်မှန်လို့

သားတို့ဘက်က နိုင်ပါတယ် အမေ။


မုသားမပါ လကာၤမေခ်ာတဲ့လား

လကာၤ အေခ်ာလဲ ရိွေစေတာ့

မတရားမှု ရှင်သန် မကြီးထွားဖို့

သားတို့ရဲ့ စာမှာ မုသားမပါအောင် ရေးလို့

ဒီခရီး ရှေ့ဆက်တိုးမယ်

ခရီး ပန်းတိုင်ရောက်အောင်ပေါ့ အမေ။


ဒီးဒိုး။
၀၈၊၀၈၊၂၀၁၀။

Friday, August 27, 2010

ညီလေး(၄)

ညီလေး ခိုင်ပီး
အစ်ကို ဂွမ်ဒိန်း ကို မင်းသိမှာတော့ မဟုတ်ဘူး။ အစ်ကို ဂွမ်ဒိန်း နဲ့ အစ်ကိုတော့ အလုပ်တော်တော် များများလုပ်ဖူးတယ်။အစ်ကိုတယောက်လဲ ဖြစ် ဆရာလဲ ဖြစ်ဆိုမမှားဘူး။ဟိုတနေ့ က အစ်ကို ဂွမ်းဒိန်း ဆုံးပြီလို့ကြားတော့ တော်တော်လေး တုန်လှုပ်သွားခဲ့ရတယ်။ တဆက်တည်းဘဲ ဘယ်သူမဆို အချိန်မရွေး သွားရမယ့်လမ်း ကို ရောက်ရင် ငြင်းပိုင်ခွင့် မရှိဘူး။ တဆက်တည်းဘဲ ကိုယ့်ကို ကိုယ် ပြန်စဉ်းစားကြည့်တဲ့ အခါ လုပ်လို့မပြီးသေးတဲ့ အလုပ်တွေ အများကြီးရှိနေသေးတာ တွေ့ရတယ်။ အသက်ရှင်စဉ် ခဏလေး လုပ်နိုင်ခွင့် ကြုံတုန်း အကောင်းဆုံးလုပ်ပါ။ ဟိုတခါ ညီလေးဆီ ဖုန်းဆက်တော့ အမေနား မှာနေပြီး လုပ်ကျွေးပြုစုချင်တယ် ပြောတော့ တော်တော် ဝမ်းသာတယ်။ ဒါပေမယ့် အစ်ကို ရော ညီလေးပါ အမေ့ကို အနီးကပ် လုပ်ကျွေးဖို့ ခွင့်မရှိဘူး။ ဒီတော့ ဘာလုပ်ပေးနိုင်မလဲ။ အစ်ကိုတို့ အဝေး က နေပြီး အမေလိုချင်၊ဖြစ်စေချင်တာတွေ ကို လုပ်ကြမယ်လေ။ ဒါလဲ အမေကို လုပ်ကျွေးပြုစုတာဘဲ မဟုတ်လား။အနီးကပ် မဟုတ်ပေမယ့် အဝေးမှာ အမေဖြစ်စေချင်တာ၊လုပ်စေချင်တာတွေ လုပ်နေရင် အမေ စိတ်ချမ်းသာမယ်လေ။ဒါလဲ အမေ့ကို လုပ်ကျွေးပြုစုတာဘဲပေါ့။ တို့ ညီအစ်ကို က အများထက် အများကြီးကံကောင်းတယ်။တို့မှာ ခေါ်စရာ အမေရှိသေးတယ်၊အမေ့ကို ခြေဆုပ်လက်နယ် မပြုစုနိုင်ပေမယ့် အဝေးကနေ အားပေး ပြုစုနိုင်သေးတယ်။ဒါဟာ လဲ တို့ညီအကို ရတဲ့ အခွင့်အရေးဘဲ။ တချို့တွေဆိုရင် အမေလို့ ခေါ်စရာရှိဘူး။အမေကို အနီးကပ်မပြောနဲ့ အဝေးကလည်း မပြုစုနိုင်ဘူး။ဝေးဝေးကြည့်စရာ မလိုဘူး။ တို့ညီအကို မှာ အဖေ ကို အနီးကပ် မပြောနဲ့ အဝေးကနေတောင် မပြုစုနိုင်ခဲ့ဘူး။ပြုစုခွင့်လည်း မရှိခဲ့ဘူး။တို့အမကြီး ထက် စာရင် တို့ညီအကို နှစ်ယောက်က အမေ ကို ပိုပြုစုလုပ်ကျွေးခွင့်ရှိတယ်။တို့ခွင့်ရှိတာ အမေကို အဝေးက ပြုစုလုပ်ကျွေးဖို့ဘဲ။ ရရှိတဲ့ အခွင့်အရေးကို လက်မလွတ်စေနဲ့ ဒီတော့ ညီလေး အမေ နဲ့ အဝေးမှာနေပေမယ့် အမေမျှော်လင့်တာ ရအောင်လုပ်ယူပေးခြင်းအားဖြင့် အမေ့ကို လုပ်ကျွေးပါ။ အမေ့တွက် မပူပါနဲ့။တကယ်တော့ တို့ ညီအကို မရှိခင်ကတည်းက အမေ တယောက်တည်း ရင်ဆိုင်နေခဲ့တာ မမေ့နဲ့။ဒီနေ့ထိ အထောက်အပံ့ မလိုဘဲ အမေ ရပ်တည်နေနိုင်တာ ညီလေးလည်း အသိဘဲ။ လိုအပ်ရင် အမေကတောင် တို့ညီအကို ကို ပြန်ထောက်ပံ့နေတာဘဲလေ။ဒီတော့ တို့ညီအကို အဝေးမှာနေပြီး အမေ့တွက် မစိုးရိမ်စေချင်ဘူး။အဝေးမှာ နေပြီး အမေ့ကို စိတ်ချမ်းသာ အောင်ထားနိုင်ရင် အမေ့ကို လုပ်ကျွေးပြုစုတာနဲ့ အတူတူဘဲ။ ဒီနေ့ တို့ညီအကို အဝေးမှာ နေနေပေမယ့် အမေ တဖွဖွမှာတာ က တို့ညီအကို ကျန်းမာရေးဂရုစိုက်ဖို့ နဲ့ အလုပ်ကြိုးစားဖို့ဘဲ မဟုတ်လား။တစ်ခုခု လုပ်တော့မယ် ဆိုရင် အမေ့ကို အရင်စဉ်းစားစေချင်တယ်။လူတွေမှာ မတူညီတဲ့ အခွင့်အရေးတွေ အညီအမျှရှိတယ်။တချို့ ကကောင်းစွာ စားရမယ့် အခွင့်အရေး။တချို့က ကောင်းစွာဝတ်ရမယ့် အခွင့်အရေး စသည်ဖြင့်ပေါ့။ညီလေးလည်း သတိထားမိမှာပေါ့။ တချို့ဆိုရင် အဝအပြဲ စားသောက်ကြပေမယ့် ကောင်းကောင်းမွန်မွန် မဝတ်စားနိုင်ကြဘူး။တချို့ ကျပြန်တော့ ကောင်းကောင်းမွန်မွန် ဝတ်စားထားပြီ ဖြစ်သလိုစားသောက်နေတဲ့ ဘဝတွေလေ။ဒီလိုဘဲ တို့ ညီအကို မှာက အမေကို အနီးကပ် ပြုစုခွင့်မရှိသေးဘူး။ရှိပါစေလို့ မျှော်လင့်ယုံဘဲရှိတယ်။ဒီတော့ အဝေးကနေ အမေ့ကို လုပ်ကျွေးပြုစုကြရအောင် အမေ စိတ်ချမ်းသာ ပျော်နေမှာပါ ညီလေး။ညီလေး အခြေခိုင်ပြီ ဆိုရင် အကို အမေ့နား ကို ပြန်တော့မယ်။ ဒီတော့ အမေကို ညီလေး ဖြစ်ချင်သလို အမေ့ကို အနီးကပ်ပြုစု နိုင်မယ်။ ညီလေး ကြိုးစားပါ။ အချိန်ရှိတုန်းလေး ကြိုးစားပါ။
အချိန်.....အချိန်နဲ့ ပတ်သက်ရင် ဟိုငယ်စဉ်ကတော့ သိပ်ဂရုမထားမိသလိုဘဲ။ ဒီနေ့တော့ အချိန် ကိုအသုံးချပြီး ကိုယ်လိုရာကို လုပ်ဆောင်ဖို့ အဓိက လိုအပ်တာ အချိန်ဘဲညီလေး။ အချိန် ၅မိနစ် ၁၀ မိနစ် လောက်ရှိရင် ကို ဘဲ ဘာမဆိုဖြစ်နိုင်သလိုဘဲ ညီလေးရေ။အတွေ့အကြုံ တစ်ခုပြောပြမယ်။ ဟိုအရင်အလုပ်မှာတုန်းက အကို လုပ်တဲ့ စက်ရုံမှာ မီးပျက်သွားတော့(black start) မီးစက်က မလည်ဘူး။ ဒီတော့ အကို လည်း အပြေးသွားကြည့်တာပေါ့။ ခဏနေတော့ မီးပြန်လာပါတယ်။ ၅မိနစ် လောက်ဘဲ ကြာမယ်ညီလေး။ အဲဒီ အချိန်မှာ အစ်ကိုရဲ့ အထွေထွေ မန်နေဂျာ က စက်ရုံ ထဲရောက်လာပြီး အကို ကို လုပ်စရာ ပြီးရင် သူရုံးခန်း ကို လာဖို့ ပြောတယ်။ ကိုယ်လည်း သွားတာပေါ့။ အဲဒီမှာ မန်နေဂျာရဲ့ အချိန်ပေါ်တွက်ချက်မှုက ဒီလိုလေ။ မီးပျက်သွားတဲ့ ၅မိနစ် မှာ အလုပ်သမား တွေကို အကို က အလုပ်မပေး နိုင်ခဲ့ဘူးလေ။ မန်နေဂျာက မီးပျက်တာ ဘယ်နှမိနစ်လဲ အကို ကလည်း ၅မိနစ်လို့ ဖြေတယ်။ ဟုတ်ပြီ အလုပ်သမား ဘယ်နှယောက်လဲ။အကို က လည်း ၁၀ဝ လောက်လို့ ဖြေတယ်။ ဒီတော့ အယောက်၁၀ဝ နဲ့ ၅မိနစ်ဆိုတော့ မိနစ်၅၀ဝ ပေါ့။ ဟုတ်ကဲ့ လို့ အစ်ကို လဲဖြေတယ်။
မင်းရဲ့ တနေ့လုပ်ခ ဘယ်ဘောက်လဲ ၄၀ ပါ။ဒါဆို မိနစ်၅၀ဝ ဆိုတာ မင်းရဲ့ ၁ ရက်လုပ်စာရှိတယ် လို့ ရှင်းပြတယ်။ သူရစ်ချင် လို့ဘဲ ပြောပြော၊ တမင်းရှာကြံ ပြီး အပြစ်တင်ချင်လို့ ပြောပြော အမှန်တော့ မိနစ်တိုင်းရဲ့ ပိုက်ဆံကို သူတွက်ပြသွားတယ်။ ဒါကတော့ စီးပွားရေး သမားရဲ့ အချိန်ပေါ်မှာ ပိုက်ဆံတွက်ယူ တဲ့ပုံပေါ့။
ဒီလိုပါဘဲ ဒေးဗစ်ဘက်ခမ်း ကို ဖရီးကစ် ကန်ကောင်းတာ ကမ္ဘာကျော်တာ ညီလေးလဲ သိမှာပေါ့။ အကို မှတ်ဖူးတာတော့ သူအကြောင်းဖတ်ဖူးတာတော့ သူက ဘောလုံးကန်ပြီးသွားတိုင်း ၁၅မိနစ်လောက် မပြန်သေးဘဲ ဖရီးကစ် ကန်ကျင့်တယ်လို့ မှတ်ဖူးတယ်။၁၅မိနစ်ကို အသုံးချပြီး ကမ္ဘာ့ကောင်းဆုံး ဖရီးကစ်ကို ရအောင်ယူတာပေါ့။ဒါလဲ ဘောလုံးသမား တယောက်ရဲ့ အချိန်ပေါ်မှာ ကျွမ်းကျင်မှု ရှာယူတာဘဲပေါ့။
ဒီတော့ ညီလေးရေ ဘယ်သူမှာ မဆို အချိန် ၅မိနစ် ၁၀မိနစ်လေးတော့ ရှိတယ်။ အဲဒီ ၅မိနစ် ၁၀ မိနစ်လေးကို ကိုယ် လိုချင်တဲ့ အရာ ဖန်တီး နိုင်အောင် လုပ်ယူ ရမှာတော့ ညီလေး ကိုယ်တိုင်ဘဲ ဖြစ်တယ်.။

အကိုကြီး
ဒီးဒိုး။
၂၉၊ဝ၇၊၂၀၁၀။

Thursday, August 26, 2010

လူ..။

ရေစုန် နေလို့
ပြောကြတာလား...။

ငါ့ပန်းတိုင် က တောင်ဖက်အရပ်မှာလေ။

လွန်ခဲ့ ရေတံခွန် စုန်ကာဆင်းတော့
မင်းဟာ လူမိုက် တဲ့။

လေပြေပြေ ရေစုန်လို့ ပျော်တော့
ရေစုန်ကို လိုက်တယ်တဲ့။

သြော်.....လူ။

ရေစုန်ကို လိုက်ရအုန်းမှာပေါ့
ပန်းတိုင် က တောင်ဖက် အရပ်မှာလေ။

ဒီးဒိုး။
၁၇၊၀၈၊၂၀၁၀။

ရင်လှိုင်းခတ်သံ

မင်းတွက်
မလှပေမယ့်
အလှဆုံး ကို ရွေးချယ်
ဖူးပွင့် စေလို့ ပေးအပ်ခဲ့တာပါ။

သူရဲကောင်း မဖြစ်တောင်
လောကကြီးကို ရင်ဆိုင်ဖို့
အားမာန်အပြည့်နဲ့လေ.။

အတိတ်ဆိုတာ မရှိရင်
ခွင့်လွတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ယုံကြည်ဖို့လဲ ဖြစ်လာမှာ မဟုတ်ဘူး။

လှမ်းလို့ သာ လာခဲ့ပါ
အသာယာဆုံး
ရင်လှိုင်းခတ်သံတွေနဲ့
ရင်ဖွင့်လို့ ကြိုနေချင်တယ်။


ဒီးဒိုး။
၁၈၊၀၈၊၂၀၁၀။

Friday, August 13, 2010

ချစ်သူ။

ချစ်သူ....တကယ်လို့များ တောင်ပံတစ်စုံသာ ရခဲ့မယ်ဆို...ဘယ်ဆီဘယ်ဝယ် မှန်းမသိတဲ့ ချစ်သူရှိရာ တောင်ပံဖြန့်ကျက်လို့ လိုက်လာချင်တယ်။
...............ဟိုး....အဝေးကြီးမှာ တယောက်တည်း အားငယ်တဲ့အခါ ဟိုအရင် ခိုဝင်ခဲ့ဖူးတဲ့ ဒီလူရင်ခွင်ကို သတိရနေမလား။
အားငယ်တတ်တဲ့မင်း တယောက်တည်း မျက်ရည်ဝဲနေမလား.။ မျက်ဝဲနေချိန် မင်းတမ်းတသူဟာ ဒီလူများဖြစ်မှ ဖြစ်ပါလေစ။
အဓိပ္ပါယ်မရှိတာ၊ အမှန်တကယ် မဖြစ်သေးတာတွေကို တွေးတွေးပြီ ကြေကွဲတတ်တဲ့မင်း...ဒီလူရင်ခွင်ထဲမှာ ပွေ့ဖက်ထားပြီး နှစ်သိမ့်ပေးချင်စိတ် မကုန်သေးဘူး။
ထိခိုက်ကြေကွဲလွယ်တဲ့ မင်း၊အထိခိုက်မခံ တဲ့မင်း တစိမ်းတရံတွေကြားမှာ ဘယ်လိုနေထိုင်မယ်ဆိုတာ သိချင်လိုက်တာ။ သိခွင့်လေး ပေးပါ။
တခါတလေလည်း အားငယ်တတ်တဲ့မင်းအတွက် ဘေးမှာအားပေးမယ့် အဖော်ရှိသင့်တယ်လို့ ထင်မှတ်ပေမယ့် အဝေးမှာ ရှိတဲ့ ငါ အဲဒီ အားပေးမယ့်သူ ဖြစ်ချင်နေခဲ့တယ်။
ကလေးငယ် တယောက်လို ဆိုးနွဲ့တတ်တဲ့မင်း....မင်းရဲ့ ဆံနွယ်တွေကို ပွတ်သပ်ချော့မြူရင်း ခွင့်လွတ်နေချင်သေးတယ်။
မင်းရဲ့ကြောက်ရွံ့ စိုးငယ်စိတ် တွေကို ငြိမ်းသတ်ပေးချင်စိတ် မကုန်သေးဘူး ချစ်သူ။
မင်းရဲ့နိုင်ယူချင်တဲ့စိတ် နဲ့ အနိုင်ယူတတ်တဲ့မင်း ကို အရှုံးပေးရင်း မင်း ကို အနိုင်ပေးချင်တဲ့ စိတ်လဲ မကုန်နိုင်သေးဘူးချစ်သူ။
အခွင့် သာရှိသေးရင် ကုန်းပိုးဖို့ အမြဲတောင်းဆိုတတ်တဲ့ မင်းကို ကုန်းပိုးရင်း ကမ္ဘာတပတ်လောက်တော့ သွားချင်သေးတယ်။
ချစ်သူရေ..ရင်ခွင်သစ်မှာ အးငယ်မှုတွေနဲ့ ငိုကြွေးနေတုန်းလား။
ဝမ်းနည်းမှုတွေတိုင်းကို အရင်လို အားပေးနှစ်သိမ့်မှုတွေ၊ကျေနပ်မှုတွေရော ရနေမယ်လို့ မျော်လင့်တယ်။
တကယ်တော့ စိတ်ကြမ်း၊ကိုယ်ကြမ်း နဲ့ ငါ...မင်းအတွက် အနူးညံ့ဆုံး၊အသိမ်မွေ့ဆုံး ပေးဆပ်ခဲ့တယ်ဆိုတာ သံသယမရှိစေချင်ဘူး ချစ်သူရယ်။
အရင်ကတော့ တစိမ်းတရံတွေကြား သိမ်ငယ်နေမယ် ဆိုပြီး စိုးရိမ် ပူပန်ရတယ်။
ခုတော့လဲ ရင်ခွင်သစ်မှာ စိတ်ကျေနပ်မှုတွေ၊ပျော်ရွင်မှုတွေ ရပါ့မလား လို့ ပူပန်ပြန်ရော။
ချစ်သူရေ..မပတ်သက်၊မသက်ဆိုင်ကြတော့ ပေမယ့် ဖွင့်ဖွင့်ကြည့် မိတဲ့ မင်းရဲ့စာ၊ ခိုးခိုးကြည့်မိတဲ့ မင်းဓါတ်ပုံတွေနဲ့ ငါလေ ကိုယ်ကျင့်တရားတွေ ပေါက်ပျက်နေရပြီ။

ချစ်သူရေ......ရင်ခွင်သစ်၊နေရာသစ် မှာ အဆင်ပြေရဲ့လား။
ချစ်သူရေ..ငါ့ လက်သည်း၊ခြေသည်းတွေလဲ ရှည်နေပြီ။
ထိုအတူ ငါ့ ဆံပင်တွေလည်း ညှပ်ခိုင်းမယ့်သူကို မျှော်နေလေရဲ့။
အရင်တိုင်း ငါဟာ မင်းမကြိုက်တဲ့ လမ်းသရဲ ပုံစံ အတိုင်း ဘဲ ဒါပေမယ့်
စွဲလမ်းတတ် တမ်းတတတ်တာက လွဲလို့ပေါ့။
အရင်လို အပြုမပြင် မပြောင်းလဲ တဲ့ အကျင့်တွေရောပေါ့။
ချစ်သူရေ ..နုတ်ခမ်းမွေးနဲ့ မုတ်ဆိတ်မွေးတွေလဲ မင်းမကြိုက်တဲ့ အတိုင်း အတိုင်းအဆမဲ့စွာ...။
ငါရဲ့အသားအရေ တွေလဲ မွဲခြောက်လို့ ပြန်မလာတော့မယ့် မင်း...ဂရုစိုက်ပေးမယ့် မင်းကို မျှော်နေလေရဲ့။
ချစ်သူရေ..စိတ်ကြမ်း၊ကိုယ်ကြမ်း နဲ့ ငါလောက အလယ်မှာ ဘယ်လိုမှ အဆင်အပြေဘူး။
မငိုတတ်ပေမယ့် မျက်ရည်ဝဲလို့ မင်းရဲ့ အကြင်နာကို တမ်းတနေတတ်ခဲ့ပြီ။

ချစ်သူရေ.......

ဟိုတုန်းက လို မင်းအရင်ချစ်သူနဲ့ သွားခဲ့တဲ့ နေရာတွေကို သွားချင်သေးလား။ လိုက်ပို့ မယ့်သူကော ရှိရဲ့လား။
အတူစား ခဲ့ဖူးတဲ့ မြေနီကုန်း က ထမင်းဆိုင် ကို သတိရဲ့လား။
မင်းနဲ့ အတူ ယိုးဒရား သင်္ဘောသီး သုတ် စပ်စပ် လေးကို မကြိုက်ပေမယ့် မင်းသာ ရှိသေးရင် အတူစားချင်သေးတယ်။
ကန်ဘောင်မှာ အကြော်မှာထားပြီ အကြောင်းပြချက်မရှိ ပြန်တော့မယ် လုပ်အုန်းမှာလား။
ငါ့ထက် ပိုချစ်တယ် ဆိုတဲ့ မင်းချစ်သူသစ်က တကယ်ပိုချစ်ရဲ့လား။
မပိုရင်လည်း ငါ့ထက်တော့ မလျော့ဘူးလို့ ထင်ပါတယ်။

သူက မင်းကို ကုန်းပိုးပြီး လျောက်ခေါ်သွားရဲ့လား။ ရေကူးရော သင်ပေးရဲ့လား။ မိုးရေတွေထဲ မင်းတယောက်တည်းတော့ မထားခဲ့ပါဘူးနော်။
မင်းကို နွေးထွေးမှုတွေနဲ့ ပွေ့ဖက်ထားရဲ့လား။ မင်းသွားချင်တဲ့ နေရာကို လိုက်ပို့ ရဲ့လား။ ချိန်းတဲ့ နေရာကို အချိန်မီမှရောက်လာရဲ့လား။ လိုင်းကား ကို အတူတိုးစီးရဲ့လား။မင်းမေးတဲ့ မေးခွန်းတွေကို ကောင်းကောင်းပြန်ဖြေရဲ့လား။ မင်းအပေါ်မှာ စိတ်ရှည်ရဲ့လား။ မင်း ပေါက်ကရတွေ လျောက်ပြောတဲ့ အခါ နားထောင်ရဲ့လား။ချစ်သူ ဆံပင်သွားဖြောင့် ဖြစ်သေးလား။တယောက်တည်းလား။လိုက်စောင့်ပြီး ဗိုက်ဆာရင် ဝယ်ပေးဖို့ အဆင့်သင့်ဖြစ်နေရဲ့လား။
ချစ်သူရယ် မင်းကို စိုးရိမ်တာ တစ်ခုတည်းပါ။

ချစ်သူ...ဒီဇင်ဘာဆို ပြန်တော့မယ်..။မှတ်မိသေးရဲ့လား။ ဒါမှမဟုတ် အသစ်တွေနဲ့ ဒီဇင်ဘာ အသစ်မှာ အတွေ့အကြုံ သစ်တွေရနေလား။ဒါမှမဟုတ် နေရာဟောင်းမှာ
ချစ်သူသစ်နဲ့ အတွေ့အကြုံ အဟောင်းကို အမှတ်ရနေလား။ နှ နှစ်ဆိုတဲ့ အချိန်ဟာ မများလွန်းပေမယ့် မင်းချစ်သူ သစ်ရသွားတာတော့ မြန်ဆန်လွန်းပါတယ်။ အပြစ်ဆိုတာ မဟုတ်ပါဘူး။ မင်းလဲ အတွဲတွေ မြင်ရင် အားကျနေမှာ သိပ်သိတာပေါ့။အားငယ်တတ်တဲ့ မင်း တစိမ်းတရံ ကြားမှာ အားကိုးတော့ ရှာမိမှာပေါ့။
အမှန်တော့ မင်းနဲ့ အနီးဆုံးမှာ နေမပေးနိုင်တဲ့ ငါ့အပြစ်တွေပါဘဲလေ။ ချစ်သူရေ မင်းနဲ့ ပြန်ဆုံချင်တယ် ဆိုပေမယ့် မင်းနဲ့ ခွဲခွာ ရမယ့် ခံစားချက်တွေကိုတော့ မလိုချင်တော့ဘူး။ မင်းကို ပေးထားတဲ့ ဂတိတွေ တည်နိုင်အောင် ကြိုးစားနေတယ် ချစ်သူ။

ချစ်သုရေ...မလွမ်းတော့ဘူးဆိုပေမယ့် ရင်ထဲမှာတော့ ခပ်နွေးနွေးလေး၊ အတိတ်ကြောင်းတွေ လတ်ဆတ်နေဆဲဘဲလေ။ အသစ်တွေရ သွားသည့်တိုင်အောင်ရင်မှာ စိုးရိမ်စိတ်တွေနဲ့ ပူပန်နေဆဲဘဲ။ မသင့်လျော်ဘူးဆိုတာတော့ သိပ်သိတာပေါ့။ ဒါပေမယ့် ဘယ်အကြောင်းရယ်ကြောင့် စိတ်ကူးတွေထဲ ရောက်ရောက်လာရတယ်။ သတိရနေပေမယ့် မရသလို ဟန်ဆောင်နေရတာ ပင်ပန်းလိုက်တာ ချစ်သူရယ်။ တကယ်တော့ ဒီလိုဖြစ်လာမယ် ဆိုတာ သိရဲ့ သားနဲ့
အစွဲလမ်းကြီးနေမိတာ လေ.။ ဘာကြောင့် ကွဲခဲ့ရတယ်ဆိုတာ တို့နှစ်ယောက်ထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။မဟုတ်သေးဘူး မင်းထက် ငါလည်း ပိုမသိနိုင်ဘူး။
ဘယ်လိုဘဲ ဖြစ်ဖြစ် ခဏတာ နားခိုခဲ့တဲ့ ဒီရင်ခွင်ထဲ မင်းရဲ့ ပုံရိပ်တွေ ပယ်ဖျက်လို့ မရဘူးချစ်သူရယ်။
မင်းနားခို ခဲ့တဲ့ အခိုက်အတန့် မင်းပျော်ခဲ့၊ကြည်နူးခဲ့မယ်ဆ်ုဒီလူရင် ပျော်နေပါတယ် ချစ်သူရေ။
ဒီလူ ပျော်နေပါတယ်။ ပျော်နေပါတယ်။....ချစ်သူ။


ဒီးဒိုး။
၇၊၈၊၂၀၁၀။

စံပယ်ပန်း သည်...။

ပန်းစံပယ်
လှိုင်လှိုင်ပွင့်ခါပေါ့
ဝမ်းရေးရယ် တကယ်မလွယ်တာကြောင့်
အညှာကိုဖောက် စီကာသီကုန်းကာပ
ဖြူစင်တဲ့ ပန်းစံပယ်ကုံးကိုလှ
အလှဆုံးကို ဘုရားမှာတင်လို့
ကျန်တာကို နှမြောတသစွာဖြင့်
လမ်းလှည့်ကာ ရောင်း။


ဒီးဒိုး။
၁၀၊၀၈၊၂၀၁၀

Friday, August 6, 2010

ချစ်သူ....

ချစ်သူ..
မသက်ဆိုင်တော့ဘူး လို့ သိလိုက်ရချိန်မှ မင်းကို လိုချင်ပိုင်ဆိုင်မှုတွေ ရင်ထဲမှာ ပြည့်နှက်နေခဲ့တယ်။ပို၍ မင်းကို ချစ်တယ်ဆိုတာ ဝန်ခံပါရစေ။ ငါ့ရဲ့ အသိကို လက်မခံ နိုင်ခဲ့ပေမယ့် တကယ် ကိုယ်တိုင် မြင်တွေ့ရတော့ ငါ့ရဲ့ မျက်လုံးကိုတောင် မယုံချင်ဘူး ချစ်သူရယ်။ တံခါး ပေါက်ကို ဖွင့် ဟိုးအဝေးကြီးကို ငေးကြည့်ပြီး မမြင်နိုင်တဲ့ မင်းပုံရိပ် အစား ကောင်းကင် ကိုကြည့်တော့ ပျော်ရွင်နေမယ့် မင်းမျက်နှာဘဲ မြင်ယောင်နေတယ်။ ဝိုးတဝါးပါဘဲ...တကယ့်ကို ဝိုးတဝါးလေးပါဘဲ။ မျက်လုံးတွေ ဇွတ်မှိတ်လို့ တိမ်တိုက်ကို အစားထိုး ကြည့်ပေမယ့် ငါရဲ့ စိတ်က ချစ်သူကို ဘဲ မြင်ရောင်နေတယ်။ ငါ့စိတ်တွေကို တိမ်တိုက်တွေလို အမျိုးမျိုး ပြောင်းလဲ ပစ်လိုက်ချင်တယ်။ခုချိန်မှာ ပျော်ရွင်စွာ အတိတ်တွေ ကို ပုံဖော်ချင်တယ်။ အတိတ်တွေ ကို ငါ့အတွေး ပုံရိပ်ကနေ ပယ်ဖျက်ချင်ပေမယ့် ငါဟာ ပိုးဖလံ ဝင်စားသလား မပြောတတ်တော့ဘူး ချစ်သူရယ်။ ကိုင်မယ့်သူ မရှိတဲ့ ဖုန်းကို ထပ်ထပ် ခါခါ ဆက်နေမိတယ်။ ပြန်မရောက် မယ့်စာ ကို အထပ်ထပ်ခါခါ ပို့နေမိတယ်။ အမှန်တကယ်တော့ အတွေးထဲ မှာ တကယ့်ကို နီးနီး လေးဘဲလေ။ မင်းရဲ့ အချစ်ဟာ ငါ့အပေါ်မှာ တကယ်စစ်မှန်ခဲ့လို့ ငါဒီလို ခံစားရတာ လားလို့ လဲ တွေးမိပြန်သေးရဲ့။

ချစ်သူ...
သေသောသူ ကြာလျင်မေ့၊ပျောက်သောသူ ရှာ လျင်တွေ့ ဆိုတဲ့ စကား ကြားဖူးမှာပါ။ ချစ်သူ ဟာ သေသောသူ မဟုတ်လို့ ကြာသော်လဲ မမေ့နိုင်သေးဘူး။ပျောက်သောသူလဲ မဟုတ်ပြန်တော့ ရှာရ ခက်တယ်။ ချစ်သူရည်းစား ရှိတဲ့ သူတယောက်ကို စွဲလမ်းတပ်မက်နေရလောက်အောင် ငါဟာ ကိုယ်ကျင့်ပျက်ပြားနေခဲ့ ပြီ ချစ်သူရေ။ နေမင်းထွက်လာတိုင်း မင်းကို နုတ်ဆက်ရအောင်၊ ငှက်လေးတွေ ပြန်သွားတိုင်း မင်းကို စကားပါးရအောင်၊ ပန်းပွင့်လေးတွေ မြင်တိုင်း မင်းကို အနမ်း လက်ဆောင်ပေး ရလောက်အောင် ငါဟာ အရူးရင့်နေခဲ့ပြီ။ငါ့ထက် ပိုချစ်တတ် တဲ့ မင်းရဲ့ ချစ်သူ ကို မင်းရှာတွေ့တော့ ပြောစရာ စကားတွေ ထောင်သောင်းမက ရှိခဲ့ပေမယ့် ငါ မြို ချခဲ့တယ်။မင်းတကယ်မချစ်တော့ဘူး ဆိုရင်ဖြင့် ငါဘယ်လိုဘဲ ခံစားရ ခံစားရ ငါ မင်းအတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် ငါ့ရဲ့ နေရာကို အစားထိုးခဲ့တယ် ဆိုရင်တော့လေ....တနေ့နေ့တော့ ပြန်တွေ့ချင်သေးတယ် ချစ်သူရယ်။ မင်းရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ အမှန်တကယ်တော့ မင်းတွေ့ ချင်တာ ငါ တမြည့်မြည့် ခံစားနေတာကို ဘဲမဟုတ်လား။ အမှန်တကယ် ပါဘဲ ချစ်သူရေ မင်းဖြစ်စေချင်တဲ့ အတိုင်း ငါ ဖြစ်နေခဲ့ ပြီ....မင်း ဝမ်းသာတော့၊ချမ်းမြေ့တော့။

ချစ်သူ....
ခဏလေး ဆိုပေမယ့် ခိုင်မြဲလွန်းမက ခိုင်မြဲခဲ့တဲ့ ငါ့ဖက် က သံယောဇဉ်။ မင်းနဲ့ မှ ပြည့်ဝခဲ့တဲ့ ဘဝ အဓိပါယ်။ မင်းနဲ့  မှ ပြည့်ဝခဲ့တဲ့ ဆန္ဒ။မင်းအလို ကျ လိုက်လုပ်ပေးချင်တဲ့ ငါ့ရဲ့ စိတ်တွေ မကုန်သေးဘူး ချစ်သူ မခမ်းသေးဘူး။ တခါတလေ လဲ အရွဲ့ တိုက်တတ် မင်း ဒီတခါလဲ အရွဲ့ တိုက်တာဘဲ ဖြစ်ပါစေလို့ ဆုတောင်းနေမိတယ် ရူးမိုက်စွာနဲ့ ဘဲလေ။တခါတလေ လဲ မင်းချစ်သူ ရင်ခွင်မှာနေပြီ ငါ့ ကို လွမ်းနေ လားလို့ တွေးမိ အောင်လဲ ငါဟာ အဓိပါယ်မဲ့နေတတ်တယ်။ ဟို အရင်ပြောခဲ့တဲ့ စကားတွေ မှတ်မိနေအုန်းမှာ လား။ ဟိုအရင် အတူသွားဖို့ ကြိုးစားခဲ့တဲ့ နေရာလေးကို မှတ်မိနေတုန်းလား။ ဒါမှမဟုတ် ငါထက်ပိုချစ် တတ်တဲ့ မင်းရဲ့ ချစ်သူ ရဲ့ စကားတွေအောက် ပျော်နေလား။ တို့အတူသွား ဖို့ကြိုးစားခဲ့တဲ့နေရာ မှာ မင်းချစ်သူနဲ့ တူရှိနေလား။ အချိန်တွေ ကိုမုန်းတယ်၊ နနှစ် ဆိုတဲ့ အချိန် ဟာ မင်းအတွက် ချစ်သူ အသစ်ရသွားစေလောက်တဲ့ထိ မြန်ဆန် လုံလောက်နေတယ်။ ငါ့အတွက်တော့ မင်းရှိရာ ပြန်လာဖို့ ကြာလွန်းမက ကြာလွန်းတယ် ချစ်သူရယ်။ အမှန်တော့ နနှစ်ဆိုတဲ့ အချိန်ဟာ တို့ နှစ်ယောက်တွက် ပြီးပြည့်စုံတဲ့ ဘဝ ဆီသွားဖို့ လုံလောက်တဲ့ အချိန်ဖြစ်ဖို့ သင့်တယ်။ ပြန်လာပါလို့ ပြောချင်သော်လည်း ပြောချင်တဲ့ စကားလုံးတွေ ထွက်မလာနိုင်ခင် မင်းပျော်နေဖို့ ဆုတောင်းသံလေးသာ...လှိုက်ကာ လှိုက်ကာ...ချစ်သူရယ်..............။

၂၉၊ဝ၇၊၂၀၁၀။
ဒီးဒိုး။

အကြားအမြင်ရသော ကိုစစ်သား

တနေ့သော ကွတ်ခိုင်မြို့ ရဲ့ဈေးနေ့ပေါ့။
ကချင် အဘွားအို တယောက် သူရဲ့မြေးလေးတွေ စားဖို့ “ဗမာလို ဒေသအခေါ် (ခေါပုတ်)” “ကချင်လို(ဘာပါ)” ကို ဝယ်ပြီး ပလိုင်းရဲ့ အောက်ဆုံးမှာ ထည့်ထားတယ်။
ဈေးကွဲချိန်ရောက်တော့ ပလိုင်းကိုလွယ်ပြီး ရွာဆီကို တရွေ့ရွေ့ လျောက်လာခဲ့တယ်။
ကွတ်ခိုင်မြို့ အထွက်နားရောက်တော့
ကိုစစ်သားက
“အဘွား အဘွား ခဏနေပါအုန်း တာဝန်အရစစ်ချင်လို့ပါ” ပြောလို့ အဘွားကလည်း ရပ်လိုက်တယ်။
ပြီးမှ ကိုစစ်သား က
“ဘာပါ လဲ အဘွား” မေးတော့
အဘွားရဲ့ စိတ်ထဲမှာ
“ဟာ ဒီစစ်သားတော့ ငါ့မြေးတွေ အတွက်ဝယ်လာ တဲ့ ခေါပုတ်(ဘာပါ) ပါလာတာ ဘယ်လို သိသွားလဲ မသိဘူး” ဆိုပြီးတွေးနေတယ်။
ပြီးတော့ ကိုစစ်သား က ထပ်မေးတယ်။
“အဘွား ဘာပါလဲ အဘွား”
“အဘွားကလည်း ဒုက္ခဘဲ ခေါပုတ် ကိုတော့ တောင်းနေပြီ”လိုတွေးရင်း ကိုစစ်သားကို ခေါပုတ် တစ်ခု ထုတ်ပေးလိုက်တယ်။
ကိုစစ်သား ကလဲ ခေါပုတ်တစ်ခု ရတော့ ပျော်သွားပြီး တော့
“ကောင်းတယ် ကောင်းတယ်” လို့ ပြောရော
အဘွားမျက်နှာက ပျက်သွားပါလေ ရော...စိတ်ထဲမှာ လဲ
“ငါ ခေါပုတ်လဲ ပေးရသေးတယ်..ဟိုဘက် တောင်ပေါ်ကို လုပ်အားပေးခိုင်းပြန်ပြီ” လို့ငြီးညူနေရှာတော့တယ်။

ဘာသာ ပြန်ချက်....
ဘာပါ(ကချင်လို)=ခေါပုတ်(ဗမာလို) ကောက်ညှင်းကို ပေါင်းပြီးထောင်းထားသောမုန့် ကင်စား၊ကျော်စားရ်ျရသည်။တောင်ပေါ်ဒေသမှာတော့ နာမည်ကြီးမုန့်ဖြစ်ပါသည်။
(ကောင်တဲ့(ကချင်လို)=(တောင်ကို (ဗမာလို)။

ဒီဇတ်လမ်းလေးက လည်း ကွတ်ခိုင်မြိုရဲ့ ဇတ်လမ်းတပုဒ်ပေါ့ဗျာ။

ဒီးဒိုး။
၁၃၊၀၇၊၂၀၁၀။

“လာည က မလာည၊ မလာည က လာည”

“လာည က မလာည၊ မလာည က လာည”
ကွတ်ခိုင်မြို့ အပြင်နားမှာ ပလောင်ရွာလေး တရွာရှိတယ်။
အဲဒီ ရွာလေးနားမှာဘဲ စစ်တပ်တစ်တပ်ရှိတယ်။
ထုံးစံအတိုင်းပေါ့ဗျာ....
ပလောင်ရွာ သူလေးနဲ့ ကိုစစ်သားတို့ လူငယ်သဘာဝ ချစ်ကြိုက်ကြတယ်တဲ့။
ဒီလိုနဲ့ ရွာဦးကျောင်းဘုန်းကြီး ကျောင်းနားမှာ ချိန်းတွေ့ဖို့ အချိန်းအချက် လုပ်ကြတယ်။
ချိန်းတဲ့ ပထမည မှာ ပလောင်ရွာသူလေးက အကိုချစ်သူစစ်သားကို သွားစောင့်တာပေါ့။
ဖြစ်ချင်တော့ အဲဒီညက ကိုစစ်သားက ချိန်းတဲ့နေရာဆီမရောက်ခဲ့ဘူး။တာဝန်ရှိလို့နဲ့တူပါရဲ့။
ဒီလိုနဲ့ ပလောင်ရွာသူလေးက လည်း ကျေကွဲစွာနဲ့ ပြန်သွားပြီး ကိုစစ်သား ငါ့ကိုချစ်မှချစ်ရဲလား လို့ တွေးနေတာပေါ့။
နောက်တပတ် ကျပြန်တော့ ကိုစစ်သားက ပြန်ချိန်းပြန်ရော..
ပလောင်ရွာသူလေးကလည်း ဒီတခါတော့ ချိန်းတဲ့နေရာဆီ ကိုမသွားတော့ဘူးတဲ့။
အစ်ကို စစ်သား ကတော့ အဲဒီည ချိန်းတဲ့နေရာကို ရောက်ခဲ့တယ်။
နောက်တနေ့ ကျတော့
ကိုစစ်သား ကလည်း အချစ်စစ်နဲ့ ချစ်နေတော့ လူကြီးတွေခေါ် ပြီးတော့
ပလောင်ရွာသူလေးကို တခါတည်း သွားတောင်းရမ်းပါတော့တယ်။
ပလောင်ရွာသူလေးက အတွေ့မခံဘူးတဲ့....ချိန်းတဲ့ည က မလာလို့ ဆိုပြီးတော့လေ။
ကိုစစ်သားကလည်း မရမက ပလောင်ရွာသူလေးကို နှစ်ယောက်တည်းတွေ့ပြီး အတင်းရှင်းပြတော့မှ ပြေလည်သွားတော့တယ်။
ကိုစစ်သားကလည်း ပြေလည်သွားပြီဆိုတော့ ရွာသူလေးကို လူကြီးတွေရှေ့ကို ခေါ်လာတယ်။
ဒါနဲ့ဘဲ ကိုစစ်သား ဖက်ကပါလာတဲ့ လူကြီးတွေက ဘယ်လိုဖြစ်တာလဲ
ရှင်းပြပါအုန်းလို့ ပလောင်ရွာသူလေး ကို မေးပါတယ်တဲ့။
ဒီတော့ ရွာသူလေးက သူ့ကိုသူလည်း လက်ညှိးထိုး၊ အစ်ကို စစ်သားကို လည်း လက်ညှိးထိုး ပြီး
ပန်းနုရောင်သန်း ရှက်တဲ့မျက်နှာလေးနဲ့ ပလောင်သံ ဝဲဝဲလေးရော ရောပြီ ဗမာလို ကြိုးစား ပန်းစားဖြေလိုက်တာကတော့

“လာည က မလာည။ မလာည က လာည လေ ဗိုလ်ကြီးရဲ့” လို့ ဖြေရှာသတဲ့။
ကိုစစ်သား ဖက်က လူကြီးတွေက တော့ ပြုံးစိစိပေါ့။
ရွာသူဖက်က လူကြီးတွေကတော့ ခေါင်းတညိတ်ညိတ် နဲ့ပေါ့
ကိုစစ်သား နဲ့ ပလောင်ရွာသူတို့လည်း အဆင်ပြေသွားပါတော့တယ်။
ဒါလဲ ကွတ်ခိုင်မြို့ ရဲ့ ဇာတ်လမ်းတပုဒ်ပါဘဲ ဗျာ...။

ဒီးဒိုး။
၁၃၊၀၇၊၂၀၁၀