Saturday, August 16, 2014

အမေ (သို့) တုနှိုင်းမဲ့ မေတ္တာ



လောက၀န် ထမ်းကာပိုးလို့
နွဲ့လျတဲ့ခါး ရှေ့သို့ကိုင်းခိုက်...။

ရင်ဝယ်ဖြစ်သား
တွဲခို ရင်ဝယ်
ကျိုးလုလု အမေ့ခါး
တိုးရ်ျ ချိုးသလို..။

ချိုးပါစေ
ကျိုးပါလေ
အမေ့သား ရင်ဝယ်ခိုခိုက်
နာကျင်မှုဒဏ်
ဘယ်မမြင်သာဘူး
ရွင်ပြုံး မျက်နှာ
ချိုသကာ လောင်းလို့
လ၀န်းကြီး ပမာ
ထိန်ထိန်သာ သလို
အမေ အားလုံး
ကျန်းမာ ချမ်းသာ ကြပါစေ...။

ဆန့်ကျင်ဖက် ဆီ


တကယ်တော့
မျက်နှာချင်းကပ်
ရင်ခြင်းအပ် လို့
မခွဲခွါ တသက်လုံး ပေါင်းဆည်းဖို့
တို့နှစ်ယောက် ရပ်ခဲ့ကြတာပါဘဲလေ။

ဘယ်သူ တွေးမိမှာလဲ
တို့တွေရဲ့ ခြေထောက်တွေ့
ဝေးကွာဖို့ ဆန့်ကျင့်ဖက် ကို ဦးတည်နေတယ် ဆိုတာကိုလေ...
ခုတော့လဲ
နင်က ရှေ့
ငါက နောက်
တလွဲစီ လျောက်ကြရင်း
ဘ၀ သစ်မှာ ပျော်ဖို့ ကြိုးစားနေကြဆဲပေါ့။

ဒီးဒိုး။၀၀၂၈၁၂၀၈၂၀၁၄။

စားဖားများ စည်းလုံးကြပြီလား...

သမ္မတကြီး ကပြောတယ်..အခြေခံ ဥပဒေအရ၊ လွတ်တော် တွေရော ပြည်သူတွေရော ထောက်ခံရင် အမေစုကို သမ္မတနေရာလွဲပေးမည်။
အမေစုကလည်းပြောပါတယ် အခြေခံ ဥပဒအရ လွတ်တော်ထဲမှာရော ပြည်သူတွေ ဆန္ဒအရ သမ္မတ နေရာကို ယူပေးပါဆိုလျင် ယူပေးနိုင်၊ ယူရဲနိုင်ရမယ် လို့ ဆိုပါတယ်။
ဒီနေ့တော့လည်း တယောက်ပြစ်ကို တယောက်ခွင့်လွတ်၊နေရာအတွက် ပဒန မထားဘဲ ပြည်သူတွေ ဆန္ဒ ကို ဖြည့်ဆည်းဖို့ လုပ်ဆောင်နေကြတာများ မုဒိတာပွားစရာ၊ကြည်နူးစရာကောင်းလိုက်တာ ဗျာ။

ဒီသမ္မတ နေရာအတွက် ပြည်သူတွေ ဆန္ဒကို အလေးထားလိုက်ကြတာများ ၀မ်းသာ ပီတိဖြစ်မိပါရဲ့။
ဒီလိုပြည်သူတွေ ဆန္ဒကို လစ်လျူရှု နေလာခဲ့ကြတာများ ရာစုနှစ်ကျော်ပေါ့။
ဒီကနေ့တော့ ကျွန်တော်ဖြစ် ခရစ်ယာန်ဘာသာ ဖြစ်ပေမယ့် ဗုဒ္ဒဘာသာ စကား "သာဓု" ကို ယူသုံးပြီး နှစ်ကြိမ်လောက်လောက် ခေါ်ဆိုလိုက်ချင်ရဲ့။
"သာဓု""သာဓု" ပါဗျာ။
မင်းကလည်း "သာဓု"ဆိုတာ သုံးကြိမ်ခေါ်ရတာ ဘာလို့ နှစ်ကြိမ်ဘဲ ခေါ်တာလည်း လို့ အပြစ်မြင်နေကြမလား မသိဘူး။
မသိနားမလည် တဲ့ အမိုက်မဲမို့ ပါ လို့ဘဲ ပြောပါရစေတော့။

ဘာလို့လည်းဆိုတော့ ငယ်ငယ် က ကျွန်တော်ကို ထိန်းတဲ့ ဆရာ ကို
"ဆရာ ကျွန်တော်အရက်ပြတ်ပါပြီ" လို့ ပြောရင်
အဲဒီဆရာက
အေးအေး"သာဓု""သာဓု" ပါဗျာတဲ့။
ကျွန်တော် က ဆရာ ကလည်း "သာဓု" ဆိုတာ သုံးကြိမ်ခေါ်ရတာလေ ဆိုတော့။
"ခွေးမြီးကောက်ကျည် ထောက်စွပ်ပါကွာ တဲ့ တကယ် ပြတ်တယ် လို့ ငါယုံကြည်တဲ့နေ့ရရင် နောက် သာဓု တခေါက် ထပ်ခေါ်ပေးမယ် လာယူ" တဲ့ ဗျ။

ကဲဒီတော့ ကျွန်တော်က အမေစုနဲ့သမ္မတကြီးကို ဘာလို့ သာဓု နှစ်ကြိမ်ဘဲ ခေါ်နိုင်တာတုန်း။
ကျွန်တော်လိုဘာ မဟုတ်တဲ့ကောင် ကများ ဆိုပြီး လစ်လျူရှု့ ထားကြမလား။
မလုပ်နဲ့ လေ ကျွန်တော် က အမေစုရော သမ္မတကြီးပါ အလေးထားတဲ့ ပြည်သူတွေထဲက ပြည်သူတယောက်ဗျ။

ကျွန်တော် စဉ်းစား မိတာ ဒီကနေ့ ပြည်သူတွေ အလေးထား တောင်းဆို လိုလားနေတာ သမ္မတကြီး နေရာ စွန့်လွတ်ရေး၊ အမေစု သမ္မတနေရာယူရေး မဟုတ်လောက်ဘူးဗျ။
သူတို့တွေက လည်း တကယ်ပြောနေတာ တော့ မဟုတ်လောက်ပါဘူး။ဒါပေမယ့် သူတို့ နှစ်ယောက် ဒီနေရာအတွက်  ရိပ်ပေး၊ သံဖမ်းပြောနေကြပြီ။
ဘာကြောင့်လဲဗျာ...ဘာကြောင့်လဲ စဉ်းကို မစဉ်းစားတတ်တော့ဘူး။

ကချင်ပြည်နယ်က လူတွေက ကချင်ပြည်နယ်မှာ သေနတ်သံတွေငြီမ်းဖို့ တောင်းဆိုနေကြတယ်။
ရခိုင်ပြည်မှာ ရခိုင်ပြည်သူတွေက ရိုဟင်ဂျာ ကုလားတွေ ရန်က လွတ်ကင်းဖို့ တောင်းဆိုနေကြတယ်။
ရှမ်းပြည်မှာ ငြိမ်းချမ်းရေးလုပ်ထားပြီးမှာ တိုက်တိုက်နေလို့ တောင်းဆိုနေကြတယ်။
လယ်သမားတွေက လယ်ယာမြေတွေ သိမ်းခံနေရလို့ သူတို့ရဲ့ရပိုင်ခွင့် အတွက်တောင်းဆိုနေကြတယ်။
စာနယ်ဇင်း သမားတွေက စာနယ်ဇင်း လွတ်လပ်ခွင့်၊
ရုပ်ရှင် ဂီတ က ရုပ်ရှင်ဂီတအတွက် တောင်းဆိုနေကြတယ်။
ဘယ်လောက်တောင် တောင်းဆိုသလဲ ကြည့်လိုက်တော့ လမ်းပေါ်ထွက် တဲ့ အထိတောင် တောင်းဆိုနေကြတယ်။

ခင်ဗျား တို့ ကြားမိသလား ဗျ။ဘယ်နေရာမှာ ဦးသိန်းစိန်ကြီးကို သမ္မတ နေရာက ဖယ်ပေးဖို့ လမ်းပေါ်ထွက်တောင်းဆိုတာ။
အမေစုကို သမ္မတနေရာ ယူပေးဖို့  ဆန္ဒပြ ထုတ်ဖော်တာ တွေလေ။။ ခင်ဗျားတို့် တတွေကြားရင် လက်တို့ပေးစမ်းပါဗျာ။

ခုတော့ ပြည်သူတွေ အမှန်တကယ် တောင်းဆိုနေတဲ့ အရာတွေကို လစ်လျူရှု့ပြီး သမ္မတ နေရာအတွက် ပြောနေကြပြီ။
ဒါဆို ခုတ်တာ တခြား ရှရာတနေရာ ဖြစ်မနေတော့ဘူးလား။

သမ္မတကြီးက ပြောတယ်။တပ်မတော် က စည်းကမ်းသေ၀ပ်တဲ့ တပ်မတော်၊ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်ပါဘူးတဲ့။
လုပ်တယ် မလုပ်တယ် ဆိုတာ သမ္မတကြီး ပြောမှ မဟုတ်ပါဘူး။ တကယ် ခံစားခဲ့ ရတဲ့ သူတွေရဲ့ ဆန္ဒကို တရားဥပဒအတိုင်း ဖော်ထုတ်ပေးဖို့ သမ္မတရဲ့ အခွင့် ကို သုံးခွင့်မရှိဘူးလား။
ငါ သမ္မတ ပြောတဲ့ စကားနဲ့ မင်းပြောတဲ့ စကား ဘယ်ဟာ ပိုအရေးပါမလဲ။ ဘယ်ဟာကို ပိုယုံမလဲ ဆိုတဲ့ အတွေးအခေါ် ဒီနေ့ စွန့်လွတ်သင့်ပါပြီ။
ပြည်သူတွေ ရဲ့ ဆန္ဒနဲ့ လွတ်တော်၊ အခြေခံ ဥပဒေ ကို လေးစားလိုက်နာမယ်ဆိုရင် ပြည်သူတွေ အမှန်ကို သမ္မတကြီးကို ပြောပြနိုင်ခွင့် လမ်းကြောင်းပေးပါ။


အမေစုကလည်း ပြောပါတယ်။လူ့ အခွင့်အရေး ချိုးဖောက်တယ် ဆိုရင်တော့ ဘယ်အဖွဲ့ အစည်းကို မဆို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်တဲ့။
ကောင်းလိုက်တဲ့ အဆိုပါဘဲ။ကြိုက်နှစ် သက်ကြလွန်းလို့ လက်ခုပ်သံတွေတောင်း ဆူညံသွားတယ်။ ကျွန်တော်လည်း ကြိုက်တယ် ထောက်ခံတယ်။
တကယ်တော့ ပြည်သူတွေ အမှန်တကယ်လိုအပ်နေတာ ပြောနေဖို့ မဟုတ်တော့ပါဘူး။
လုပ်ဆောင်ဖို့ပါ။ သမ္မတကြီး ကလည်း ငါ့တပ်မတော်ကဒီလို မလုပ်ဘူး ဆိုတာကို ပြောနေဖို့ မဟုတ်ဘူး။
လုပ်တယ် မလုပ်ဘူးဆိုတာကို တကယ် သက်သေပြ ပေးဖို့ နဲ့ တကယ်ဘဲ တပ်မတော်ကို မတရား စွပ်စွဲတာ ဆိုရင် မတရားစွပ်စွဲတဲ့ သူကို အပြစ်ပေးဖို့ပါ။
တကယ်လို့ တပ်မတော် က ကျူးလွန်တယ် ဆိုရင်လည်း တပ်မတော် က တာဝန်ရှိသူတွေကို အပြစ်ပေးဖို့ပါ။

အမေစု အနေနဲ့ ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ် ဆိုတဲ့ စကားကို စင်မြင့်ပေါ်မှာ ပြောနေရုံနဲ့ မပြီးပါဘူး။
အဲဒီ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ် ဆိုတဲ့ စကားကို အကောင်အထည် ဖော်ဖို့ နဲ့ အမှန်တရားကို ဖော်ထုတ်လုပ်ဆောင်ဖို့ လိုပါတယ်။

အဲဒီတော့ ဒီကနေ့ သမ္မတကြီးနဲ့ အမေစုရဲ့ ဆန္ဒတွေကို ကျွန်တော်ပြည်သူတယောက်အနေနဲ့ ကြားသိခဲ့ရပြီ။
ဒီဆန္ဒတွေကို အကောင်အထည်ဖော်မယ့် နေ့ဟာ ဘယ်နေ့လဲ ကျွန်တော် သိချင်စမ်းရဲ့ဗျာ။
ဟိုအရင်က ဗိုလ်ချူပ်အောင်ဆန်း ပြောခဲ့ သလို လွတ်လပ်ရေးရအောင် ကျွန်တော်လုပ်နေပါတယ်။
အဲဒီ ခင်ဗျားတို့ လိုချင်တဲ့ လွတ်လပ်ရေးကို တနှစ်အတွင်း ရအောင်ယူပေးမယ်။
ကျွန်တော်တို့ပြည်သူတွေ လိုချင်နေတာ အဲဒါမျိုး ဗျ။
သမ္မကြီးရော အမေစုကော ပြောခဲ့တဲ့ စကားတွေ ဘယ်တော့လဲဗျာ။

ဒီကနေ့ မြန်မာနိုင်ငံဟာ စတင်ပြောင်းလဲခါစမို့ အမှားမခံ ပါဘူး။ နောက်ကြောင်းပြန်လှည့်နိုင်ပါတယ်။ အလွန်နူးညံ့ သိမ့်မွေ့ရပါမယ်။
ပြောအုန်းမှာလားဗျာ...။
ဘယ်လောက် ဖြေးဖြေးလုပ်မှာလဲဗျာ။ Norm ဆိုတဲ့ စံတခုကို သိချင်တယ်။
ဒါဆိုရင် အလုပ်တခုကို အမှားမခံနိုင်ဘူးဆိုတာ စိုးရိမ်လို့လား ကြောက်လို့လား။
နောက်ကြောင်းပြန်လှည့်မှာကို ကြောက်လို့လား။
ဒါ ဆိုရင်တော့ real Freedom is free from fear ဆိုတဲ့ စကားနဲ့ မကိုက်ညီတော့ပါဘူး။

ဗိုလ်အောင်ဆန်း က ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းပြီး အင်္ဂလိပ်ကို တိုက်တာ ဒီစစ်တပ်ကို စတင်ဖွဲ့စည်း ခါစ မို့ အမှားမခံဘူးလို့ မပြောဘူး။
ခုမှ စတင်ဖွဲ့စည်းခါစမို့ တိုက်ပွဲငယ်တွေဘဲ တိုက်မယ် မပြောဘူး။
အင်အားကြီးမားတဲ့ နယ်ချဲ့ တွေကို တိုက်ထုတ်တော့ ငါ့စစ်တပ် မဖြစ်နိုင်လောက်ဘူး လို့ မပြောဘူး။
အမှန်တရားနဲ့ လုပ်ဆောင်ရမယ့် ပန်းတိုင်အတွက် ပန်းတိုင်ကို ဘဲ ကြည့်ခဲ့တယ်။
ကြားက ဘာဖြစ်မှာ မို့လို့၊ဘာကြောင့်မို့လို့ ဆိုတာမရှိဘူး။

အမေစုနဲ့ သမ္မကြီးကို ဗိုလ်အောင်ဆန်းနဲ့ နှိုင်းပြောရတာ ကလည်း နှစ်ယောက်စလုံးကို ဗိုလ်အောင်ဆန်းလို ခေါင်ဆောင်မျိုး ဖြစ်လိမ့်မယ် မဟုတ်ဘူး ဖြစ်တယ် လို့ ယုံကြည်နေလို့ပါဘဲ။
ကျွန်တော် ကဘဲ အလျင်လိုနေလို့လား မသိပါဘူးနော်။
အမေရိကန် သမ္မတဟောင်း စကားကိုကြည့်လို့ပြောအုန်းမလား မသိဘူး။
ကျွန်တော်ဟာ ဖြေးဖြေးဘဲ လျောက်တယ် ဘယ်တော့မှ နောက်ပြန်မလှည့်ဘူးဆိုတာ ကို ထောက်အုန်းမလား။
အမှန်ပြောရရင် ဟိုအရင် စောမောင်ပြောတဲ့ စကား ဆန္ဒ မစောကြပါနဲ့ ဆိုပြီး တဲ့ အဓိပ္ပါယ်ဟာ ငါ့ကို ဖြေဖို့ စဉ်းစားခွင့်ပေးပါအုန်း ဖြစ်နေအုန်းမှာ။
နောက်ထပ် ငါ့တို့ အာဏာ ဘယ်လိုဆက်ဖို့ စဉ်းစားခွင့်ကို တောင်းဆို သလိုမျိုး။
ဗိုလ်အောင်ဆန်းက နယ်ချဲ့ ဆိုတဲ့ တိုင်းတပါး ဆီက လွတ်လပ်ရေး ယူဖို့ တနှစ်တဲ့။
အခု ကျွန်တော်တို့် ပြည်မှာ ဖြစ်နေတာ တနှစ် မကတော့ဘူး။ သိကြရဲ့လား..။
ဘယ်တော့လဲဗျာ။


ဟိုအရင် က နေ၀င်း ပြောခဲ့တဲ့ စကား ကို ခင်ဗျားတို့ ခေါင်းထဲ ထည့်မှတ်ထားနေကြသလား။
"လူနပ် ချမ်းသာ" တဲ့
လူ၊ နတ် ချမ်းသာတယ် မသာတယ်တော့ မသိတော့ပါဘူ။ လူနပ် ချမ်းသာအောင်တော့ မလုပ်ကြပါနဲ့တော့။
တကယ်တော့ ပြည်သူတွေဆိုတာ တကယ့်ကို ဘာမှ မသိနားမလည်တဲ့ သူတွေပါဗျာ။
တကယ် လူ့ အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ သူတွေကို ကြည့်ပါ။ တကယ်ကို ရိုးသား၊ဖြူစင်တဲ့ သူတွေပါ။
အမေစု ကိုရော သမ္မတကြီးက ပါ ငါတို့တော့ ဒီလိုဟေ့ ဆိုရင် အဲဒီ အခွင့်ထူးခံ မဟုတ်တဲ့ အချိုးအဖောက်ခံ ပြည်သူတွေက သမ္မတကြီးနဲ့ အမေစု စကားအတိုင်းလိုက်နာကြမှာပါ။
အမေစုရော သမ္မတကြီးပါ ခုလို နေရာတွေရဖို့ အဲဒီ ချိုးဖောက်ခံ ပြည်သူတွေ ပြုံးပန်းဝေေ၀နဲ့ မဲတွေပေးခဲ့ကြတာ မမေ့စေချင်ပါဘူး။
လူနတ် ချမ်းသာအောင်ဘဲ လုပ်ပါဗျာ..။
လူနပ် အဖြစ်တော့ မလုပ်ပါနဲ့။


သမ္မတကြီးရော အမေစုပါ ပြည်သူတွေ က လိုလားလို့ သမ္မတနေရာ ကို ယူနိုင်ရဲတဲ့ သတ္တိရှိကြရင် ဒါမှမဟုတ် သမ္မတနေရာကို စွန့်လွတ်ရဲ တဲ့ သတ္တိရှိရင် အဲဒီပြည်သူတွေရဲ့ လောလောဆယ်ဆယ် ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ သတ္တိရှိ ပေးပါ။
တပါးနိုင်ငံမှာ အပြစ်တွေ ခွင့်လွတ်ကြ၊လက်ခုပ်သံတွေ ဖြောင်းဖြောင်း ဝေနေတာတွေ ခံစားကြ။
အဲဒီနောက်မှာ ကျွန်တော်တို့ အနှိမ်ခံ၊ အချိုးဖောက်ခံ နေရတဲ့ ပြည်သူတွေ ဆီ တခါတခေါက်လောက် လာပြီး ပြည်သူတွေရဲ့ မျက်ရည်များကို ကြည့်ဖို့ ဆန္ဒလေး မရှိဘူးလားဗျာ။
အဲဒီ နိုင်ငံခြားကပြည်သူတွေရဲ့ လက်ခုပ်တီးသံ လောက်မညံ နိုင်ပေမယ့် တခါတခေါက်လောက် အရောက်လာမယ် ဆိုရင် သမ္မတကြီးရော အမေစုနေရာအတွက် ရင်ဘတ်ကြီးထဲကနေ မျက်ရည်လက်ခုပ်သံတွေဟာ နှစ်ယောက်စလုံး ရဲ့ နေရာ အတွက် အပြည့်အ၀ ဖြစ်နေမှာပါ။

နောက် ကျွန်တော်သိတာတစ်ခု ကတော့ လက်တွေမပါတဲ့ အသိဟာ မသိတာထက် ဆိုးတယ် တဲ့။
သမ္မတကြီးရော အမေစုပါ ဘာလုပ်ရမယ် ဆိုတဲ့ အသိတော့ ရှိနေကြပြီ။
ဒါပေမယ့် လက်တွေ့ လိုက်မလုပ် နိုင်ခဲ့ရင်တော့ နောက် ရာစုဝက် စစ်ဖိနပ်အောက် ဆက်နေဖို့ ပြည်သူတွေ အားတင်းထားကြရမှာပါ။

ကျွန်တော်က တော့ အမေစုရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ် ဆိုတဲ့ စကားရဲ့နောက် က ဘယ်လို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါလိမ့် ဆိုတိာု အရမ်း သိချင်နေမိတယ်။အဲလိုဘဲ အမေစု ပါးစပ်က မချတဲ့ ပြည်သူတွေက လည်း သိချင်နေလိမ့်မယ်။

ထို့အတူ သမ္မတကြီး ရဲ့ ပြည်သူတွေအပေါ် စစ်တပ်က မတရားတာ မလုပ်ပါဘူး ဆိုတာကို ဘယ်လို သက်သေပြမလဲ သိချင်စမ်းပါ့။လွတ်တော်မှာ ရှိတဲ့ သူတွေနဲ့ ပြည်သူတွေလည်း စိတ်ဝင်တစား မျော်လင့်နေကြမှာဘဲ။

မြောက်ပိုင်းက စစ်ပွဲဒဏ် အလူးအလိမ့် ခံနေရတဲ့ ကချင်များ
ရခိုင်မှာ တခြား တပါး သားရဲ့ လွန်ကျူးမှု ခံနေရတဲ့ ရခိုင် သွေးချင်းများ
လယ်ယာတွေ သိမ်းပိုက်ခံ လိုက်ရတဲ့ တောင်သူလယ်သမားများ
နဲ့ လူအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်တွေ အားလုံး က သမ္မတကြီးရဲ့ နေရာ စွန့်လွတ်ရဲ တဲ့ သတ္တိ။ အမေစုရဲ့ ပြည်သူအားလုံး ရဲ့ ဆန္ဒ သာရှိမယ်ဆိုရင် ပြည်သူတွေ အတွက် သမ္မတ နေရာ ရယူပေးရဲ တဲ့ သတ္တိအတွက် ဂုဏ်ယူနေကြပါတယ်။

ထို့ အတူ သူတို့လေးတွေရဲ့ ချိုးဖောက်ခံ၊အနှိမ်ခံ ဘ၀ကို တရားဥပဒေ အကြောင်းအရ ကျောသားရင် သား မခွဲခြားဘဲ တာဝန်ယူ ဖြေရှင်းပေးနိုင်မယ့် သတ္တိရှိနေကြမယ်လို့ မျှော်လင့်နေကြရဲ့ဗျာ....။

အခုလို အတိတ် အကြောင်းကို သက်ပုန်းချေလို့ ရှေ့ဆက်လက်တွဲ့ ညီညီညွတ်ညွတ်ရှိကြတာ တိုင်းပြည်တပြည်ရဲ့ အနာဂတ်အတွက် ကောင်းမှ တကယ့်ကိုကောင်းပါတယ်ဗျာ.။

ဒါပေမယ့် ဗိုလ်အောင်ဆန်းရဲ့ စကား ကိုလည်း ကြားကြားယောက်ကာ ကျွန်တော် က နောက်ပြန်ဆွဲသမား၊ မယုံကြည်တတ်သူဖြစ်နေမလား မသိတော့ပါဘူး။
အဲဒီ စကား ကြားဖူးကြမှာပါ။။။ ညီညွတ်တာ ကောင်းပါတယ်။သိပ်ကို ကောင်းပါတယ်။ ဒါပေမယ့် စာဖားတွေ ညီညွတ်တာတော့ မကောင်းဘူးတဲ့ဗျ။

ကဲ ပြဿနာ အရင်းအမြစ် ကို ရှာဖွေတွေရှိပြီး ဘယ် အချိန်အတွင်းဖြေရှင်းနိုင်မယ် ဆိုတဲ့ လမ်းစ ကို အမြန်ဆုံးရှာဖွေ တွေ့ရှိနေစေချင်တော့တာပါဘဲဗျာ။
ကျွန်တော် တော့ သာဓု သာဓု နှစ်ကြိမ်ခေါ်တယ်ဗျာ..။ နောက်တကြိမ်တော့ ပြည်သူတွေ ရဲ့ ဆန္ဒ ကို စပြီ အမှန်တကယ် ဖြေရှင်းပါပြီ ဆိုပြီး တရားဝင် ကြေငြာတဲ့နေ့ကြ
သာဓု နောက်တကြိမ် ခေါ်မယ်ဗျာ။


ဒီးဒိုး။
၉၊၁၀၊၂၀၁၂။ ည ၇:၄၇။













































































Wednesday, November 13, 2013

ဂါဟတ် ကိုက်တတ်သည်။

” ကိုယ်မှာမတတ် စာမှာတတ် ဂါဟတ်ကိုက်တတ်သည်။ ( ဒီပဲယင်း ဆရာတော် )”
စာလေးကို ဖတ်လိုက်ရတော့ ကိုယ်တိုင်ရင်ဆိုင်တွေ့နေရတဲ့ ပတ်ဝန်းကျင်က ဆက်ဆံနေရတဲ့ လူကို သတိရမိတယ်။
ဒီစာကို ရေးမယ်လို့ ကြံတော့ သူ့ကို ရည်ရွယ်ပြီးရေးမယ်လို့ စဉ်းစားမိတဲ့ တချိန်တည်းမှာဘဲ ကိုယ့်ကိုကိုယ်လဲ ဆင်ခြင်ရအောင်
ရေးမယ် လို့ ဆုံးဖြတ်ပြီးရေးတာပါ။ ထို့ထက်ပို၍ ကျွန်တော် အပါအ၀င် အားလုံး စာမှာဘဲတတ်ပြီး လက်တွေ့ အဖြစ်မရှိရင်
အပါယ်ငရဲ ကျတတ်ကြောင်း နဲ့ အရှက်ရတတ်ကြောင်း သိစေလို၊ဆင်ခြင်စေလိုသော စေတနာ တစ်ခုတည်းဖြစ်သာ ရေးသားရပါကြောင်း သိစေအပ်ပါသည်။

ကျွန်တော် တွေ့ကြုံ ဆက်ဆံနေရတဲ့ လူပေါ့ဗျာ၊ ဒီလူကို စတွေ့တော့ အင်တာဗြူး တစ်ခုမှာပေါ့။ အင်တာဗြူးမှာ
တွေ့တုန်းကတော့ အင်ဂျင်နီယာ ဘွဲ့ရဆိုတော့ စိတ်ထဲမှာ အထင်ကြီးတာပေါ့။ အင်တာဗျူး ပြီးတော့ သူပြောတဲ့ စကားတွေကို
နားထောင်ပြီး ကိုယ့်ကိုကိုယ်တောင် အားငယ်သွားတယ်။ တစ်ချို့ စကားလုံးတွေဆို ကိုယ်တောင်မကြားဖူးတဲ့ စကားလုံးတွေပါတာကိုး။စိတ်ထဲမှာလဲ အားကျမိတာပေါ့ ကိုယ့်ထက်လဲ ငယ်တာကိုး။ ငယ်ငယ်ရွယ်ရွယ် နဲ့ အင်ဂျင်နီယာဘွဲ့ လဲ ရ၊ ပြောတဲ့ စကားတွေကလည်း ကိုယ်တောင် မကြားဖူးဘူးဆိုတော့ အတွေ့အကြုံလဲ တော်တော်ရှိမှာ ဘဲလို့ထင်မိတာပေါ့လေ။
ဖြစ်ချင်တော့ အဲဒီ အင်တာဗျူးကို ကျွန်တော် လဲ အောင်သွားတယ်၊ ဒီလိုနဲ့ အဲဒီ အင်ဂျင်နီယာ ဆိုသူနဲ့ ဆုံဖို့ ဖြစ်လာတယ်။ ပထမတော့ ကိုယ်တော့ ၀မ်းသာမိတာပေါ့ ကိုယ်ထက်တော်တဲ့ သူနဲ့အလုပ်အတူ တွဲလုပ်ရမယ်ဆိုတော့လေ။

ဒီလိုနဲ့ သူက ကျွန်တော့် အရင် အလုပ်ရှိရာ နိုင်ငံဆီကိုသွားနှင့်တာပေါ့။ကျွန်တော်တို့က နောက်ကလိုက်သွားရတာပေါ့။ ကျွန်တော်တို့ လဲ ရောက်သွားပြီး တရက် နှစ်ရက် ဘဲရှိအုန်းမယ်၊ သူက ကျွန်တော်တို့ကို သတိပေးတယ် စေတနာနဲ့ သတိပေးတာ လဲဖြစ်နိုင်တယ် ဆိုတာ ထက် ခြိမ်းခြောက်ရာ က ပိုနေတယ်။ သူလာပြောတာ က သဌေးကို ဘာမှပြန်မပြောဖို့ နဲ့ သဌေး စိတ်ဆိုးရင် အပြစ်ပေးတတ်ကြောင်း..နီပေါလေး တယောက်ကို ပြန်ပြောလို့ ဆိုပြီး ချမ်းချမ်းဆီးဆီး နှင်းတောထဲ မှာ ရပ်ခိုင်းထားကြောင်း ပြောပြတယ်။ စိတ်ထဲမှာတော့ ကျွန်တော် တို့ က တရားဝင်လာ အလုပ်လုပ်တာ သူဌေးဆိုသူ ပရမ်းမတာတော့ လုပ်လို့ မရဘူးလို့ မှတ်ထားတယ်။ အင်ဂျင်နီယာ ဘွဲ့ ရကြီးတော့ တော်တော် လန့်နေတဲ့ ပုံဘဲ။

နောက်တော့ မကြာခဏ ဆိုသလို သူကျောင်းမှာ သင်ခဲ့ရတဲ့ သီအိုရီ အကြောင်း၊ သူလေ့လာဖူးတဲ့ စာအကြောင်း၊ လေယာဉ်ပျံကြီး က လေတွေကို ဘယ်လို ကျစ်ထုတ်ပြီး ကောင်းကင်ပေါ် ပျံတတ်သွားကြောင်း၊ ဟိုက်ဒရောလစ် အလုပ်လုပ် ပုံအကြောင်း၊ အဲယားကွန်း က လေတွေကို ဘယ်လို အလုပ်လုပ်ကြောင်း စသည်ဖြင့် ကြားဖူးတာရော မကြားဖူးတာပါ စုံစီနေတာပါဘဲ။ ဒါပေမယ့် လက်တွေ့ပြသာနာ ကို ဖြေရှင်းရပြီ ဆိုရင် ရုံးထဲ ကို email စစ်ရအုန်းမယ်ဆို ပြီးပျောက်သွားတော့တာပါဘဲ.။ တစ်ခါ နှစ်ခါ မဟုတ်တော့ လက်တွေ့ မရှိ မှန်းသိလာတဲ့ အပြင် မာနလေး ကလည်း ပြလာတယ်ဗျ။ တစ်ခါ ကျွန်တော် က အကူအညီတောင်းပြီး မော်တာပြင်ဖို့ ပြောတော့ အင်ဂျင်နီယာ ဂွရှင် မကိုင်တော့ဘူး ဆိုပြီး မကူညီတဲ့ အပြင်ရှေ့ မှာ ဒီတိုင်းကို ထိုင်နေတာဗျ.။ကျွန်တော်လဲ ဘာမှမပြောတော့ဘဲ အလုပ်ဆက်လုပ်နေ လိုက်တယ်။ သူ့ အကြောင်းလဲ သိပြီဆိုတော့ ပြောစရာလဲ မလိုတော့ဘူးလေဗျာ။

အမှန်တော့ ကျောင်းမှာ သင်ခဲ့တာလဲ သင်ခဲ့ပြီးတဲ့ အတိုင်းတာ တခုထိ တတ်မှာတော့ အမှန်ပါဘဲ။ ဒါပေမယ့် စာမှာတတ်တာ နဲ့ လက်တွေ့ ရင်ဆိုင်လုပ်တဲ့ အခါ တခါတလေ ကြီးကြီးမားမား ကွဲပြားမှုကို ရှိတာတော့ မကြာခဏ ကြုံဖူးတယ်ဗျ။ တကယ့် လက်တွေ့မှာလုပ်ရမှာက ကျောင်းမှာ သင်လာတဲ့ အခြေခံသဘောတရားကို တကယ်လုပ်ရမယ့် အလုပ်မှာ ဆက်စပ်တွေးခေါ် လုပ်ဆောင်ရမှာ လို့ ထင်တယ်ဗျ။ စာတွေ့မှာ ရခဲ့တဲ့ အသိ အတွေ့အကြုံ ကို လက်တွေ့ အလုပ်မှာ တသွေမသိမ်း လိုက်နာ ဆောင်ရွက်လို့ မရသလို၊ လက်တွေ့ လုပ်နေချိန်မှာ လည်း စာမှာ သိခဲ့တာကို လုံးဝ ပြစ်ပယ်လို့မရတာ အမှန်ဘဲ လို ထင်တယ်။ တကယ့် လိုက်နာ ရမယ့် သီအိုရီတွေက လွဲရင်ပေါ့။

UK မှာ civil အင်ဂျင်နီယာဘွဲ့ ယူလာ တဲ့ အင်ဂျင်နီယာ တယောက်က အင်ဂျင်နီယာ အလုပ် ကို ဒီလို အဓိပ္ပါယ် ဖွင့်တယ်ဗျ”

ENGINEERING IS NOT ONLY ABOUT SITTING IN A NICE OFFICE AND WORKING ON AUTO CAD; IT IS MORE ABOUT REAL LIFE PROBLEM SLOVING ABOUT GIVING BACK TO SOCIATY.IT CAN BE AS MUCH A 'CARING' PROFESSION AS TEACHING OR NURSING ”

”ပိုဆိုးတာက ကိုယ်သင်ခဲ့တဲ့ ပညာတွေကို အခြေခံပြီး ငါပညာတတ်တယ်ဆိုပြီး သာယာနေတဲ့ တဏှာ၊ သူတို့ထက် ငါသာတယ်၊ သူတို့ ငါ့လောက်မသိပါဘူးဆိုတဲ့ တက်ကြွနေတဲ့ မာန၊ ငါ ပညာတတ်တာဆိုတဲ့ ဒိဋ္ဌိ၊ အဲဒီ တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ ဂါဟတရားကြီး သုံးပါးက ပညာတတ်ကြီးကို ပြန်ကိုက်ပါလိမ့်မယ်၊ ဂါဟ အကိုက်ခံ ရရင်တော့ အပါယ် ငရဲ ဆင်းရဖို့ဘဲ ရှိပါတတော့တယ်။ ဒါဟာ စာမှာသာတတ်ပြီး ကိုယ်မှာ မတတ်တဲ့ သဘောပါ။ ဒါကို ဘဲ ဒီပဲရင်းဆရာတော်ကြီးက ”ကိုယ်မှာမတတ်၊စာမှာတတ် ဂါဟတ်ကိုက်တတ်သည်” လို့ သြ၀ါဒပေးခဲ့တယ်။ ””ရဝေနွယ် (အင်းမ) မဂ်လာ အတွေးများ စာအုပ်မှ ကောက်နုတ်တင်ပြပါတယ်။

ဒီးဒိုး။

Tuesday, October 1, 2013

အိမ်မက် ထဲက ကျောင်း..။


ကျောင်း...
ပြောင်းလဲနေတဲ့ မြန်ပြည် ခုခတ်တခေတ်မှာ နိုင်ငံတကာ အဆင့်မီကျောင်းတွေ ဖွင့်ကြတော့မယ် လို့ ကြားရတော့ ၀မ်းသာ ပီတိဖြစ်မိပါရဲ့။
ကိုယ် ကိုတိုင်က လည်း နိုင်ငံတကာ အဆင့်မီ ကျောင်း တက်ဖူးချင်ခဲ့တယ် ဆိုတဲ့ အိမ်မက်လေးတောင် မရှိခဲ့တာအမှန်ပါ။
အသက်မသေရုံတမယ် ၀မ်းစာကို ရှာရင်း အောင်ရင်တော်ပီကွာ ဆိုပီ အကြမ်းနည်းနဲ့ အပူတိုက်လို့ ရယူခဲ့ရတာဆိုတော့လေ။
နောက်လူတွေ အတွက် ၀မ်းသာပီတိ ဖြစ်မိပါရဲ့။

ခုခေတ် ရဲ့ အောက်ခြေကနေ ၀န်ကြီး အဆင့်ထိ တကယ် လိုအပ်နေတာ ပညာရေးလား ဆိုတဲ့မေးခွန်း မေးကြည့်ပြန်တော့လည်း
မှန်ပါတယ် ပညာမြင့်မှ အစစ အရာရာ မြင့်မားလာမှာကိုး။
ဒါပေမယ့် ဒီကနေ့ လက်တွေ့ ပြန်တွေးကြည့်တော့ မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အရှေ့တောင် အာရှမှာ အောက်မကျသေးတာ တွေ့နိုင်ပါတယ်။
ဘာလို့ ကျွန်တော်ပြောနိုင်တာလဲ ဆို တော့ အနီးစပ်ဆုံး စင်ကာပူနိုင်ငံမှာဘဲ ကြည့် မြန်မာနိုင်ငံ က အင်ဂျင်နီယာ ဘွဲ့ ရလာတဲ့ သူကို pass အလိုက် ထိုက်တန်တဲ့ လစာ ကို ပေးထားတာကိုကြည့်ခြင်းအားဖြင့်တွေ့နိုင်ပါတယ်။
အင်ဂျင်နီယာ ဘွဲ့ယူလာ ပီး ဘာအလုပ်ရရ လုပ်မယ်ဆိုတာ မပါပေါ့ဗျ။
ဘွဲ့ရ တယောက်ကို လည်း တခြား အရှေ့ တောင်အာရှမှာ မပေးနိုင်တဲ့ လစာပေးထားတာအမှန်ပါဘဲ။
ကိုယ့်ကို ကိုယ် ယုံကြည်မှု မရှိလို့ ဒီလောက်ရလည်း တော်ပါပီကွာ ဆိုတဲ့ သူမပါပေါ့လေ။
တကယ်လို့ သာ စင်ကာပူ နိုင်ငံက ဒီလောက်မဟုတ်ပါဘူးကွာ ဆိုပီး အောက်ချ သတ်မှတ်လို့ ရပါတယ်။
စင်ကာပူ ဒီလောက် မညံ့ပါဘူး။
မြန်မာ ဘွဲ့ရတွေလည်း ဒီလောက်မညံ့ပါဘူး။

ဒါပေမယ့်
မြန်မာနိုင်ငံ အတွက် အဓိက လိုအပ်နေတာ က မူကြိုကျောင်း..။
ဘာလို့ မူကြိုကျောင်းလည်း လို့ ဆိုရာမှာတော့။
မြန်မာ နိုင်ငံရဲ့ အနာဂတ်ကို ဦးဆောင်မယ့် ခေါင်းဆောင်သစ်တွေမှာ နှလုံးရည် ပိုမိုတိုးတက်လာစေချင်လို့ပါဘဲ။
ခုခေတ် ခေါင်းဆောင်တွေက နှလုံးရည် မှာ အ၀ိစိကို ရောက်နေတယ်။
ကိုယ်ချင်းစာ စိတ်မရှိဘူး။
ကြင်နာ သနားစိတ်မရှိဘူး။
ငါ့အတွက် ဘဲ ကြည့်နေတယ်။
ငါလွတ်ရင် ပီးရော ဆိုလုပ်နေကြတယ်။
ငါ့နေရာ မကျရေး ဆိုတာဘဲ တွေးနေကြတယ်။
team work ကို နားမလည်ကြဘူး။

အဲလိုဘဲ နောက်လိုက်ငယ်သားတွေကလည်း
ခိုမယ်၊ကပ်မယ်။
ရှေ့တမျိုး၊နောက်တမျိုးလုပ်မယ်။
ပီးရင်လဲ ပီးသွားတာပေါ့ကွာ..။
နောက်ဆုံး လုပ်သင့် လုပ်ထိုက်တဲ့ အမိန့် ကိုတောင် လွန်ဆန်လာကြတယ်။
ငါ့ခေါင်းဆောင်အတွက်၊ငါ့အလုပ် ဘယ်လို လုပ်မယ် ဆိုတာ မရှိတော့ဘူး။

ဒီလို အတ္တဘောကြီးတွေ ဦးဆောင်လုပ်နေ၊နောက်လိုက်နေမှတော့ ဘယ်လို ငြိမ်းချမ်းသာယာမလဲ။ဘယ်လိုတိုးတက်မလဲ။
ဒီလို စိတ်ဓါတ်တွေရှိတာကိုလည်း သူတို့တွေကို အပြစ်မတင်လိုပါဘူး။
သူတို့မှာ ကိုယ်ချင်းစာ တရားရှိဖို့ ကျောင်းနေစဉ် ကာလ ကိုယ်ချင်းစာတရားနဲ့ ပတ်သက်လို့ ဘာမှ မလုပ်ခဲ့ရဘူး။
ကြင်နာ သနား ခြင်းဆိုတဲ့ စိတ်ဓါတ်လေး ၀င်ဖို့ ဘာမှ မလုပ်ခဲ့ရဘူး။
ငါ စာမေးပွဲအောင်မှ ဖြစ်မယ် ဆိုတဲ့ စိတ်ကလေးနဲ့ တခါတလေ ကိုယ်သိတာ သူတပါးကို ဝေငှဖို့ ဆိုတဲ့ အစဉ်အလာ လဲ မလုပ်ခဲ့ရဘူး။
ခုနောက်ပိုင်း ကျောင်းတွေမှာ ကျောင်းသူကျောင်းသား အားလုံး စုဖွဲ့ပြီး လုပ်တဲ့ လုပ်ငန်းတွေ မရှိတော့ဘူး။
သူတို့လေးတွေရဲ့ အပြစ်မဟုတ်ပါဘူး။

ပညာရေးကို ဘယ်လိုကောင်းအောင် လုပ်မလဲ ဆိုတဲ့ အသိညဏ် မရှိတဲ့ လူတွေ ချမှတ်ခဲ့လို့ သာ ဒီလို ဘရုတ်ဘရက် ဖြစ်ခဲ့ရတာပါ။
ဒီလိုဆိုရင် ဒီကနေ့ ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစား စရာဖြစ်ခဲ့ပြီပေါ့။
သူငယ်ချင်းတယောက် ကပြောတယ်။
" ဟရောင် ကြီးကြီး ကျယ်ကျယ် တွေလုပ်မနေပါနဲ့ကွာ ဒီကနေ့ ကစလို့ နောင် နှစ်ပေါင်း တရာမှာ ဒီကနေ့ အသက်ရှင်တဲ့ လူတွေ တယောက်မှ ဒီကမ္ဘာ ပေါ်မှာ မရှိတော့ဘူးကွ"
ဒီကနေ့ ဒီကမ္ဘာကြီးရဲ့ အနာ၈တ်က အသက် ၄၀ နှစ် အထက်တွေအတွက်မဟုတ်တော့ဘူး။
ဒီကနေ့ အသက် ၄၀ နှစ်လူတွေက ဆက်ဦးဆောင်နေရင် မြန်ပြည် လည်း ဒီထက် တိုးတက်စရာ အကြောင်းမရှိတော့ဘူး။
ဘာလို့လဲ ဆိုတော့ အကျင့်တွေကို မပြောင်းလဲ နိုင်ကြတော့ဘူး။

ဒီကနေ့ မြန်ပြည်ရဲ့ ရပ်ကွက်တိုင်းမှာ ခေတ်မီ မူကြိုကျောင်းတွေဖွင့်...။
ဆရာ၊ ဆရာမ တွေကိုလည်း သေချား စီစစ်။
စိတ်မဆိုး၊စိတ်မတိုတတ်တဲ့ ဆရာမ၊ ကိုယ်ချင်းစာ တရားအပြည့်ရှိတဲ့ ဆရာမ၊လေသံ မာမာတောင် မပြောတတ်တဲ့ ဆရာမ။
လိုအပ်ရင် နိုင်ငံခြားကခေါ်။အမြင့်ဆုံး လစာကို ပေး။
ကိုယ်ရည် ကိုယ်သွေးမြင့်မားတဲ့ ဆရာ၊ဆရာမတွေကို နောင် အနှစ်လေးဆယ်မှာ မြန်မာနိုင်ငံကို ဦးဆောင်မယ့် ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေး ဒါဆိုရင် နောင်အနှစ်လေးဆယ်မှာ မြန်ပြည်ဟာ အလွန်ကောင်းမွန်လာနိုင်မယ်။

ဒါမှမဟုတ်ရင်တော့
ကိုယ်ချင်းမစာတတ်သော
ငါ့ဖို့ အတ္တကြီးလွန်းသော
ခွဲခြားဆက်ဆံတတ်သော..
ရှေ့နောက် မညီညွတ်သော
အမြီးကြက် အမြီးစား ခေါင်းကျက် ခေါင်းစား သော
ရေဗူး မလို ရေကို သာလိုသော.....
တပါးသူကိုသာ အားကိုးတတ်သော
အမျိုးသားချင်း နှိမ့်ချ ရန်လိုတတ်သော
ငါသာ ကောင်းသည် ဟု ထင်တတ်သော
ခေါင်းဆောင်များ သာ ဆက်အုပ်ချုပ်ကာ မြန်ပြည်ကြီးလည်း အမှုန့် ပင် ဆယ်မရနိုင်တော့ပါလေ။

ဒီကနေ့ကစ နောင် အနှစ်တရာမှာ သန်း ၇၀၀၀ လူတွေဟာ ဒီကမ္ဘာမှာ ရှိကြတော့မှာ မဟုတ်ပါဘူး။

ဒီးဒိုး။၂၉၊၀၆၊၂၀၁၃။၁၆၀၈နာရီ။







Jet ai Wun Pawng



"Ma sha"
Karai lata
Shari rawng ai
Magrau gran ai
Jet ai Wun pawng (jinghpaw ,zaiwa ,lisu ,lavol,lachid ,rawang )

"Sai"
Sa di dung ai
san seng ai
Hkyeng tsawm la ai
Jet ai Wunpawn (Sai)

"N'htu"
Ngang kan ai
Kat ai tai ai
Myu sha maga ai
Jet ai Wunpawn( Nhtu).....

"Ting san"
Gun jaw gun ya
Hpai tawn hpai la
Prat dep htung hking rawng ai
Jet ai Wun pawn (Ting san)


Didoe (23/06/2013)2221.


Tuesday, June 4, 2013

ခြောက်ရောင်ချယ် သက်တန့် (သို့) ကချင်


အမှန်တကယ်တော့ သက်တန့် ဆိုတာ ခုနှစ်ရောင်ရှိတာ လူတိုင်း သိကြတာပေါ့။
သက်တန့်ဆို ဆိုတာ ငြိမ်ချမ်း ခြင်းရဲ့ သင်္ကေတ လည်း ဖြစ်တယ်။ နောက်...
ခရစ်ယာန်တွေ အတွက် ဆိုရင် ဘုရားသခင်ရဲ့ ဂတိတော် နမိတ် လက္ခဏလည်းဖြစ်တယ်။
ဒီတော့ကာ ကချင်(WunPawng) မှာ လူမျိုး ခြောက်မျိုးဘဲ ရှိတော့ ငြိမ်းချမ်းရေးနိမိတ်ဆောင် ခြောက်ရောင်ချယ် သက်တန့် လို့ တင်စားချင်တော့တာပါဘဲ။


ကချင်လူမျိုး (၁၂)မျိုးရှိတယ် ဆိုတော့ ခေါင်းနဘန်းကိုကြီးသွားတာပါဘဲ။
အဲဒါတွေကတော့
၁။ကချင်
၂။တရုမ်း(taron)
၃။ဒလောင်
၎။ဂျိမ်းဖေါ့
၅။ဂေါ်ရီ
၆။ခခူး
ရ။ဒူးလန်း
၈။မရှူ(လော်ဝေါ်)
၉။ရ၀မ်
၁၀။လရှီ(လချိတ်)
၁၁။အဇီး
၁၂။လီဆူး ပါတဲ့ ခင်ဗျာ...။


ဒါကတော့ မသိနားမလည်လို့ ရေးတာ ဒါမှမဟုတ် အလိုကျ အလိုက်ဆောင် လိုလို့ ရေးတာ (သို့်) ခွဲလို့ရ သမျှ ခွဲရအောင်လို့ ရေးတာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ကျွန်တော်ဖတ်ဖူးတဲ့ စာတချို့ မှာ နဲ့ သူငယ်ချင်း တချို့ကတော့ စာထဲမှာ ကချင် ၁၂ မျိုးရှိတယ်လို့ ဆိုပါတယ်။
အမှန် ဒါဟာ လုံးဝ အမှားပါ။ အဲဒီ စာကို ပြုစု ခဲ့ သူဟာ သေချာ မလေ့လာဘဲ၊ ဒါမှမဟုတ် လူတစုရဲ့ စိတ်အလိုလိုက် ပီး ခွဲနိုင်သမျှ ခွဲခဲ့ တာပါဘဲ။

ကချင်လူမျိုး လို့ ဆိုရင် ဂျိမ်းဖေါ့၊အဇီး၊မရှု၊ရ၀မ်၊လချိတ် နဲ့ လီဆူး တို့ ဘဲ ဖြစ်ပါတယ်။
ကချင် ဆိုတာ ကတော့ အဲဒီ လူမျိုး ခြောက်မျိုး ကို ပေါင်းစည်းပီး (General term) အနေနဲ့ ခေါ်တာပါ။
ကျွန်တော်မှာ (research) မရှိပါဘူး။ဒါပေမယ့် နားလည်၊တတ်သိတဲ့  လူကြီးများကို သေချာ မေးစမ်းထားတာပါ။
နောက် ဗဟုသုတ အနေနဲ့ကတော့ KIA တွေ ဆောင်းတဲ့ ဦးထုပ် မှာ ထောက် ခြောက်ထောက် ပါပါတယ်။
အဲဒီ ထောက် ခြောက်ထောက်ဟာ ကချင်လူမျိုး ခြောက်မျိုး ကို ကိုယ်စားပြုတယ်လို့ KIA နောင်တော်ကြီးတွေက ပြောပြခဲ့ဖူးတာကို အမှတ်ရနေပါတယ်။

နောက် သူတို့တတွေ စာထဲမှာ ဖတ်ဖူးတာ ခါခူး လူမျိုး ဆိုတာ ကချင်ထဲမှာ ပါတယ်ပေါ့။
အမှန်တော့ ခါခူး ဆိုတာ လူမျိုး မဟုတ်ပါဘူး။ နေရာဒေသ ပါ။
ခါခူး ဒေသမှာ နေတဲ့ ဂျိမ်းဖေါ့ ၊အဇီး၊မရှု၊ရ၀မ်၊လချိတ် နဲ့ လီဆူး တမျိုးမျိုး ဘဲ ဖြစ်နိုင်ပါတယ်။
ဒီအတိုင်းပါဘဲ ဂေါ်ရီ ဆိုတာလည်း ဒေသပါ လူမျိုးမဟုတ်ပါဘူး။
အဲဒီဒေသ လူတွေက ဂျိမ်းဖေါ့ စကားပြောရင် ၀ဲပါတယ်။

ဥပမာ ဆိုကြပါစို့ အညာဒေသမှာ နေတဲ့ လူတွေ ဗမာဟာ ဗမာ လူမျိုးပါဘဲ။တနည်း ခေါ်ကြတာလည်း ရှိတယ် အညားသားပေါ့။
အညာသား က လည်း ဗမာပါဘဲ။ သူတို့ ကို အညာလူမျိုး လို့ မသတ်မှတ်ကြပါဘူး။

အဲလိုပါဘဲ ခါခူး ဒေသမှာ နေတဲ့ ဂျိမ်းဖေါ့ ၊အဇီး၊မရှု၊ရ၀မ်၊လချိတ် နဲ့ လီဆူး တွေဟာလည်း ဂျိမ်းဖေါ့ ၊အဇီး၊မရှု၊ရ၀မ်၊လချိတ် နဲ့ လီဆူး တမျိုးမျိုး ဘဲ ဖြစ်မှာပါ။ ခါခူး လူမျိုး ဆိုပီး မဖြစ်ပါဘူး။

ဒီတော့ကာ အညာဒေသ က ဗမာတွေကို တော့ အညာသားလို့ ခေါ်ပေမယ့် အညာလူမျိုး လို့ မသတ်မှတ်ပါဘဲ။
ခါခူး ဒေသ က ကချင်တွေကို ကြတော့ ခါခူး လူမျိုး လို့ ထပ်မံ ခွဲခြား လိုက်တာ ဘာကြောင့်လည်း ဆိုတာ သိချင်နေမိပါတယ်။
ထို့အတူ ဂေါရီ ဒေသက ကချင်လူမျိုးတွေကို လည်း ဂေါ်ရီ လူမျိုး ဆိုပီး ကချင်ထဲ ထပ်ထည့်ပီး ထပ်မံ ခွဲခြား လိုက်ပြန်ပါတယ်။


ဒီတော့ ကျွန်တော် သိစေချင်တာ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်း အားလုံးပေါ့ဗျာ...။
စစ်အစိုးရ လက်ထက်မှာ သူတို့ အလိုကျ လုပ်ဆောင် ပေးခဲ့ရတဲ့ သူတွေ အများကြီးရှိမှာဘဲ။
ဘယ်သူကိုမှ အပြစ်တင်လိုတာ မဟုတ်ပါဘူး။
ကချင် လူမျိုး ခြောက်မျိုး ကနေ ၁၂ မျိုး အထိ ခွဲစိတ်လိုက်တဲ့ အပေါ် စိတ်မကောင်းဖြစ်မိတာရယ်။
ခုလက်ရှိ သိနေတဲ့ သူတွေရယ် နောင်လာမယ့် မျိုးဆက် သစ်တွေရယ် အမှတ် မမှားရအောင် ရေသား လိုက်ရခြင်းသား ဖြစ်ပါတယ်။

တကယ်တော့ ကချင်ဆိုတဲ့ လူမျိုးမှာ
၁။ဂျိမ်းဖေါ့
၂။အဇီး
၃။မရှု(လော်ဝေါ်)
၎။ရ၀မ်
၅။လချိတ် နဲ့
၆။လီဆူး
တို့သည် ငြိမ်းငြိမ်းချမ်းချမ်း နှင့် ရိုးသာစွာ နေထိုင်တတ်ကြသော ခြောက်ရောင်ခြယ် သက်တန့် ဘဲဖြစ်ပါတယ်။

ဒီးဒိုး။၅၊၆၊၂၀၁၃။၁၃၄၇။