Thursday, May 13, 2010

ငါး(သို့) ၅ (သို့) ပြန်လမ်းမဲ့

လေး...ပြီးတော့...ငါး
ငါးရဲ့  ဂုဏ်သတ္တိ ထူးခြားမသိ
ဆယ်ဂဏန်းရဲ့  တ၀က်တိတိ။

ငါး....
ပေါင်းလွယ်၊မြှောက်လွယ်လို့
ငါ့ ပါးစပ်၊ မှတ်ညဏ်ထက်
လွယ်ကူစီးမြောခဲ့တဲ့.....ငါး....

ငါး....
ကန်ထဲက ငါး
မမြင်ရတဲ့ ငါး ကိုစိန်ခေါ်လို့
ငါ့ရဲ့  ချိတ်က ငါး ကိုစောင့်တယ်။

ငါး....
ကုန်းပေါ်က ငါး
ချိုမြိန်စကားမှာ သကာနှောလို့
ငါးတို့ရဲ့  ည သန်းခေါင်ထက်နက်တယ်။

ငါး....
သောက်မလား သုံးမလား
ပျော်ရာ ဘုံနန်းဆီ ခေါ်ဆောင်သွားလို့
ေ၀၀ါးစေမယ် အရှိုက်ခက်ချိန်
မင်းရဲ့ ဘ၀ ငါး ခေါ်ဆောင်ရာနောက်
ကောက်ကောက်ပါမယ် ပြန်လမ်းတော့ မဲ့။

ဒီးဒိုး...
၀၆၊၀၅၊၂၀၁၀

Tuesday, May 4, 2010

နင်....

နင်...ကဝေ ရဲ့  ကိုယ်ပွားလား
လူ့ဘ၀ စိတ်ဓါတ်ခန္ဒာ
ခြောက်ခြားသွားအောင် ပြုစားခဲ့တယ်။

နင်...စုန်းမ ရဲ့  ၀ိညာဉ်လား
လူ့ဘ၀ သိစိတ်မှတ်ညဏ်
ထုံထိုင်းသွားအောင် ခိုင်းစေခဲ့တယ်။

နင်...အမှန်း ရဲ့  စေတမန်လား
လူ့ဘ၀ သွေးသားတခုလုံး
ပြောင်းပြန်လည်အောင် လုပ်ခဲ့ပြန်တယ်။

နင်...မာရ်နတ် ရဲ့  သမီးလား
လူ့ဘ၀ အသက်တချောင်း
ပျောက်ကွယ်သွားအောင် စွမ်းဆောင်ခဲ့တယ်။


ဒီးဒိုး
၀၄၊၀၅၊၂၀၁၀

လိုအပ်ချက် (သို့)အမှန်တကယ်

ချစ်သူအတွက် အသက်ပေးလိုက်တာလား......
အမှန်တော့ ချစ်သူ က
မင်းအသက်ရှင်လျက် ဘ၀ရှင်သန်နေတာကို မြင်ချင်တာပါ....။

နိုင်ငံအတွက် အသက်ပေးလိုက်တာလား....
အမှန်တော့ နိုင်ငံ က
မင်းအသက်ရှင်လျက် အလုပ်အကျွေးပြုတာကို ရချင်တာပါ....။

မိဘအတွက် အသက်ပေးလိုက်တာလား....
အမှန်တော့ မိဘ က
မင်းအသက်ရှင်လျက် ကျွေးမွေးပြုစုတာကို လိုချင်တာပါ....။

အပေါင်းအသင်းတွက် အသက်ပေးလိုက်တာလား....
အမှန်တော့ ငါတို့အားလုံး
မင်းအသက်ရှင်လျက် ရီမောဟားတိုက်နေတာကို တွေ့ချင်တာပါ....။

အမှန်တကယ် ဘဲ သူငယ်ချင်း
နှစ်ပေါင်းတထောင် အသက်ရှင်မယ့်
သစ်ပင်ကြီးတပင်ဖြစ်စေချင်တယ်..

ဒါမှလဲ
မင်းရဲ့ 
......ချစ်သူ
......နိုင်ငံ
......မိဘ
......အပေါင်းအသင်း..
အားလုံးအတွက်
အသက်ပေးလောက်တဲ့ထိ
ပေးဆပ်စရာလိုဘူး ဆိုတာ....မင်းသိလိမ့်မယ်။


ဒီးဒိုး..
၃၀၊၀၄၊၂၀၁၀

” ဖြူ ”

” ဖြူ ”
တို့နှစ်ယောက်လျောက်ခဲ့ ဒီလမ်းထက်
ခြေရာတစ်စုံတည်း ကျန်(ရစ်)ခဲ့တယ်...။

” ဖြူ ”
သွေးကြောထဲမှာ လှည့်ပတ်စီးဆင်း
အကောင်းဆုံးတွေ ၀ါး(မြို)ခဲ့တယ်..။

” ဖြူ ”
စိတ်ဓါတ်ခန္ဒာ ဖြေး(ဖြေး) ခြုံး (ခြုံး)ကျ
အသက်ငွေ့မှာ စိုးမိုးခဲ့တယ်..။

” ဖြူ ”
စိတ်မျက်လုံးမှိတ် မှတ်ညဏ်ပိတ်
ခေါ်ရာဘုံနန်း(သို့) ရောက်ခဲ့တယ်..။

” ဖြူ ”
တပ်မက်တောင်းတ ရင်နှင့်(အ)မျှ
ဘ၀တစ်ခုလုံး မင်းပိုင်တယ်..။

” ဖြူ ”
မင်းထားခဲ့ဘ၀ ဒီလိုည
ငါ့အိပ်မက်တို့ ရိုင်းခဲ့တယ်..။

” ဖြူ ”..........
.......” ဖြူ ”....


ဒီးဒိုး
၂၅၊၀၄၊၂၀၁၀