Friday, April 9, 2010

မိဘမေတ္တာ ခါးသီးလွန်းလို့လား(၃)

ွှုငါ့မှာ သူငယ်ချင်း တယောက်ရှိတယ်။
"အန်းကူ" တဲ့ သူ့ရဲ့  ခြေထောက်တဖက်က သေးသေးလေး ရယ်..သူက ငါ့လို လမ်းမလျှောက် နိုင်ဘူး။
သူအဖေ က ကုန်းပိုးပြီး ကျောင်းလာလာ ပို့တယ်။
ငါလဲ သူလိုဘဲ အဖေကို ကုန်းပိုးပြီး ကျောင်းလာချင်တယ်။
ဒါပေမယ့် သူလို ခြေထောက်သေးသေးလေး တော့ မဖြစ်ချင်ဘူး။
အဖေ အဝေးကြီးမှာ ရှိနေတာ နဲ့ စာရင် ငါခြေထောက် ကောင်းကောင်း ရှိနေတာ ပိုကောင်းတယ်။
ကျောင်းထဲ ၀င်ဖို့ ငါ အမြဲတန်း သူ့ ကို စောင့်ခေါ်တယ်။ သူက လက်ရေး သိပ်လှတယ်။ ငါ့ရဲ့  စာအုပ်အဖုံး မှာ ငါ့နာမည်ကို သူဘဲ ရေးပေးတာ။သူလဲ ငါ့ကို အရမ်းခင်တယ်။
သူများတွေ သူ့ကို စရင် ငါက စတဲ့သူကို ခဲတံ ထောင်ပြတာ။ ငါ့ကို စရင်တော့ သူက လက်ရေးလှအောင် ဘယ်လိုရေးရတယ် ဆိုတာ ပြောပြတယ်။
သူအတွက် ငါက အကုန်လုပ်ပေးတာ..ရေသောက်ချင်ရင်..အပေါ့သွားချင်ရင်..ဆရာမ ဆီ စာအုပ်သွားထပ်ရင်..အားလုံး ငါဘဲ လုပ်ပေးတာ။
သူ့ခြေထောက် သေးသေးလေး ဖြစ်နေတာ ဆေးထိုးမှားလို့တဲ့။
ငါ လဲ အဲလိုဖြစ်မှာ သိပ်ကြောက်တာဘဲ။ ပိုလီယို ဖြစ်တာ လို့ ပြောကြတယ်။
ဒါနဲ့ ငါဘယ်လောက်ဖျားဖျား ဆေးမထိုးဘူးလို့ မှတ်ထား လိုက်တာပေါ့ စိတ်ထဲမှာ..။
ကျောင်းသွားတော့ ကျောင်းမှာ ဆေးထိုးမယ့် ဆရာမတွေ ထမီ အနီတွေ နဲ့  အများကြီးတွေ့တယ်။ ကာကွယ်ဆေး ထိုးဖို့ လို့ ပြောနေကြတယ်။ ငါ အရမ်း ကြောက်သွားတာ ဘဲ။ အမေ့ကို သတိရတယ်။ အမေ့ကို ဆေးထိုးတဲ့ ဆရာမတွေ ကြား ရှာ ကြည့်တယ်။မတွေ့ဘူး။ ပြောဖို့ မေ့နေတာ...ငါ့အမေ က ဆေးထိုး တဲ့ ဆရာမ..ဒါပေမယ့် သူများတွေ လို ထမီ အနီ ၀တ်တာမဟုတ်ဘူး ထမီ အပြာရောင်ဝတ်တာ။ ငါ့အမေ က အင်္ကျီအဖြူ နဲ့  ထမီ အပြာရောင်၊ ဆေးထိုးတဲ့ ဆရာမတွေ ဆောင်းတဲ့ ဦးထုပ်ဖြူဖြူ လေးဆောင်းရင် အရမ်းလှတာ ဘဲ။ ဆေးထိုး တဲ့ ဆရာမ တွေလာရင်လဲ ပြောတယ် ဆရာမကြီး ကအရမ်းလှတာ ဘဲလို့။
ဆရာမတွေ ကြားမှာ အမေ့ ကိုရှာပေမယ့် မတွေ့ ဘူး။
ငါတို့ ဆရာမတွေ က လဲ တန်းစီ ခိုင်းနေပြီ။ ငါလဲ အရမ်းကြောက်တာ ဘဲ။ မထိုးဘူးလို့တော့ စိတ်ထဲမှာ မှတ်ထားတယ်။
ဒါနဲ့  လွယ် အိတ်ထဲ က ခဲတံ ကို ထုတ်ယူး ပြီးတော့ သွားတန်းစီတယ်။ အန်းကူ ကို တွဲခေါ်သွားတယ် သူက ငါ့ရှေ့ မှာ ရပ်တယ်။ တချို့  ကလဲ ငိုတယ်...အန်းကူ က သတ္တိရှိတယ်။ မငိုဘူး။ ငါ့ အလှည့် ရောက်လာတော့ ငါ ခဲတံ ကိုင်ထားတာ ဆရာမ မြင်သွား ပြီး.."သားကို မထိုးပါ ဘူး" လို့ပြော တော့ ငါပျော်သွားတယ်။
ပျော်လို့ မဆုံးခင် မှာ ဘဲ အမေ ရောက်လာပြီး တော့.."သားကို အမေ ကိုယ်တိုင်ထိုးမှာ လာ လာ" ဆိုပြီး အမေ ရောက်လာတယ်။ အမေ ကမုန်းဖို့ ကောင်းလိုက်တာ ဆရာမက မထိုးပါဘူး ဆိုမှ အမေ ကထိုးမယ်တဲ့ လေ။
ဒါပေမယ့် ငါ မကြောက်တော့ဘူး။ အမေ က ငါကို တော့ မှားအောင် ခြေထောက်သေးသေး လေး ဖြစ်သွားအောင် တော့ လုပ်မှာ မဟုတ်ဘူးလို့ ယုံတယ်။
ဆရာမ က "ပေးပေး သားခဲတံ ဆရာမ ကိုပေး" လို့ ပြောတယ်။ငါမပေးဘူး ဆရာမ ကို...ဆရာမ က ငါ့ကိုကြည့်နေတယ်။ ငါ အမေ့ဖက် ကို လှည့်လိုက်ပြီး ခဲတံ ကို အမေ့ ကိုပေးလိုက်တယ်။ ဆရာမ က မတ်တပ်ရပ်နေတာလေ...အမေ က ဆရာမ ကို ဖက်ထားလို့ ပြောတာ နဲ့ ဆရာမ ခြေထောက်ကို ငါ တအားဖက်ထားတာ။ အမေ ဆေးထိုးတာ လဲ အရမ်းနာတာပါ ဘဲ။
တခါတလေ လဲ ဆေးထိုးမှား ပြီး ခြေထောက်သေးသေးလေး ဖြစ်ရင် ကောင်းမှာ ဘဲ လို့ ထင်တယ်။ဒါမှ ငါ့အဖေ ပြန်လာပြီး ငါ့ကို ကုန်းပိုး ပြီး ကျောင်းလိုက်ပို့ မှာလေ။ ဒါပေမယ့် ငါ လမ်းမလျောက်နိုင်မှာ ကိုတော့ ကြောက်တယ်။ ခြေထောက် သေးသေးလေးလဲ မဖြစ် အဖေ လဲ ငါ့ဆီ ပြန်လာ ဆို ပို ကောင်းမှာ လို့ လဲ တွေးမိသေးတယ်။
အဲဒီ နေ့ အိမ်ပြန်ရောက်တော့ အမေ က ရေနွေး အိတ်နဲ့ ဆေးထိုးထားတဲ့နေရာ ကို ကပ်ပေးတယ်။ ဒီည အဖေ ပြန်လာ ပြီး မနက်ဖြန် ငါ့ကို ကုန်းပိုးပြီး ကျောင်းလိုက်ပို့ ရင်ကောင်းမယ် လို့ အမေ့ ကို ပြောချင်တယ်။ ဒါပေမယ့် ငါ မပြောခဲ့ဘူး။ အဖေ့ ကို မေးရင် အမေ က ငိုတတ်လို့။ အမေမျက်ရည် ကျရင် ငါလဲ ငိုချင်တာဘဲ။ ဒါပေမယ့် ငါကမငိုဘူး။ အမေ့ ကို ငိုတာ မမြင်ချင်လို့ ငါမမေးတော့ဘူး။ ငါရင်ထဲ မှာတော့ အဖေ ပြန်လာ ရင်ကောင်းမှာဘဲ လို့ ထင်နေတုန်းဘဲ။ အဲ ဒီည အိပ်မပျော်ဘူး။...

No comments:

Post a Comment