Thursday, April 22, 2010

မိဘမေတ္တာ ခါးသီးလွန်းလို့လား(နိဂုံး)

အဖေ က အဝေးကြီးမှာ ပိုက်ဆံသွားရှာတယ်။
ဒီနွေရာသီ ကျောင်းပိတ်ရင် အမေလဲ အဝေးကြီးကို တာဝန်နဲ့ ပြောင်းရမယ်တဲ့။
အမေ့ကို ”မသွားပါနဲ့လား အမေ” လို့ ပြောတော့...အစိုးရအလုပ်က မသွားလို့ မရဘူး လို့ ပြန်ဖြေတယ်။
ငါလဲ ချက်ချင်းဘဲ ”ဒါဆို သားကို လဲ ခေါ်သွားမှာနော်” လို့ မျှော်လင့်ချက်ကြီး တစ်ခုနဲ့ မေးလိုက်တယ်။
မလိုက်ရဘူးဆိုတာကို သိပြီးသားပါ။ ဟိုအရင် အမေ သင်တန်းသွားတက်တိုင်း လဲ တစ်ခါမှ မလိုက်ရတာကို။
ငါလေ သိပ်မုန်းတာဘဲ။ ပိုက်ဆံရှာတာနဲ့ အစိုးရ အလုပ်ဆိုတာ ကို။
နွေရာသီကျောင်းပိတ်ရင် ငါ့ကိုလဲ တောင်ပေါ်က အဖွားဆီ ပို့မယ် လို့ ပြောနေကြတယ်။
ပထမတော့ ပျော်သလိုဘဲ နောက်မှ အမေ မပါဘဲ ငါသွားနေရမှာဆိုတော့ ငါမသွားချင်ဘူး။
အမေ မပါဘူးဆိုတော့ ငါ ၀မ်းနည်းလိုက်တာ။ အမေ က ပြောပါတယ်။အဖိုးရော အဖွားပါ ရှိတယ်..
အန်တီ ငယ်လဲ ရှိတယ်၊ မောင်နှမ ၀မ်းကွဲတွေ လဲ ရှိတယ်တဲ့ လေ။ အမေ့ ကို ဘာမှ ပြန်မပြောခဲ့ဘူး။
ဒါပေမယ့် ငါကို အမေ သိတယ်။
အိမ်ရှေ့  က ချောင်းဘေး မှာ ငါသွားထိုင်နေတယ်။ ငါးသေးသေး လေးတွေ အများကြီး ရေကူးနေတာ မြင်ရတယ်။
ငါးသေးသေးလေးတွေ ဖြစ်ချင်လိုက်တာ၊ သူတို့တွေမှာ အဖေရော အမေ သာမက သူငယ်ချင်းတွေ လဲ အများကြီးနဲ့ ပျော်နေလိုက်ကြတာ။
သစ်ရွက်တရွက်ခူးပြီးတော့ ရေထဲချ လိုက်တယ်။ပြီးတော့ သစ်ရွက်လေး ကို မှာလိုက်တယ်။ အဖေ့ ကို မြန်မြန် ပြန်ခဲ့ပါလို့ လေ။
”သား ရေ သား” အမေ့ခေါ် သံကြားတော့ အိမ်ဘက်ကို အပြေးပြန်လာ ခဲ့တယ်။

မနက်ဖြန် ကျောင်းပိတ်တာနဲ့ အိမ်မှာနေတဲ့ အန်တီ နဲ့ တောင်ပေါ် အိမ် အဖွားရှိတဲ့ နေရာကို လိုက်သွားရတော့မယ်။
မနက်ဖြန် ငါသွားရ မယ့် အချိန် အမေ က အိမ်မှာ ရှိမှာ မဟုတ်ဘူး အမေ ရုံးသွားမှာ။
ငါလဲ မပြောတော့ပါဘူး။ပြောလဲ နေခဲ့ရမှာ လဲ မဟုတ်ဘူးလေ။

တောင်ပေါ် အိမ်ရောက်တော့ အဖွားက ငါ့ကို အ၀ါရောင် အသီးကျွေးတယ်။
အဖွား က ကချင်စကားဘဲ ပြောနေတယ်။ငါ နားမလည်ဘူး။ ဒါနဲ့ အန်တီ ငယ်က အဖွား ဆီက ယူပြီး အခွံခွာပြီး
ငါ့ကို ကျွေးတယ်။ ငါစားပြီးတော့ ငါနေနေတယ်။
ခဏနေတော့ အန်တီ ငယ် က ရေသွားကူးရအောင် ဆိုပြီး ငါ့ကို ခေါ်သွားတယ်။
ငါ့အရွယ်တွေ အများ ကြီးဘဲ ရေကူးနေကြတယ်။ သူတို့ကို တွေ့တော့ ငါပျော်လာတယ်။
အန်တီ ငယ်က ငါ့ကို ကျောပိုးပြီး ရေငုပ်တာ ငါလေ ကြောက်လိုက်တာ။
နောက်တော့ ပျော်သွားတာဘဲ။ နုတ်ခမ်းတွေ ပြာနမ်းလာ တဲ့ထိ ရေဆော့ပြီး ပြန်ကြတယ်။
အိမ်ပြန်ရောက်တော့ အမေ့ကို သတိရ ပြန်တယ်။ အဖေ့ကို လဲ သတိရတာဘဲ။
ဘယ်သူကို မှ စကားမပြောဘူး။ ဘယ်သူကို ဘာပြောရမှန်းလဲ မသိဘူး။
အဘွား ဒီတခါတော့ ဗမာ စကားနဲ့ ပြောတယ် ” မြေးလေး က ပြုံးနေရင် ချောတယ်” တဲ့။
အပြုံးချိုချိုတွေ မြေးလေးမှာရှိတယ်တဲ့။ အဖွား ပြောတော့ အဖွားရှေ့ မှာ ပြုံးနေလိုက်တယ်။
ပြီးတော့ အမေ့ကို လွမ်းတာပါဘဲ။ အဖေ့ ကိုသတိရတာပါဘဲ။
ည အိပ်တော့ အဖိုး နဲ့ အတူတူ အိပ်ရတယ်။ အဖိုး အနံ့ က နည်းနည်း နံတယ်။
အမေ့ရဲ့  အနံ့ နဲ့တော့မတူဘူး။ အဖိုးနဲ့ တူတူ အိပ်ပေမယ့် ခပ်ခွာခွာလေး ဘဲ အိပ်တယ်။
ကိုယ်လေး ကို လဲ ကြုံ့ ထားတယ်။ အမေ နဲ့ ဆို အမေ့ကို အားရပါးရ ဖက်ပြီး အိပ်တာ။
ညက ခဏခဏ လန့်နိုးတယ်။နိုးလာတိုင်းလဲ အမေ့ ရဲ့  အနံ့ ကို မရဘူး။
အိပ်မက်လဲမက်တယ်။ အိပ်မက်ထဲ အမေ့နားကို ဘဲ ရောက်ရောက်နေတယ်။ ကောင်းကောင်း အိပ်လို့မရဘူး။ အမေ့ ကို အရမ်း အောက်မေ့တာဘဲ။

........ငါ့မှာ အပြုံးချိုချိုတွေရှိပေမယ့် ငါမလိုချင်ဘူး။
ဒါဆို ငါ့အနားမှာ မရှိတဲ့ အဖေ နဲ့ အမေ က ခါးနေတာလား။
ငါမလိုချင်ဘူး။ အဖေ နဲ့ အမေ ခါးသီးနေပါစေ...အဖေနဲ့ အမေ ကြားမှာ ဘဲ ငါ အိပ်ချင်တယ်။
သူတို့ နဲ့ဘဲ ငါနေချင်တယ်။ ဘယ်မှာ လဲ အဖေ ရယ်။ သနားပါ အုန်း အမေရယ်။...
အမှန်တကယ်ဘဲ မိဘမတ္တာခါးသီးလွန်းနေလို့လား...ပြန်ခဲ့ပါ အဖေရယ်။ သနားပါအုန်း အမေရယ်။

ဒီးဒိုး

No comments:

Post a Comment