Friday, November 5, 2010

ယုံကြည်ရာ (သို့) ကောင်းကင်ပြာ

ကျွန်တော့် အတွက် ကတော့ အချစ်က မိုးကောင်းကင်ကြီးလိုပါဘဲလေ။
တကယ့် ကို အချစ်ရဲ့ သင်္ကေတ အပြာရောင် ကောင်းကင်ကြီးပါဘဲ။
ကောင်းကင်ကြီးကို အလှဆင်မယ့် လမင်းကြီးရှိမယ်၊ကြယ်လေးတွေ လည်းရှိမယ် အပြာရောင် ကောင်းကင်ထက်မှာပေါ့။နေခင်းဘက်မှာတော့ ဂွမ်းလိပ်တွေ ပြန့်ကျဲနေတဲ့ မိုးတိမ်တောင်တွေ တွေ့ရမယ်။
ပါးပါးလွာလွာ တိမ်လေးတွေလည်း တွေ့ရ မှာဘဲလေ။ဘာတွေ ဘယ်လိုဘဲ ရှိနေပါစေ ကောင်းကင်ကြီး
ရဲ့ မူလ အပြာရောင်လေးကတော့ မပြောင်းမလဲပေါ့။

ကောင်းကင်ကြီးရဲ့ မူရင်း အရောင် အပြာ ကို လမိုက်ညတွေမှာ ဆုံးရှုံးဖူးတယ်။
မိုးတိမ်တောင် မဲမဲတွေရှိတဲ့နေ့၊ မိုးတွေ သည်းသည်း မဲမဲ ရွာတဲ့ နေ့တွေမှာ အပြာရောင်
ကောင်းကင်ကြီး ပျောက်ကွယ်နေခဲ့ဖူးတယ်။ဆောင်းရဲ့ နံနက် အရိုးထိအောင် ချမ်းအေးတဲ့ နေ့တွေမှာ မြူမူံတွေကြား က ကောင်းကင်ပြာကြီးကို တမ်းတနေခဲ့ ဖူးတယ်။
အမှန်တော့ ကျွန်တော့်နေရာလေးမှာသာ အပြာရောင် ကောင်းကင် ကို ဆုံးရှုံးနေပေမယ့် တခြားတနေရာမှာ လှပတဲ့ အပြာရောင် ကောင်းကင် ကြီး တောက်ပနေမယ်ဆိုတာ ယုံကြည်မိတယ်။
တကယ်တော့ အပြာရောင် ကောင်းကင်ဟာ အပြာရောင် ကောင်းကင်အောက် နေထိုင်ကြသူ အားလုံးတွက်ဘဲ လေ။ အမှန်တကယ်လည်း ကောင်းကင်ကြီးက အပြာရောင်လေးပါ။တကယ်အမှန်ပါဘဲ အပြာရောင်ကောင်ကင်ကြီးက မပြောင်းမလဲပါဘူး။ ကျွန်တော်နဲ့ ကောင်းကင်ပြာရဲ့ ကြားက အကွာအဝေး၊အချိန်ဆိုတဲ့ သဘာဝကြောင့်သာ ကောင်းကင်ကြီးကပြောင်းလဲနေတယ်လို့ ထင်မိတာ။ တကယ်တော့ ကောင်းကင်ကြီး က အပြာရောင်ပါဘဲလေ။ အထင်ဆိုတာ လက်တွေ့ဖြစ်နေတာ နဲ့အများအားဖြင့် လွဲနေတတ်တာ လဲ သိခဲ့ရတယ်။

အချိန်ကာလရဲ့ အပြောင်းအလဲကြောင့် နွေရာသီလို ပူပြင်းတဲ့ ဒဏ်ရာကို ခံစားဖူးပေမယ့် အပြာရောင်ကောင်းကင်ကြီးကို မြင်နေတွေ့နေရလို့ စိတ်ချမ်းသာခဲ့ရတယ်။
တန်ခူးလကို ရောက်ပြီဆိုရင်ဖြင့် ပူပြင်းတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဖြေသိမ့်ဖို့ မိုးစက်လေးတွေ ဖန်ဆင်းတတ်တဲ့ ကောင်းကင်ကြီးကို ကျေးဇူးတင်မိတယ်။ ကျွန်တော်ရဲ့ အပြာရောင် ကောင်းကင်ကြီး ကပူပါစေတော့ဆိုပြီး ပူလောင်စေတာမဟုတ်ဘူး။ တတိယ တယောက်ဖြစ်တဲ့ နေမင်းကြီးက ပူလောင်စေတာလေ။ကျွန်တော့်ရဲ့ ကောင်းကင်ကြီး ကတော့ အရင်အတိုင်းမပြောင်းမလဲ ငြိမ်းချမ်းခြင်းတွေနဲ့ ပါ ပြီးတော့အေးချမ်းခြင်းရဲ့ အဓိပ္ပါယ် အပြာရောင် သက်သက်လေးပါ။ ကျွန်တော်နဲ့ ကောင်းကင်ပြာ ကြီးရဲ့ ကြားမှာ သဘာဝ က ပိုင်းခြားထားပေးတဲ့
အကွားအဝေးရှိတယ်။ အချိန်ဆိုတဲ့ ပြောင်းလဲတတ်တဲ့ အရာရှိတယ်။ အကွာအဝေးနဲ့ အချိန်လေးတွေက ပြောင်းလဲ တတ်တဲ့ အတိုင်း ပြောင်းလဲသွားပေမယ့် ကျွန်တော့်ရဲ့ ကောင်းကင်ပြာကတော့ အရင်အတိုင်းဆိုတာ ယုံကြည်တယ်။ကျွန်တော်ခံစားရတဲ့ အပူဟာ ကောင်းကင်ပြာကြောင့်မဟုတ်ဘူး။
ကျွန်တော်နဲ့ ကောင်းကင်ကြားက ပြောင်းလဲမှုလေးသာဖြစ်တယ်။
ကျွန်တော်က လဲ ကျွန်တော်ရဲ့ကောင်းကင်ဟာ အပြာရောင်လို့ ယုံကြည်နေဆဲဘဲလေ။
ကောင်းကင်ပြာ ပြောင်းလဲမသွားဘူးဆိုတာ ယုံကြည်သလို တကယ်လဲ ကောင်းကင်ဟာအပြာရောင်လေးဘဲပေါ့။
နွေရာသီမှာ ဘယ်ချိန်ကြည့်ကြည့် ဒီနေ့ထိ ကောင်းကင်ကြီးက မပြောင်းမလဲ ရှိနေတာ သက်သေဘဲလေ။

ပိုင်းခြားထားတဲ့ကာလ တစ်ခု ၀သာန်ရာသီရောက်လာပြန်တော့ ချစ်တဲ့ ကောင်းကင်းပြာကြီးကို ဆုံးရှုံးဖူးတယ်။အငြိုးကြီးစွာ ရွာချတတ်တဲ့ မိုးရေတွေနဲ့ အတူဝမ်းနည်းငိုကြွေးခြင်းတွေရှိဖူးတယ်။ ငိုကြွေးရင်းခြင်းနဲ့အတူ အပြာရောင်ကောင်းကင်ကြီးကို တမ်းတစွာမော့ကြည့်ဖူးတယ်။
မိုးရွာထဲ မှာ ငိုရတာကို ကျေနပ်မိတယ်။ကျွန်တော် ငိုနေတာ ဘယ်သူမှ မသိနိုင်လို့လေ။
တခါတလေတော့လည်း ကျွန်တော့်ရဲ့ကောင်းကင်ကြီးက အရောင်ပြောင်းသွားပြီ၊မည်းမှောင်သွားပြီလို့ ထင်ခဲ့မိတယ်။ကျွန်တော်ထင်သလို အပြာရောင်မဟုတ်တော့ဘူးလို့လဲ ထင်မိပြန်ရော။
ဒါဟာ ကျွန်တော်ရဲ့ အထင်၊ကျွန်တော့် ရဲ့သံသယတာဖြစ်တယ်။ကောင်းကင်ပြာကြိးကတော့ ကျွန်တော်မရှိတဲ့ တနေရာမှာ ပြာလဲ့ တောက်ပနေမှာ အမှန်ပါဘဲလေ။
မပြောင်းမလဲ ဘဲရှိနေတာဟာ ပြောင်းလဲခြင်းတွေ ဆိုတဲ့သစကား ကြားဖူးသားဘဲလေ။
ဘယ်လိုပြောင်းလဲခြင်းတွေ ပြောင်းလဲသွားကြပါစေ ကောင်းကင်ပြာကြီး ကတော့ မပြောင်းမလဲဘူးလို့ နောက်ဆုံးထွက်သက်ထိ ယုံကြည်နေပါရစေ။

ရိုးတွင်ချဉ်ဆီထိအောင် အေးတဲ့ရာသီမှာလို စိမ်းကားတဲ့ အကြည့်စိမ်းစိမ်းတွေနဲ့ စကားလုံးတွေရဲ့ ဒဏ်ကို ခံရဖူးတယ်။နာကျင်ခံပြင်းပေမယ့် ကောင်းကင်ကြီးက အပြာရောင်ဆိုတာ မမေ့ဘူး။ကောင်းကင်နဲ့ ကျွန်တော်ရဲ့ ကြားက ပြောင်းလဲမှုကြောင့်သာဖြစ်တယ်။ကျွန်တော်က လည်း ယုံကြည်ချက် မပြောင်းလဲသလို ကောင်းကင်ကြီးကလဲမပြောင်းလဲဘူး။အေးချမ်းတဲ့ ရာသီတွေမှာ မြူမှုံတွေကို မုန်းတယ်။ကျွန်တော့်ရဲ့ ကောင်းကင်ပြာကြီးကို မမြင်ရ၊မတွေ့ရအောင် ဖုံးကွယ်ထားတတ်လိုပေါ့။မြူမှုံလေးတွေမှာလဲ အပြစ်မရှိပါဘူး။
သူကလည်း သဘာဝအတိုင်းဖြစ်တည်ပေးနေရတာကိုး။ ကျွန်တော်ကသာ ခံစားလွယ် တဲ့ လူတယောက်ဖြစ်လို့သာ မုန်းမိတာနေမှာပါ။ သိပ်မကြာပါဘူး တောက်ပတဲ့ နေမင်းကြီး
ထွက်လာရင် မြူမှုံတွေ အဝေးကို ပြေးလို့ချစ်တဲ့ ကောင်းကင်ပြာကို တွေ့ရမှာလေ။ တကိုယ်လုံး အေးခဲသွားပါစေ၊နာကျင် ကိုက်ခဲနေပါစေ နေမင်းရဲ့ ရောင်ခြည်နဲ့ထွက်ပေါ်လာမယ့်
ကျွန်တော့်ရဲ့ ကောင်းကင်ပြာကို ကြည့်ဖို့ အချိန်တစ်ခုကို စောင့်မယ်။ ကျွန်တော် ချစ်တဲ့ ကောင်းကင်ပြာကြိးကလည်း အရောက်လာမယ်လေ။

ကျွန်တော်ကလည်း ကောင်းကင်ပြာကြီးကို ယုံကြည်တယ်။ပူခြင်း၊အေးခြင်း နဲ့ ၀မ်းနည်းကျေကွဲမှုအားလုံးဟာ ကျွန်တော်ကြောင့်မဟုတ်သလို ကောင်းကင်ပြာကြီးကြောင်လည်း
မဟုတ်ဘူး။အဲဒါတွေဟာ ကျွန်တော်နဲ့ ကောင်းကင်ပြာကြီးရဲ့ ကြားက အကွာအဝေးနဲ့ အချိန်ရဲ့ ပြောင်းလဲမှုသာဖြစ်တယ်။အကွာအဝေးနဲ့ အချိန် တို့ ကြောင့်ဖြစ်ပေါ်လာတဲ့
ကျွန်တော်တို့ နှစ်ယောက်ကြားက ပြောင်းလဲ မှုဖြစ်တယ်။အဲဒီပြောင်းလဲမှုဖြစ် စဉ်ကနေ အထင်နဲ့ သံသယဆိုတာ ပေါက်ဖွားလာတယ်။အထင်ဆိုတာကလည်း အမှန်မဟုတ်တော့အမှန်တကယ်ဖြစ်နေတာနဲ့ ဆန့်ကျင်ဖက်ဘဲပေါ့။သံသယဆိုမှတော့ အမှန်မဟုတ်ဘူးလို့ ပြောတာဘဲ မဟုတ်လား။အမှန်တော့ ကျွန်တော်မှတ်ယူထားတာ အပြာရောင်ကောင်ကင်ကြီးပါ။တကယ်လည်း ကောင်းကင်ကြီးက အပြာရောင်ပါဘဲ။ ဒီလိုပါဘဲ ကျွန်တော်အချစ်က လည်း ကောင်းကင်ပြာကြီးလိုပါဘဲ။

ချစ်ခြင်းများစွားဖြစ်
ဒီးဒိုး
၂၀၊၁၀၊၂၀၁၀။

No comments:

Post a Comment