Saturday, March 9, 2013

အိပ်ယာ


လူဆိုတာ မွေးလာကတည်းက အတန်းအစား မရွေး အိပ်ဖို့နေရာလေး တစ်ခုတော့ရှိမြဲဘဲ မဟုတ်လား။
ရွေလင်ဗန်းနဲ့ အချင်းဆေးပြီး မွေးလာတဲ့ သူတွေလည်း ကောင်းပေ့ဆိုတဲ့ မွေ့ယာနဲ့ ဘဲမွေးစောင်တွေ စုံလို့ လောကစည်းစိမ်ကို အိပ်ယာပေါ်မှာ ခံစားနိုင်ကြမှာပါဘဲ။
အိပ်ယာပေါ်မှာ မိစုံ ဖစုံနဲ့ လောက နိဗ္ပာန် ကို ခံစားနိုင်သူတွေအတွက်လည်း မုတိတာပွား စရာဘဲ။
ဒီလိုနဲ့ဘဲ ဆင်းရဲမွဲတေမှုကို ခါးစည်းခံလို့  အဖေ့ရဲ့ ပုဆိုး အစုတ်မပြောနဲ့ အမေ့ရဲ့ ထမီ အပိုင်းလေးနဲ့ လောက အိပ်ယာထဲ လဲလျောင်းခဲ့တဲ့ ကလေးငယ်လေးတွေလည်း ဒုနဲ့ဒေးဘဲလေ.။
ရာသီဥတု က နှိပ်စက်လို့ အမေ့ရင်ခွင်ထဲ တိုးတိုးပြီး အချမ်းများပြေမလား။ အဖေ့ကို လွမ်းတဲ့ စိတ်ဖြေပျောက်နိုင်မလား လို့ စောင့်ရင်းက မိုးလင်းခဲ လှတာ အိပ်ယာထဲမှာဘဲလေ.။

အသက်ကလေး ရလာတော့ တကိုယ်စာ အိပ်ယာလေးကို မရ ရအောင်ဖန်းတီးလို့ ညညဆို မပျော်လည်း အိပ်၊ ပျော်လည်း အိပ် ညပေါင်းများစွာပေါ့။
လောကဒဏ်ရဲ့ ဆုံးမချက်တွေ မခံမရပ်နိုင် ဖြစ်လို့ အောင့်အီး ကြိတ်မှိတ်မျို သိပ်လို့ ညည တွေကို ကျော်ဖြတ်ခဲ့တာလဲ အိပ်ယာထဲမှာဘဲ။
နေ့နေ့ဆို မိုးပေါ်ပျံလွင့်မတတ် မာနတွေ တင်လို့ တခါတလေ ညညဆို လူမသိအောင် တိတ်တိတ် မျက်ရည်စို့ခဲ့ရတာလည်း အိပ်ယာထဲမှာဘဲ.။
စိတ်ဓါတ်တွေ ခြေဖ၀ါးအောက် ရောက်တော့ စိတ်ပျက် လက်ပျက်နဲ့ မနက်ဖြန်ကို ရင်ဆိုင်ဖို့ အားအင်းတွေ ဖြည့်တင်း ခဲ့ရတာလဲ အိပ်ယာထဲမှဘဲ.။
အပျော်တွေ လွန်လို့ လူမှန်းမသိ ဇရက်မင်း စည်းစိမ် ရဲ့ ဟိုဘက်ကမ်းကို လွန်တဲ့ အထိ ယစ်မူးတော့လည်း အိပ်ယာထဲမှာဘဲ.။
ချစ်သူက ပစ်သွားတော့ အသဲတွေ ဟက်တက်ကွဲ လူရှေ့မှာ မကျရဲတဲ့ မျက်ရည် ညည ဆို ရွဲရွဲ စိုအောင် ကျခဲ့တာလည်း အိပ်ယာထဲမှာဘဲ.။

ဒီလိုနဲ့ ကြယ်၃ ပွင့် အဆင့် အမြင့်ဆုံး အိပ်ယာ ကနေ လမ်းဘေး ကားမှတ်တိုင် အိပ်ခဲ့ရတဲ့ အိပ်ယာပေါင်း မနည်းတော့ဘူးလေ..။
ဒါပေမယ့် အဲဒီ အိပ်ယာတွေမှာ ရင်ထဲမှာ အထိမိဆုံး၊ အနာကျင်ရဆုံး၊စိတ်ထဲမှာ မမေ့နိုင်ဆုံး အိပ်ယာလေ ကတော့ ၂၄၊၁၂၊၂၀၁၂ မှာ အိပ်ခဲ့ရတဲ့ အိပ်ယာလေးပါဘဲ။
ကွတ်ခိုင်မြို့ ကို ၀င်တယ် ဆိုရင်ဘဲ တအိမ်ဝင် တအိမ်ထွက်နဲ့ သူငယ်ချင်းတွေကို လိုက်နုတ်ဆက်တယ်။
နားရွက်တွေ ပြတ်ကျလုမတတ် အေးခဲတဲ့ ကွတ်ခိုင်မြို့မှာ တညတာကို ကျော်ဖြတ်ဖို့ အားလုံး က အိပ်ယာပြင်ထားမယ် လာအိပ်ပါလို့ အထပ်ထပ်မှာကြတာ အိမ်တိုင်းစေ့ပါဘဲ။
ဒါလည်း ချစ်စရာကောင်းတဲ့ ကချင်လူမျိုးတို့ရဲ့ ဖော်ရွေမှုဘဲလေ။
ကွတ်ခိုင် ဘုရားကျောင်းကို ၀င်တယ် ဆိုရင်ဘဲ..မိမိ နေရပ် အိုးအိမ်နဲ့ အိပ်ယာကို စွန့်ခွာလို့ ဘုရားကျောင်း ရင်ငွေ့ ကို လုံခြုံ လိုငြား လာခိုလုံနေကြတဲ့ သွေးချင်းတွေကို တွေ့ရတယ်။
ရင်ထဲမှာ ဆို့တက်လာခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ အလိုတော်ဆိုတာ ငြင်းဆန်ဖို့မှ မဟုတ်ဘဲ။ ၀န်ခံဖို့နဲ့ ရင်ဆိုင်နိုင်ဖို့ ခွန်အားတောင်းခံဖို့ဘဲ မဟုတ်လား..။
ဘုရားကျောင်းဝင်းထဲက ၀ါးတွေနဲ့ ရအောင်တည်ဆောက် ထားတဲ့ မြေစိုက် တန်းလျားရှည်ရှည်မှာ အမိုးဘဲ ပါပြီး အကာမပါဘူး..။
ဒါပေမယ့် ဒါဟာ သူတို့တတွေ အတွက် အလုံခြုံဆုံးသောနေရာလေး ဖြစ်နေခဲ့ပြီ။

ဒီလိုနဲ့ ညက မှောင်သထက်မှောင်...အေးချက်ကတော့ ခိုက်ခိုက်တောင် မတုန်နိုင်တော့ဘူး။
မွေးထားတဲ့ မီးဖိုကို မျက်နှာမူပြီး နွေးအောင် မီးလုံပြန်တော့ ၀တ်ထားတဲ့ အနွေးထည်က နောက်ကျောကို မနွေးထွေးနိုင်ဘူး။
ဒီလိုနဲ့ မီးဖိုရှိရာကို မျက်နှာမှုလိုက်၊ နောက်ပြန်လှည့်လိုက်နဲ့ ကွတ်ခိုင်မြို့ရဲ့ အေးခဲမှုဒဏ်ကို ကျော်ဖြတ်နေခဲ့တယ်။
ဒီညတော့ မအိပ်တော့ဘူးလို့ စဉ်စားနေလိုက်တယ်။ သူငယ်ချင်းတွေနဲ့လည်း ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြောမဆုံးဘောင် တောသုံးတောင်ပေါ့ဗျာ.။

မနက် ၁နာရီလောက်ကျတော့ မင်းအတွက် အိပ်ယာပြင်ထားတယ်လို့ လာပြောတယ်။
ကျွန်တော် ကလည်း ဟာ မလုပ်ပါနဲ့ ငါ မအိပ်တော့ဘူ ပြာပြာသလဲ ငြင်းလိုက်မိတယ်။
ဒါပေမယ့် သူက ငါတို့နဲ့ တညတော့ အိပ်သွားပါကွာ တဲ့။ သူမျက်လုံးတွေက အမှန်လိုလာတဲ့ ပုံစံ နဲ့ဆိုတော့..။
ကျွန်တော်ကလည်း မဟုတ်ပါဘူး ငါ ဒီမှာဘဲ မိုးလင်းတဲ့ အထိနေသွားမှာပါ။ အိပ်တော့ မအိပ်တော့ ဘူးလို့ ပြောမိသေးတယ်။
အေးခဲ နေတဲ့ ရာသီဥတုအောက်မှာ အကာအကွယ် မရှိဘဲ ၆ နာရီလောက်ကို ဘယ်လိုကျော်ဖြတ်မယ် ဆိုတာကို အပြေးအလွားစဉ်းစား နေမိတယ်။
ဒီလိုလုပ်ကွာ ခရစ္စမတ်ညဘဲကွာ အချမ်းပြေအောင် ငါတို့ ထောင်ကာ ကကြရအောင်လေ လို့ တောင်းဆိုမိတော့ သူက ကဖို့ မပြောနဲ့ အသံတောင် ထွက်လို့မရဘုးတဲ့။
ဘာဆိုင်လဲကွာ လို့ ညီးငြူ မိနေတာ ကတော့ ကျွန်တော်ပါဘဲ။
မနက် ၃ နာရီလောက်တော့ စကားပြောနေတဲ့ လူတွေ အလျိုလျို ထွက်ခွာသွားကြတယ်..။
သူတို့တွေ ဘယ်သွားကြတယ် ဆိုတာတော့ ကျွန်တော် အမှန်မသိတာပါ။
နောက်ဆုံး သူလည်း ငါသွားတော့မယ်ကွာ ဆိုပြီးထွက်သွားခဲ့တယ်..။
ကျွန်တော်လည်း မီးဖိုဘေးက သူခင်းထားပေးတဲ့ အိပ်ယာဘေးမှာ တယောက်တည်း ကျန်နေခဲ့တယ်။
အိပ်ယာ ၀င်ခါနီး အိပ်ယာလေးကို အမှတ်တရ မှတ်တမ်း တင်ထားခဲ့တယ်။

ကောက်ရိုး မွေ့ယာမှာ ပီနန်အိတ်(မြွေအရေခွံအိတ်) ခင်းလို့ တိမ်းရှောင်ပြေး နေရတဲ့ ဟင်းလင်ပြင် စခန်းမှာ လုံခြုံမှုဆိုတာ ဂျိုနဲ့လားဗျာ..။
ဘဲမွေးစောင်ဆိုတာ အဲ camp မှာ ရှာမှရှားပါဘဲ။ ဒါပေမယ့် ကျွန်တော့်အတွက် သူတို့ပြင်ဆင်ပေးခဲ့တယ်။
အဲဒီည ဘယ်ကိုမှ ပြန်မအိပ်တော့ပါဘူး....။
သူတို့လေးတွေနဲ့ အတူတူ မဟုတ်တောင် တနေရာ တ၀န်းတည်းမှာဘဲ အိပ်ခဲ့တယ်။
အဲဒီ ခရစ္စမတ်ည မှာ ရင်ထဲမှာ ၀မ်းသာစရာတွေ ဟာ မအိပ်စက်ရခြင်းအောက် ပျောက်ကွယ်ခဲ့တယ်။
အပ်သေးသေးလေးနဲ့ ထိုးသလို လက်ဖျားတွေ စစ်စစ်ကိုက် နာကျင်နေပေမယ့် နှလုံးသားထဲက နာကျင်ကိုက်ခဲမှုက ပိုတယ်။
အေးခဲတဲ့ လေ တိုးဝင်လို့ အပြင်မှာ အေးစက်နာကျင်မှုတွေ ပိုသလို စိတ်ရဲ့ နာကျင်မှုတွေက ပိုတယ်။
အံ့သွားခဲကြိတ်ပြီး ဇွတ်ကြိတ်မှတ်အိပ်ရသလို တုန့်ပြန်မှုအတွက် စိတ်စောနေမိသလားဘဲ။
မပြည့်မစုံပေမယ့် ဒီလိုအိပ်ခဲ့ရတဲ့ ကျွန်တော့်ဘ၀အတွက် ဒီအိပ်ယာကို ပြင်ဆင်ပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်တယ်။
သူတို့တတွေနဲ့ မနီးတဲ့ နေရာမှာ နေထိုင် အိပ်စက်နေရာပေမယ့်...။
ရင်တထိတ်ထိတ် နဲ့ အိပ်ခဲ့ရတဲ့ အိပ်ယာ...
စိုးရိမ်စိတ်ထက် နာကျည်းမှုတွေနဲ့ အိပ်ခဲ့ရတဲ့ အိပ်ယာ...
ဘယ်တော့မှ မမေ့နိုင်တဲ့ အိပ်ယာ...
ငါ့ဝိညာဉ် ကို ထားခဲ့ပေးတယ်......။။
သိပ်မကြာခင် ငါတို့လည်း မင်းတို့လိုဘဲ အေးတူ ပူအမျှ ခံစားဖို့ ပြန်လာခဲ့အုန်းမယ်...။

ဒီးဒိုး။၇၊၁၊၂၀၁၃။၀၀၁၂နာရီ။

ngai yup na matu yup ra hpe hkan lajan ya ai galai na hpyen yan ni hpe grai chye ju dum ai..



No comments:

Post a Comment