Sunday, August 19, 2012

ကျန်ရစ်သူ တယောက်အကြောင်း..။


ချစ်သူရေ...
မုသားလှလှ သုံးလို့ မင်းရဲ့ အပြုံး ချိုချိုလေး မဖူးမျော်ချင်ခဲ့ပါဘူး။
အမှန်တရား စစ်စစ်ကို ချွေချလိုက်တော့ မင်းမထားခဲ့ဘူးလို့လည်း မမျော်လင့်ခဲ့တာ အမှန်ပါ။
တကယ်တော့ ငါဟာ အားလုံးထက် အမှန်တရားကို ပိုတောင့်တရသူပါ။

ချစ်သူရေ..
ငြီးညှူး သမျှအားလုံး ကို လိုက်မလုပ်ပေး နိုင်ခဲ့ပေမယ့်
မင်းလိုအပ်တာ အားလုံးကို လိုက်လုပ်ဖို့ အသင့်ပြင်ထားသူပါ။

အလိုက်သိခြင်းနဲ့ မသိခြင်းကြားမှာ မင်းအမြင်နဲ့ ငါဟာ ကျန်ရစ်ခဲ့သူတယောက်လား။
တကယ်တော့ ငါဟာ လိုအပ်သမျှအားလုံးထက် အလိုအပ်ဆုံးကိုဘဲ လုပ်ဆောင်ပေးနိုင်မယ့် သူပါ။

ချစ်သူရေ...
အပျော်ဆိုတာ ရင်ထဲမှာရော အတွေးထဲမှာ မရှိခဲ့ရိုးအမှန်ပါ။
တည်ကြည် ငြိမ်သက်ခြင်းတွေဟာ မင်းနှလုံးသားကို မကိုင်လှုပ်နိုင်ခဲ့တော့
အခြားမဲ့ တဖက်မှာ ငါဟာ တယောက်တည်းပေါ့။
တကယ်တော့ ငါဟာ အားလုံးအတွက် အလွန်ပျင်းစရာကောင်းတဲ့ လူတယောက်ပေါ့။

ချစ်သူရေ...
မင်းအလွန် ညိုးနွမ်းနေချိန်မှာ ငါ ပျော်ရွင်အောင် ရီစရာလေးတွေ မပြောပြတတ်ခဲ့တာလဲ မှန်ပါ။
အမှန်တော့ ဘ၀အတွက် အမှန်တကယ်လိုအပ် စကားတွေကို နားဝင် မချိုစေခဲ့ဘူးဆိုတာ မသိခဲ့ရိုးအမှန်ပါ။
တကယ်တော့ ငါဟာ လူမှုရေးလည်း ညံ့ဖျင်းတဲ့ လူတယောက်ပေါ့။

အမှန်တော့
ငါဟာ
မုသား လည်း မသုံးတတ်သူ။
အလိုက်မသိသူ။
ရယ်ရွင်ဖွယ် စကားလေးတွေ မသုံးတတ်သူ။
ရှေးရိုးရိုးလူ။
ပျင်းရိစရာကောင်းသူ။
ငြီးငွေ့ဖွယ်ကောင်းသူ။
မင်းလိုချင်တဲ့ အရာ မလုပ်ဆောင်နိုင်သူ။
ပြီးနောက်
မင်းထားခဲ့တဲ့ သူတယောက်ပေါ့
ချစ်သူရယ်....။

ဒီးဒိုး။
၁၈၊၈၊၂၀၁၀။(၀၅း၁၆)

No comments:

Post a Comment