Wednesday, July 18, 2012

၁၉ ဇူလှိုင်။


ငါ့ရဲ့နံရံချိတ် ပြက္ခဒိန်မှာ ၁၉ ဇူလှိုင် ၁ရက်တော့ ရှိတယ်
ဒါပေမယ့် အဓိပ္ပါယ် မဲ့တယ်။

ငါ့ရင်ထဲက ပြက္ခဒိန်မှာ ၁၉ ဇူလှိုင်တွေ ရက်ထပ်တယ်
အဓိပ္ပါယ် ပြည့်ဝခြင်းတွေနဲ့ပေါ့။

၁၉ဇူလှိုင် နဲ့ ပတ်သတ်သမျှ
နောက်လူတွေ မသိရ၊ မမှတ်ရ
ဖျောက်ဖျက်ပစ်ကြပေမယ်။

၁၉ဇူလှိုင် တွေက
ငါ့ရင်ထဲက ခုန်ထွက်
နံရံ ကပ်ပြက္ခဒိန်တိုင်းမှာ အနီရောင်စွန်းစေတယ်။

၁၉ဇူလှိုင်မှာ
အဲဒီမြန်ပြည်မှာ ဥသြတွေ မဆွဲတော့ပေမယ့်
ငါတို့ရဲ့ ရင်ထဲမှာ ဥသြဆွဲသံ မရပ်နိုင်ဘူး။
အဲဒီရင်ဘတ်ကြီးထဲမှာ တိတ်ဆိတ်ခြင်းက ၁မိနစ် မဟုတ်ဘူး။

ကမ္ဘာတည် သရ်ျ နံရံကပ် ပြက္ခဒိန်မှာ ၁၉ဇူလှိုင်ရှိနေအုန်းမယ်။
မြန်မာဆိုတာ ရှိနေသရ်ျ ၁၉ဇူလှိုင် အကြောင်းကို လက်ဆင့်ကမ်းခဲ့အုန်းမယ်။

ဒါဟာ သမိုင်းပေးတာဝန် လို့ မယူဆဘူး
ရင်ထဲက ခုန်ထွက်လာတဲ့ ၀မ်းနည်းခြင်းအတူ
မဖြစ်မနေ လက်ဆင့်ကမ်းရမယ့် တာဝန်ဘဲ။

ကဲ စိတ်ရှိတိုင်း ၁၉ဇူလှိုင် ကို အကြိမ်ကြိမ် သတ်ကြဟေ့။
စိတ်ရှိတိုင်း ငါတို့ ရင်ထဲမှ ဥသြတွေဆွဲမယ်။

စိတ်ရှိတိုင်း ၁၉ဇူလှိုင် ကို အကြိမ်ကြိမ်ဆွဲဆုတ် ပစ်လိုက်ဟေ့။
စိတ်ရှိတိုင်း တိတ်ဆိတ်ငြိမ်သက် လို့ ၁၉ဇူလှိုင် ဦးညွတ်နေအုန်းမယ်။

မတရားခြင်း နဲ့ တရားခြင်း ပြိုင်ပွဲမှာ
ဒဏ်ရာအထပ်ထပ်၊ဦးခေါင်း သွေးချင်းချင်းနီစေတော့
ဒင်းတို့အထင် ရှုံးခြင်းကို ပယ်ဖျက်လို့
ငါတို့ အကြိမ်ကြိမ် အနိုင်ယူနေအုန်းမယ်
၁၉ဇူလှိုင်နေ့တိုင်းမှာပေါ့။

ဒီးဒိုး။
၁၉၊၀၇၊၂၀၁၂။

No comments:

Post a Comment