Wednesday, May 23, 2012

မျက်ရည်တွေနဲ့။



ငိုသံ လိုလို ကြားတဲ့ အခိုက်
လှည့်ကြည့်လိုက်တော့
ရာဇ၀င်တို့ရဲ့ သတို့သမီး ဧရာဝတီ
မျက်ရည်တွဲလွဲနဲ့ သူ့ဘ၀ကို
မြန်ပြည်တွက်ဘဲ ပေးဆပ်ချင်တာ
ခုတော့ သူ့ကြောင့်
စစ်ပွဲတွေနဲ့ ဆင်းရဲ
သတ်ပွဲတွေနဲ့ ငရဲ
ဘယ်တော့ ပြီးပြတ်မလဲစောင့်ရင်း
မချစ်မနှစ်သက်သူ လက်ထဲ
ဆင်းသက်ဖို့ အဆင့်သင့်ပါဘဲ လို့ ဆိုရင်း
ငိုကြွေးနေလေရဲ့။

ငြီးသံ လိုလို ကြားတဲ့ အခိုက်
မော့ကြည့်လိုက်တော့
မြန်ပြည်တို့ရဲ့ လှကညာ "ကျွန်း"
ရစ်ဝဲ မျက်ရည်တွေနဲ့ သူ့အလှ ကို
မြန်ပြည်တွက်သာ ဖြစ်စေချင်တာ
ခုတော့ သူ့ကို
လောဘတွေနဲ့ ခုတ်
မောဟတွေနဲ့ ထစ်
ဘယ်တော့မှ ပြန်ပျိုးထောင်မလဲစောင့်ရင်း
တိုင်းတပါးသူတွေ လက်ထဲ
ဆင်းသက်ကြွေလို့ ပေးဆပ်နေရင်း
ပုလဲ မျက်ရည် ခနေရှာတယ်။

အသံလည်း မထွက်
မျက်ရည်လည်း မကျနိုင်တော့တဲ့
မြန်ပြည်ရဲ့ လှနတ်သမီး "Jade"
သူအလှ တန်ခိုးနဲ့ မြန်ပြည်ကို အလှဆင်ချင်ပေမယ့်
မတန်မရာ တိုင်းတပါးရဲ့ လက်ထဲမှာနေရင်း
သူ့ မွေးရပ်မြေကို လွမ်းကြောင်း
ရင်ကွဲနာကျလို့ ငိုသံမကြားအောင်
မျက်ဝန်းကတဆင့် ပြောနေလေရဲ့.။

ငိုသံ တွေ
ရှိုက်သံ တွေ ကြားနေရပေမယ့်
တကယ်လိုလို
အိပ်မက်လိုလို
 အသိစိတ်ကို လှုပ်နိုးတော့
ငါ့ ခေါင်းအုန်းလေးလည်း စိုလို့
လူသိအောင် မငိုနိုင်ပေမယ့်
ငါလည်းလေ တိုင်းတပါးမှာ ပါဘဲ။


ဒီးဒိုး။
၂၃၊၀၅၊၂၀၁၂။

No comments:

Post a Comment