Monday, May 21, 2012

မှန်၊မှန်ဘီလူး လိုလူနှင့် လူများ..။


လူ့လောကကြီး ထဲ ကို လျောက်လမ်းလာခဲ့ ကြာတော့ လမ်းတွေလည်း အိုဟောင်း လို့ နှစ်တွေလည်းပြောင်းခဲ့ပေမယ့် မအိုမဟောင်း တဲ့ လူ့ အကျင့် တွေကတော့ အရင်အတိုင်း ခိုင်မြဲနေဆဲ။
ကျောက်ခေတ် ကစလို့ ဒီနေ့ထိ မြင်နေရ တွေ့နေရ ကြားသိနေရသေးတာ ကတော့ ကြီးနိုင် ငယ်ညှင်း။
တချို့ အမူအကျင့်တွေက  ယဉ်ကျေးလာသယောင်နဲ့ ဘ၀တွေ ဘ၀တွေကို ကောင်းကောင်း ဖျက်ဆီးပစ် နိုင်လောက်အောင် သိမ့်မွေ့နူးညံ့ နေတယ်။
ဘယ်လောက်ထိတောင် သိမ့်မွေ့ နူးညံ့သလဲ ဆိုရင် ကိုယ့်အခေါင်းပေါ် တက်နှင်းနေတာတောင်
တက်နှင်းနေသူ ကို ကျေးဇူးတင်ပြန်တင်ခိုင်းနေတဲ့ အထိပေါ့။

"ငါကတော့ မှန်လိုလူကွ ငါကိုပြုံးပြ ရင် ငါပြန်ပြုံးမယ် ငါ့ကိုမဲ့ပြရင် ငါပြန်မဲ့မယ်"
ဆိုတဲ့ စကားလေး ဒီနေ့ ဒီအချိန်ခါထိ ကြားနေရဆဲ၊ လူတွေလည်း လိုက်နာနေကြဆဲဘဲ။

ကျွန်တော့် အနေနဲ့တော့ အဲလိုပြောတဲ့ လူတွေကို သနား အံ့သြမိတယ်။
ဘာဖြစ်လို့ လည်းဆိုတော့ကာ မှန် ဆိုတာ အသိတရား၊စဉ်းစားဆင်ခြင် မရှိတဲ့အတွက်ပေါ့။
မှန်တချပ်နဲ့တော့ မတူချင်ပါဘူးလေ။
"မှန်"ဆိုတာ လူတွေထင်သလို ကိုယ်ရီပြ ရင် သူရီပြမယ်၊ မဲ့ပြရင် ပြန်မဲ့ပြမယ် ဆိုတာ အပေါ်ယံကြည့်ရင်တော့ မှန်သလိုနဲ့ တကယ်တော့ အနည်းဆုံး ဘယ်နဲ့ ညာလွဲနေပါသေးတယ်။

လူတွေဟာ ယဉ်ကျေးတဲလူ့ဘောင်ထဲကို ချဉ်းကပ်လာခဲ့ ကြတယ်။
ဆုံးမ သွန်သင်တဲ့ ဘာသာတရား၊မိဘ၊ဆရာသမား ရှိတယ်။
သက်မဲ့ ဖြစ်တဲ့ မှန်လို ကိုယ်ဆီလာပြီး ပြုံးပြမှ ပြန်ပြုံးရမယ့် ဘ၀ မဟုတ်ရတာ သက်ရှိလူတွေဘဲ မဟုတ်လား။
ကိုယ့် ကိုပြုံးပြသည်ဖြစ်စေ မပြုံးပြသည်ဖြစ်စေ ကိုယ်က စပြီးပြုံးပြရမှာ မဟုတ်ဘူးလား။
ဒါမှလည်း လောကကြီးက ပိုပြီးလှပနေမှပေါ့။
နောက်ပြီးတော့ လူတွေမှာ က ကိုယ်ချင်းစာနာစိတ်၊စေတနာစိတ်၊သနားစိတ် ဆိုတာတွေရှိတာဘဲမဟုတ်လား။
ဒီလိုလှပတဲ့ စိတ်နေစိတ်ထားလေး တွေကို ပေးလို့ရသမျှ ပေးလိုက်ရင် ပိုကောင်းမလားဘဲ။

ဒါပေမယ့် ကိုယ့်ကို လာပြီးပေးမှ ကိုယ်က ပြန်ပေးမယ်ဆိုရင် လောကကြီးက ငြိမ်းချမ်းရေး တွေနဲ့ ဝေးနေအုန်းတော့မှာပါဘဲ။

နောက် မြန်မာလူမျိုးတွေမှာက သူတပါးတွေပေါ် ထားတဲ့ ကောင်းစိတ် ဟာ တခြားလူမျိုးတွေထက်ပိုတယ်။
ဆိုကြပါစို့ သောက်ရေအိုးစဉ် ဆိုတာ မြန်မာနိုင်ငံမှာဘဲ ရှိတာပါ။
ဒါဟာ ဘာကြောင့်လဲ တပါးသူတွေ ကိုယ်ကို ရေတိုက်လို့ သူတပါးတွေ ရေသောက်ပါစေဆိုပြီး
သောက်ရေအိုးစဉ် ဆောက်ထားတာလား။
အဲလိုဆိုရင်တော့ မှန်လိုလူသားဖြစ်သွားရမှာပေါ့။
အမှန်တော့ လမ်းသွားလမ်းလာတွေ အမောပြေပါစေတာ့၊ရေငတ်ပြေပါစေတော့ ဆိုတဲ့ သဘောရိုးအမှန်နဲ့
သောက်ရေအိုးစင် လေးကို တည်ထားခြင်းသာဖြစ်တယ်။
စေတနာ သီးသန့်လေးဘဲ ဖြစ်ပါတယ်။
တုန့်ပြန့်မှုမလိုသော် ဖြူစင်တဲ့ ရိုးသားမှုလေး သာဖြစ်တယ်။

ရေအကျိုး ၁၀ပါး မတောင်းဘဲ ပြည့်တယ် ဆိုတာကိုလည်း ယုံကြည်လို့ပေါ့။

နောက် လူတွေမှာ သနားကြင်နာတတ်တဲ့ စိတ်ကလေးလည်း ရှိသေးတယ်။
ကိုယ်ထက် နိမ့်ကျတဲ့သူ ဆင်းရဲနွမ်းပါးနေတဲ့ သူတွေကို  တွေ့ရင်သနားမယ်၊တတ်နိုင်သလောက် ကူညီမယ်လေ။ ဒါဟာ အလွန်လှပတဲ့ လူ့သဘာဝ နဲ့ ကျင့်ဝတ်လေးတွေဘဲ မဟုတ်လား။

တကယ်လို့စာ် မှန်လို ကျင့်ကြံတဲ့ လူတွေသာ ပေါများနေခဲ့မယ် ဆိုရင်တော့ ဒီလောက ကမ္ဘာကြီးဟာ ဆင်းရဲ တဲ့ သူတွေက ပိုဆင်းရဲလို့၊ ချမ်းသာတဲ့ လူတွေက ပို ချမ်းသာနေကြတော့မှာပါဘဲလေ။
အမှန်ပါဘဲ ဆင်းရဲတဲ့ သူက ပေးချင်ပေမယ့် ပေးဖို့ရာမရှိတော့  မပေးနိုင်ဘူး။
မပေးနိုင်တော့ သူမှာပြန်ရစရာ အကြောင်းလည်း မရှိတော့ဘူး။
ဒီတော့ သူမှာ ပိုဆင်းရဲစရာ ဘဲ ရှိတော့တာပေါ့။

ချမ်းသာတဲ့သူတွေကျတော့ရော အတူတူပါဘဲ သူတို့မှာ ပေးနိုင်ကမ်းနိုင်တော့ သူတို့မှာ မှန်လိုကျင့်ကြံ တဲ့ သူတွေနဲ့တွေ့တော့ ပိုချမ်းသာသွားတာပေါ့။
ဒီကနေ့ တဖက်စောင်းနှင်း ဆင်းရဲ ချမ်းသာ ကွာခြားနေတာ တွေဟာ ဘာကြောင့်လဲ စဉ်းစားကြည့်မိတော့ "မှန် လို ကျင့်ကြံတဲ့ သူတွေ ရှိနေလို့ပေါ့"။
မှန်လိုကျင့်တဲ့ လူတွေရှိနေလို့ ဆင်းရဲ၊ချမ်းသာ ကွာခြားမှုတွေ စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးတွေ ဝေးကွာနေအုန်း မှာပါဘဲလေ..။

ဒီလိုနဲ့ တွေးရင်ကနေ မှန် လို လူသားက နေ မှန်ဘီလူး လို လူသားတွေလည်း ကမ္ဘာပေါ်မှာ အများပြားရှိနေတာကို အမှတ်မထင် တွေ့ လိုက်ရသဗျာ..။
ကျွန်တော် ငယ်ငယ် က တရိစ္ဆာန်ရုံ ထဲမှ မှန်ကြီးတချပ်ရှိတယ်။(ခုရှိ၊မရှိတော့ မသိပါ)
အဲဒီမှန်ကြီး ရဲ့အရှေ့မှာ ရပ်ပြီး အဲဒီမှန်ကြီးကို ကြည့်ရင် ကိုယ့်ပုံရိပ် အတိုင်းမတွေ့ရဘဲ တလွဲတွေ တွေ့ရတယ်။
ကိုယ်က နည်းနည်း လှုပ်လိုက်တာနဲ့ မှန်ထဲက ပုံရိပ်ကြီးက ရိုးရိုးမှန်တွေလို ပုံရိပ်ပေါ်တာမဟုတ်ဘူး။
ရိုးရိုးမှန်တွေက ကိုယ်ပြုံးပြရင် ပြန်ပြုံးသေးတယ်။
ဒါပေမယ့် အဲဒီမှန်ကြီးကတော့ အဲလိုမဟုတ်ဘူးဗျ။
ကြည့်ရင်း ကြည့်ရင်းနဲ့ ခေါင်းကြီး ကြီးလာလိုက်၊ မျက်လုံးကြီးက ကြီးလို့ ပါးစပ်ကြီးက ပြဲလိုက်။
နှာခေါင်းကြီး ကြီးလာလိုက်နဲ့ ကြောက်ဖို့ ကောင်းတယ်။
ဒါနဲ့ဘဲ အဖေ့ကို မေးကြည့်တော့ အဖေ က အဲဒါ မှန်ဘီလူးပေါ့ သားရဲ့တဲ့။
ဒီလိုနဲ့ သိတတ်နားလည်တဲ့ အချိန်ရောက်တော့ မှန်ဘီလူး လို လူတွေလည်း တွေ့ဖူး ကြုံဖူးခဲ့တယ်။


ကမ္ဘာကြီးပေါ်နေထိုင် အသက်ရှင်လာရင်းက  လောက လူတွေကြားမှာလည်း ခံစားချက်မဲ့ တဲ့ အရာဝတ္ထုတွေနဲ့ တူတဲ့ လူတွေလည်း ရှိပါသေးလားဆိုတာ သိခဲ့ ရတယ်။

ဒီထက်ပိုဆိုးတာ ကတော့  လူတွေမှာ ကိုယ်က အေးအေးချ၊မ်းချမ်း နေပေမယ့် ကိုယ့်ကို ပြသာနာရှာတဲ့ လူတွေပေါ့။
အဲလိုလူတွေကို ကျတော့ မှန်၊မှန်ဘီလူးလို လူမျိုးမဟုတ်တော့ဘဲ ဘယ်အရာနဲ့ နှိုင်ယှဉ် ကြည့်ရမှန်းတောင် မသိတော့ပါဘူး။
လူအများက ရိုသေတန်ဖိုးထားကြပေမယ့် သူတို့အတွက်တော့ ဘယ်သူသေသေ ငတေမာပြီးရော လို့ ခံယူထားကြသလား မသိ။
လူကို တန်ဖိုးမထားခြင်းဟာ ယဉ်ကျေးမှုနိမ့်တာတောင် မကတော့ဘဲ ယဉ်ကျေးမှု မရှိဘူးလို့ ပြောလို့ ရမလားဘဲလေ။
ရှေ့ဟောင်း လူ့အဖွဲ့အစည်း၊သမိုင်းခေတ်ဦး တို့်မှာ လူလူချင်းတန်ဖိုးမထား ကျေးကျွန် ပိုင်ရှင်စနစ်တွေ ထွန်းကား ခဲ့တာမလား။
ဒီခေတ်ကြီးမှာလည်း စကားလုံးလှလှ တွေပေးပြီး ကျေးကျွန် ပိုင်ရှင် ဆန်ဆန် လုပ်ရပ်တွေ တွေ့နေမြင်နေရတာလည်း ၀မ်းနည်းစရာ ကောင်းလှပါတယ်။


နောက်  တရိစ္ဆာန် လောကမှာတော့ သားရဲကောင်ကြီးတွေက အားနည်းတဲ့ တရိစ္ဆာန် တွေကို အစာအဖြစ် သတ်ဖြတ်စားသောက်ပါတယ်။
သူ့အစာ အတွက် သူ့ရဲ့ဆာလောင်မွတ်သိပ်မှုအတွက် လုပ်စရာရှိတာ ကို လုပ်လိုက်တာပါဘဲ။
လူတွေကျတော့ ဒီလိုကြီးနိုင်ငယ်ညှင်းလုပ်တာကိုဘဲ ပရိယာယ်မာယာနဲ့  ဖုံးလွမ်းတတ်သေးတယ်။
နိုင်ငံအတွက်၊လူမျိုးအတွက်၊ဘာသာအတွက် ဆိုပြီးတော့ ဆိုတာမျိုးပေါ့။
သိပ်ကို မလှမပတဲ့ လုပ်ရပ်တွေပေါ့။
အကြောင်းပြချက်တွေပေးတယ်။
ဟန်ဆောင်တယ်။
ဒါဟာ ယဉ်ကျေးမှုနိမ့်တာတောင် မကတော့ပါဘူး။
ယဉ်ကျေးမှုကို မရှိတော့တာ။
တနည်းအားဖြင့် စိတ်ဓါတ်၊ကိုယ်ကျင့်တရား ယဉ်ကျေးမှုမဲ့တာလို့ ဆိုရတော့မလား ဘဲ။
ဒီလို ရက္ခိတ ခေါ်တဲ့ စောင့်ရှောက်မှုသဘောတွေ ကွယ်ပျောက်ပြီး အဲဒီလို လူ့အဖွဲ့ အစည်းတွေ
ပျက်စီးသွားရကြောင်း သမိုင်းမှာ သာဓကတွေ တွေ့နိုင်ပါတယ်။


မိမိရဲ့ ရည်ရွယ်ချက် အောင်မြင်အောင် လုပ်တဲ့နေရာမှာ တခြားဘ၀တွေ ကိုရင်းပြီး လိမ်ခေါက် လှည့်ပတ် သွားမှာကိုတော့ ယဉ်ကျေးမှုရှိတဲ့ သူတိုင်း ငြင်းဆန်သွားရမယ့်အရာ လက်မခံရမယ့် အရာ ပါ။
ဒါပေမယ့် ခုတော့ အဲလို တခြားဘ၀တွေကို လိမ်ခေါက် လှည့်ပတ်သွားနေတာကို က ပညာ လို့ ဆိုချင် ပြောချင်နေကြပြီ။
အကျည်းတန်လိုက်တာ။


နောက် သူတပါးကို ဘ၀တွေကို ခင်းပြီး လျောက်တာမက သေးဘူး။
သူသွားမယ့် လမ်းမှာ ခင်းထားတဲ့ ဘ၀တွေက မကောင်းဘူးဆိုတဲ့ လူတွေကလည်း ရှိသေးဗျ။
ဒါမျိုးကျတော့ သွားအတွက် သွား၊ မျက်လုံးတလုံး အတွက် မျက်လုံး တလုံး ဆိုတာမျိုး ထက် နိမ့်ကျသွားပြန်ရော။
ဒါပေမယ့် သူတို့တွေက ငါ့သွားက ပိုမာတာတို့၊ ငါ့မျက်လုံးက ပိုကောင်းတာတို့နဲ့ ချေဖျက် လိုက်ပြန်တယ်။
အမှန်တော့ လူသားတွေဘဲလေ။ဘယ်သူ့ ကမှ မပိုပါဘူး။
တကယ်တော့ ဒီခေတ်မှာ ပိုမို ယဉ်ကျေးတဲ့ ခေတ်ကို ဦးတည်ပြီ လို့ ဆိုရင်းက ဟန်မူရာဘီ ခေတ်ထက် ပိုနောက်ကျ ခေတ် ကို ကျင့်သုံးနေကြတုန်း ပျော်မွေ့နေကြတုန်းလေ။

တကယ်လို့ ကိုယ်ထက် နိမ့်ကျနေမယ် ဆိုရင်တောင် သနားစိတ်ကလေးနဲ့ ဆွဲခေါ်ဖို့ မဖြစ်နိုင်ဘူးလား။
ကိုယ်က ဆွဲလို့ တွဲလို့ မခေါ်နိုင်ရင်တောင် ဆွဲနိုင်၊တွဲနိုင်မယ့် သူတွေကို ဖိတ်ခေါ် လမ်းပြပေးနိုင်ရင် သိပ်ကောင်းမှာဘဲ။
ကျွန်တော်ဆိုလိုချင်တာကို တတ်သလောက်၊မှတ်သလောက်လေး ချပြတာပါ။
ကိုယ်ချင်းစာ တရားလေးနဲ့ စာနာမှုလေးများ ပိုထွက်လာမလားလို့ ပါ။
အမှန်တော့ ကျွန်တော်လည်း အတ္တကြီးကြီးနဲ့ လူသားပါဘဲ၊ ဒါပေမယ့် ပိုမို ယဉ်ကျေးတဲ့ မြန်မာ့ လူဘောင်သစ်ဆီကို ရောက်လာဖို့ သဲတပွင့် အနေနဲ့ တည်ဆောက်ကြည့်တာပါ။

ဒီးဒိုး။
၂၁၊၀၅၊၂၀၁၂။





No comments:

Post a Comment