Tuesday, April 24, 2012

ဆုတောင်းပါ..........။

ညီလေး....ရေ
ဟိုးလွန်ခဲ့တဲ့ ၂၅နှစ်ကျော်လောက် က
ငါလည်းမင်းလိုပါဘဲ။

ဘီလူးတွေ တက်တက်လာတိုင်း
နေစရာ အိမ်မဲ့ခဲ့ရတယ်။
စားရမယ့် ထမင်းထဲမှာ
မျက်ရည်နဲ့ ရောလို့
မရ ရအောင်မျိုခဲ့ရတယ်။

အေးချမ်းလွန်းတဲ့
တို့တောင်ပေါ်ဆောင်းကို
အံတုဖို့  ခြုံစောင်မရှိလို့
မီးမွေးပြန်တော့
မီးခိုးထွက်ရာ ကျည်ကျတတ်လို့
မီးကိုငြိမ်းသတ်
ကောက်ကွေးပြီး အိပ်ခဲ့ရတဲ့ည
အားအင်မဲ့တဲ့နေ့ တွေ
မရေတွက်နိုင်အောင်ပါဘဲ။

မနက်မိုးလင်းတိုင်း
အမေ့ရင်ငွေ့ တိုးဝင်ကာ
ရူရိုက် လိုက်ချင်ပေမယ့်
အမေ့ကို ရှာမတွေ့ခဲ့ဘူး။

နေ၀င်ချိန်ရောက်တိုင်း
အဖေရဲ့ လက်ကြမ်းကြီးကို
အားကိုးတကြီး တွဲလိုက်ချင်ပေမယ့်
အဖေ ပြန်မလာခဲ့ဘူး။

နူးညံ့သိမ့်မွေ့ မှုတွေ
ပျောက်ဆုံးနေပြီလား
ငယ်ရွယ် ကလေးတယောက် ရဲ့ ရင်ထဲ
နာကျည်းမှု၊ခံပြင်းမှု
အစိုင်အခဲနဲ့
အုံနဲ့ကျင်းနဲ့.....။

မိသားစုဆိုတာ ဘာမှန်းမသိပေမယ့်
တို့ လူမျိုးမှာ "အမျိုး" ဆိုတာရှိတယ်
အဲဒီ "အမျိုး"တွေက လက်တွဲကူမယ်
ကြောက်ရွံ့ခြင်းဆိုတာကို ရင်ထဲကဖယ်
မျော်လင့်ခြင်းကို သိမ်းထား
ရောင်စုံသင်တန့်တွေ မကွယ်ပျောက်သရ်ျ
တနေ့နေ့တော့
သာယာလှပ တဲ့ ကောင်းကင်အောက်
မနောင် နောင် (Manau nau) ကကြရအုန်းမယ်။


မင်းရဲ့ရင်ထဲ
မထင်နဲ့ ညီလေးရေ
မင်းဟာ တခြား ကလေးတွေထက်
အောက်ကျ နောက်ကျ ဖြစ်နေမယ်
မထင်ပါနဲ့။

အရာရာတိုင်းဟာ
ဘုရားအလိုတော်လို့ မှတ်လို့
ကိုယ့် အလိုရှိရင်
ဘုရား သခင်ဆီသာ
တောင်းခံ လို့ယူပါ။

 ယုံကြည်စွာ ဆုတောင်း
စိတ်ဓါတ်ကို တင်းထား
တချိန်ချိန်မှာ
ပျောက်ဆုံးခဲ့ တဲ့ နိဗ္ပာန် လေး
ပြန်တွေ့ရမှာ အသေအချာပါ။


ဒီးဒိုး၊
၂၄၊၀၄၊၂၀၁၂။

No comments:

Post a Comment