Saturday, February 11, 2012

ကမ္မနှင့် လှိုင်းပြန်များ



အကြမ်းဖက်မှုဆိုတာ အကြမ်းဖက်မှုပါပဲ
အကြမ်းဖက်နေတာ မြင်ရ တွေ့ရသားနဲ့
တခြားဝေါဟာရနဲ့ ဖုံးလို့ ဖြစ်မလား
ဝေါဟာရတော်တော်များများဟာ
လိမ်လည်ခြင်းရဲ့ ကိရိယာအဖြစ် အသုံးခံရ
ဝေါဟာရတွေရဲ့အောက်မှာ ပရမတ္တ ရှိတယ်။

ရာစုနှစ်တွေ အော်လံနဲ့ အော်ခဲ့တဲ့ အသံ
ယဉ်ကျေးအောင် လုပ်ပေးဖို့တို့
အရိုင်းအစိုင်း တိတ္တိတွေကို ချွတ်ဖို့တို့
မတရားမှုတွေကို ကယ်ဖို့တို့
ဘေးအန္တာရာယ်ကြီးကို တားဖို့တို့
လူသားတွေကို လွတ်လပ်အောင် ကူဖို့တို့
အဲဒီ.......ဖို့တို့.......ဖို့တို့ ပေါင်းများစွာ
အကြမ်းဖက်ခြင်းရဲ့ ဓားသွား လှံသွား လှံစွပ်သွားတွေကို
မဖုံးနိုင်ဘူး။

အကြမ်းဖက်တယ်ဆိုတာ
သမိုင်း ပြေးလွား လှုပ်ရှားနေတာပါ။

တခါတလေ အားကြီးသူက
အားနည်းသူကို အနိုင့်ကျင့် အမြတ်ထုတ်ဖို့
တခါတလေ အားနည်းသူတွေက
အားကြီးသူတွေကို တွန်းလှန်ဖို့
တခါတလေလည်း အားကြီးသူအချင်း
အခါတလေလည်း အားနည်းသူချင်း
လိုချင်တာ မခံချင်တာ
ဘုန်းစွမ်းလူစ ပြချင်တာဆိုတဲ့
လူ့စိတ် အညံ့စားတွေ လှုံ့ဆော်တော့
"အရေးတော်"ကြီးတွေ ဆိုပြီး
အကြမ်းဖက် စစ်စည် စစ်မောင်း တီးကြ ရိုက်ကြ
အမေတွေရဲ့သားတွေကို သတ်ကြ
အမေတွေရဲ့ သမီးတွေကို မတရားကျင့်ကြ
အမေတွေရဲ့ အိမ်တွေ တဲတွေကို မီးရှို့ပစ်ကြ။

သမိုင်းဟာ ကမ္မတွေနဲ့ လှုပ်ရှားနေတာပါ
လှုပ်ရှားမှုတိုင်းဟာ အကျိုးဂယက်လှိုင်း
တုံ့ပြန် ဂယက်လှိုင်းတွေ ရှိပါတယ်။

ကနေ့ ကမ္မရဲ့ လှိုင်းပြန်မှုကို
ကနေ့ မြင်ချင် မြင်ရမယ်
နောက် ဆယ်နှစ်ကြာမှ မြင်ချင် မြင်ရမယ်
နောက် နှစ်တရာကြာမှ မြင်ချင် မြင်ရမယ်
နောက် နှစ်တစ်ထောင်ကြာမှလည်း မြင်ချင် မြင်ရမယ်
ဂယက်လှုပ်ချိန် တုံ့ပြန်ချိန်ဟာ
ကာလ မကန့်ဘူး
ရာစုနှစ်ပေါင်းများစွာရဲ့ အနာတွေဟာ
ကနေ့ ပိုထ ပေါက်ကွဲချင် ပေါက်ကွဲမှာ
သမိုင်းဟာ ကမ္မနဲ့
တုံ့ပြန်မှုဂယက်လှိုင်း တွေရဲ့ အဆက်မပြတ်မြစ်
ဘာဖြစ်ဖြစ်
လောလောလတ်လတ် ထဖြစ်ကြတာတွေ မဟုတ်။

တုံ့ပြန်မှုတွေ ပြုလုပ်မှုတွေ
အစဉ်မပြတ် စီးဆင်းနေ
ကိုယ့်မျက်လုံးတစ်လုံး ပျက်ရင်
ဒင့်မျက်စိတစ်လုံး ပျက်စေရမယ်
ကိုယ်သွားတချောင်း ကျိုးရင် ဒင့်သွားတချောင်း ကျိုးစေရမယ်ဆိုတဲ့
အကြမ်းဖက်မှုကို အကြမ်းဖက်မှုတွေနဲ့သာ တုံ့ပြန်နေရင်
သမိုင်းဟာ မီးလောင်လို့ ဆုံးမှာ မဟုတ်ဘူး။

အကြမ်းဖက်မှုကို အနုနဲ့သာ
အောင်စေရာ ဆိုတဲ့ မြန်မာစကား
လက်တွေ့ ခါးသီးမှုတွေက ပွင့်တဲ့ ပန်း
အကြမ်းဖက်မှုကို စာနာ နားလည်မှု သည်းခံမှု
မေတ္တာတရားတွေနဲ့ တုံ့ပြန်ဖို့ သိတတ်လာတဲ့နေ့

အဲဒီနေ့ ကောင်းကင်ပြာမှာ ချိုးဖြူကလေး ပျံဝဲလာမှာ
အဲဒီနေ့ မြေကမ္ဘာ အေးချမ်းမှာ အသေအချာ
ကြီးသူက ငယ်သူအပေါ်
ငယ်သူက ကြီးသူအပေါ်
ကြီးသူချင်း ငယ်သူချင်းတွေ ပြုမိကြတဲ့
အကြမ်းဖက်မှုတွေကို
မေတ္တာပုဒ်မ ချကြပါစို့။


အံ့မောင်။

No comments:

Post a Comment