Thursday, January 26, 2012

မိုးလုံးမှိုင်း ဆိုတဲ့ ဗင်ဒါပင် သစ်ခွလေးရေ

အခုရက်အတွင်း
အားနေလို့ online ဖွင့်လိုက်ရင်
ထိုးစစ်ရပ်ဖို့ ဆိုတဲ့ စကား
တူးခါးနေအောင် ကြားရ။

တတိယလှိုင်းဖွေးဖွေး
ွှအိုင်တီအပြိုင် ပြေးနေတဲ့
၂၁ရာစု ဆရာယဉ်ကျေး
ဟိုရှေ့ ရှေ့တုန်းကလို
ချိန်းဆို စိန်ခေါ်
ဓား၊လှံ၊လေး၊မြှား၊ ဒိုင်းလွားဆွဲ
လွားခနဲ မြင်းပေါ်ခုန်တက်
ဂျိုင်းခနဲ စီးချင်းထိုးနှက်
အင်တာနက်က ခုန်ထွက်လာတဲ့
ဓားသွက်သွက် သူရဲကောင်းလို
ရင်ဖို ရင်ခုန် ကမ္ဘာတုန်အောင်ဟစ်
ကာကွယ်ရေး စစ်
လုံခြုံရေး စစ်
လူသတ်စစ် မပြောဘဲ တိုက်သဟေ့တဲ့။

ကမ္ဘာ
ရှေ့တိုးတာလား နောက်ဆုတ်တာလား
ကွန်ပြူတာနဲ့ တွက်ဖို့ မလို
ဟိုဘက်အိမ် ၀င်ရိုက်မယ့် အကြောင်း
ဝမ်းခေါင်းချစ်အောင် ဒီဘက် အိမ်က အော်။
ရွာထုံးစံနဲ့ လည်း မညီ
ကမ္ဘာထုံးစံ နဲ့လည်း မကိုက်
ကုလသမဂ ပဠိညာဉ် ကျောက်စာတိုက်
ရိုက်ခွဲထုခြေ ခံရလေပြီလား။

ဒီမြန်ပြည်မှာ
လွင့်ထူ မြိုင်ဟေမာ အလံ
လူမျိုး တမျိုးက
လူမျိုး တမျိုးကို
ဝံပလွေ အကြံစရိုက်နဲ့
သူတိုက်ချင်တဲ့ အချိန်
ဝင်တိုက်နိုင်သတဲ့လား။
သတ်ဖြတ်နိုင်သတဲ့လား။
....လား.....လား.....လား.......။

ဝံပုလွေက သိုးငယ်ကို
စွဲချက်အမျိုးမျိုးတင်နိုင်သပါ့
Give a dog a bad name and hang him.
ခွေးရူးလို့ အော်လိုက်
ပြီးတော့ ရိုက်သတ်။

ကမ္ဘာက
ပါးစပ်ဟ လက်ပိုက်ကြည့်နေရ။
ဟိုကောင်တွေ လက်နက်တွေ လုပ်သတဲ့
ဟိုကောင်တွေ လက်နက် ကိုင်ထားသတဲ့
ဟိုကောင် တွေက တို့လုံခြုံရေး ထိခိုက်စေနိုင်သတဲ့.။
...သတဲ့....သတဲ့.....သတဲ့...။

အော်နေတဲ့ သူတွေကော
ဘုရား ရဟန္တာတွေလား
ရသေ့ ရဟန်း သူတော်စင်တွေလား
လက် သန့်ရှင်းသူတွေလား။
သူတို့ လက်ထဲမှာ
အထက်မြက် အရက်ဆုံး လက်နက်တွေ
မေရုမြင်းမိုရ်ကို
တင်းပုတ်လို ကိုင်လာတဲ့ ဘီလူး သားစားကြူး။

လက်တွေက သွေးစက်စက် စီးကျနေ
ကချင်ရဲ့  သွေး
ကရင်ရဲ့  သွေး
ကယားရဲ့  သွေး
ချင်း ရဲ့  သွေး
မွန်ရဲ့  သွေး
ရခိုင် ရဲ့  သွေး
ရှမ်း ရဲ့  သွေး
နောက် ဇတ်တူသား စား
ဗမာချင်း သတ်တဲ့ သွေး
သွေး...သွေး...သွေး...................သွေး..။

ကမ္ဘာကြီး မျက်စိ မမွဲသေးပါဘူး။
ဗိုလ်ချူပ်ကြီးတွေ ရဲ့  သွေးမှ သွေးလား။
ဗိုလ်ချူပ်ကြီးတွေ ရဲ့  အမျိုးမှ လူတွေလား။

ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း က လူတွေ မဟုတ်ကြဘူးလား။
၂၁ရာစု လူ့သမိုင်း
၁၈ ရာစု လက်နဲ့ စိုင်းချင်။

သွေးကို အတင်းရှာ
သွေးကို အတင်းတောင်း
စိတ်ကောင်းသေးရဲ့ လား။

၂၁ရာစုမှာ မြန်မာဟာ
ဧကရာဇ်ရူးအောက် ဒူးထောက်ရမှာလား။

ရူးသွပ်နေတဲ့ ဦးနှောက် ခိုင်းတိုင်း
မြန်ပြည်ကြီး ပဒိုင်းသီး စားကြမလား။

တောင်ပေါ်မြေမှာ
လက်နက်တွေ
ဗုံးတွေ ဒုံးတွေ
ကျည်တွေ သေနတ်တွေနဲ့
ခြေချစရာ မရှိ။

လက်နက်အရင်းရှင်ကြီးတွေသာ အမြတ်ကြီးရ
လူတွေတော့ သွေးမြေကျ။

၁၉ရာစု အာဏာရှင်တွေရဲ့  ပေါ်လစီ
၂၁ ရာစုမှာ စီစီဝေ လက်တွေ့ ရှိနေတုန်း။

Might is right ဆိုတဲ့
ပင်လယ်ဓားပြအလံ အစုတ်အပဲ့
မြန်မာ့မြေပေါ်မှာ မဲ့ရွဲ့ နေတုန်း။

အသက်နဲ့ သေမင်းရဲ့  လက်ပမ်းပွဲ
ခြေကုန်ရေကုန် နွဲနေရတုန်း။

ဦးနှောက်ရှိမှ
အသည်းနှလုံးကောင်းမှ
အသက်တွက် သတ္တိကလေးရှိကြမှ
လူတွေ ဆက်ရှိကြလိမ့်မယ်။

မိုးလုံးမှိုင်း ဆိုတဲ့ ဗင်ဒါပင် သစ်ခွလေးရေ
မုန်တိုင်းထဲ က ရုန်းထခဲ့အုန်း။



ဒီးဒိုး။
၂၁၊၀၁၊၂၀၁၂။
ဆရာ ဦးအံ့မောင် ကဗျာကို ခွင့်ပြုချက် မရယူဘဲ ခံစား ပြုပြင် ရေးသားပါသည်။ထို့အတွက် တောင်းပန်ပါသည်.။

No comments:

Post a Comment