Friday, November 26, 2010

အမေ သို့ ပိုင်ရှင်မဲ့ လက်ဆောင်

ရှေ့တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ကားကို တုန့်ကနဲ နေအောင်ရပ်လိုက်တယ်။
လူပျိုပေါက်အရွယ် ကောင်လေးတယောက်နဲ့ မိန်းမ ၀၀ကြီးတယောက် လမ်းဖြတ်ကူးဖို့ ကြိုးစားနေတာ မြင်လိုက်လို့ပေါ့။
အမှန်တော့ မိန်းမကြီး လက်ပြလို့ ကားကို ရပ်လိုက်တာ။
မြင်လိုက်ရတဲ့ မြင်ကွင်းမှာ ကောင်လေးက လမ်းလျောက်ရာမှ အထောက်အကူပြုတဲ့ ခုံလေးနဲ့။
ပြီးမှ တဆက်တည်း မြင်လိုက်ရတာ အဲဒီကောင်လေး ရဲ့ ကိုယ်ခန္ဓာအောက်ပိုင်းကိုလည်း ခုံလေးမှာ ကြိုးသိုင်းလို့ ထိန်းထားပေးသေးတယ်။
ပြီးတော့ ကောင်လေးက အကောင်းစား ရေဘင်(Rayban) မျက်မှန်၊နာရီ၊ ဆွဲကြိုး တွေ ဆင်မြန်းထားတာ တွေ့လိုက်ရတယ်။
မိန်းမ ၀၀ကြီးနဲ့ ကောင်လေးဟာ သားအမိဖြစ်မယ်လို့ ထင်တယ်။
အမေဖြစ်သူက သားရဲ့ လက်မောင်းကို ကိုင်လို့ လမ်းကို ဖြတ်ကူးနေတယ်လေ။

ချက်ချင်းဆိုသလို အမေဆိုတာ သတိရမိတယ်။
ဒါက ကျွန်တော့်ရဲ့ အားနည်းချက်ဘဲထင်ပါတယ်။
ခန္ဓာကိုယ် မပြည့်စုံတဲ့ သူတွေ၊ကိုယ့်ထက် နိမ့်ကျတဲ့ သူတွေကို တွေ့တိုင်း အမေ့ကို သတိရလေ့ရှိတယ်။
သူတို့လေးတွေလို မဖြစ်အောင် ထိန်းကျောင်းပြုစုပေးခဲ့တဲ့ အမေ့ကိုဘယ်လို ကျေးဇူးတင်မှန်းကို မသိဘူးလေ။
ကိုယ်ခန္ဓာအောက်ပိုင်းတခုလုံး ကို ကြိုးနဲ့သိုင်းပြီး အထောက်အကူနဲ့သွားနိုင်တဲ့ သားရဲ့ အနားမှာနေတဲ့ အမေရဲ့ ဘ၀ကိုလည်း စာနာမိတယ်။
အဲဒီကောင် လေးရဲ့ကျင်ကြီး၊ကျင်ငယ် ကအစ အမေက လုပ်ပေးနေရမယ်လို့ တွေးမိတယ်။
သူ့အမေလည်း တော်တော် ဒုက္မ္ခရောက်မှာဘဲလို့ တွေးမိတယ်။
ဒါပေမယ့် ကားကို လက်ပြတဲ့ပြီးတားတဲ့ မိန်းမကြီး မျက်နှာက အားမာန်အပြည့်နဲ့လေ။
ဒုက္ခလို့ ယူဆပြီး စိတ်ဆင်းရဲနေတဲ့ပုံမပေါ်ဘူး။
ကားကို လက်ပြပြီးတော့ သားလက်မောင်းကိုတွဲလို့ လမ်းကိုဖြတ်ကူးပြီးရှေ့ဆက်သွားနေတယ်။

”တီ တီ”နောက်က ကား ဟွန်းသံကြောင့် ကြည့်နေမိတဲ့ အကြည့်တွေလွဲလို့ ကားကိုရှေ့ဆက်မောင်းလာ ပေမယ့်
ကျွန်တော့် အတွေးထဲမှာ မြင်လိုက်ရတဲ့ ပုံရိပ်တွေက မပျက်ပျယ်သွားခဲ့ဘူး။
ဆက်ပြီးတော့ ကိုယ်ကို ကို လည်း ပြန်စဉ်းစားမိတယ်။
အဲဒီကောင်လေး လိုမဖြစ်အောင် မွေးခဲ့၊ကျွေးခဲ့၊ပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်နေမိတယ်။
တကယ်လို့ ဖြစ်ခဲ့ရင်လဲ အဲဒီကောင်လေးရဲ့ အမေထက်မလျော့ဘဲ ပြုစုမှာလို့ တွေးနေမိတယ်။
တဆက်တည်း ဟိုအရင် အမေမျက်ရည်ကျအောင် ဆိုးခဲ့ မိုက်ခဲ့မိတာကို တွေးပြီး အမေကို အဝေးက ခွင့်လွတ်ပါလို့ လှမ်းကတော့နေမိတယ်။

အောက်ပိုင်းသေနေတဲ့ ကောင်လေးလောက်တော့ အမေ့ကိုဒုက္မ္ခမပေးမိပါဘူးလို့ ဖြေသိမ့်မိတယ်။
ဒါပေမယ့် ကျွန်တော်နဲ့ အဲဒီကောင်လေးက မတူသလို ကျွန်တော့်အမေနဲ့ သူ့အမေလည်း မတူနိုင်ဘူး။
သူက ကံကြမ္မ္မာအရဖြစ်တာ၊ ကျွန်တော်ကတော့ သိသိနဲ့ ကို ဆိုးတာ၊မိုက်တာ ဆိုတော့ အမေ ရင်ပိုနာမလား မသိဘူး။
ကျွန်တော့် အမေ ပိုပြီး စိတ်ဆင်းရဲနေမလားဘဲ။

ကျွန်တော့်ရဲ့ခြေထောက်ကခွင်တယ်၊ ဒါပေမယ့် အများသူငါလို ပြေးနိုင်၊ကစားနိုင်တယ်။
ဘယ်သူအကူအညီမှ မလိုဘူး။
အမေလည်း အနားမှာနေပြီး လက်မောင်းကို တွဲနေရတဲ့ ဘ၀မဟုတ်ဘူးလေ။
ကျွန်တော်ဟာ အများနဲ့ ယှဉ်နိုင်အောင် ကျွန်တော့်ခြေထောက်တွေ က သန်စွမ်းတယ်။
ဒါတွေဟာ အမေ့ကျေးဇူးတွေပေါ့။
တခါတလေ သူငယ်ချင်းတွေက ကျွန်တော်ကို ဘဲသွားသွားတယ်လို့ ပြောတယ်။
ဒါပေမယ့် အမေ ပြောပြတာတော့ တရုတ်တွေ ရဲ့ အယူအဆမှာ အဲလိုသွားတဲ့ သူက ကောင်းတယ်တဲ့။
လောကပစ္စည်းဥစ္စာတွေကို ကိုယ်ဖက်ကို အလိုလို သယ်ယူပြီးသား ဖြစ်တယ်လို့ အယူအဆရှိတယ် လို့ အမေပြောပြဖူးတယ်။
နောက်ပြီး ခြေထောက်ကို သန့်သန့်ရှင်းရှင်းထားရမယ့်အကြောင်း နဲ့ အိပ်ရာဝင်တိုင်းခြေထောက်ဆေးရမယ့်အကြာင်းအမေ တဖွဖွသင်ပေးခဲ့တာပေါ့။
လူတွေက သားရဲ့ ခြေထောက်ခွင်တာ တွေ့ကြရင် အမြဲသန့်ရှင်းနေတဲ့ သားခြေထောက်ကိုလည်း သူတို့တွေ့ကြမှာပါတဲ့လေ။

ကျွန်တော့်ရဲ့ အသားအရောင် ကလည်း မဲတယ်လို့ပြောကြတယ်။ အဒေါ်တယောက်ကဆို ငါ့တူ ဂရိုး(နီဂရိုး) ကို ကြိုက်မယ့်သူရှိ ရင် ရွေတပိသာ လက်ဖွဲ့မယ်လို့တောင် ပြောတာ။
အမေက တော့ အဲလို ဘယ်တော့မှ မပြောဘူး။ သားရဲ့ အသားအရောင် က မဟော်ဂနီ ရောင်လို့ပြောတာလေ။
ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်က မဟော်ဂနီရောင်ကို ကြိုက်တယ်။ နီညိုရောင်လေး။

ဘယ်လိုဘဲဖြစ်ပါစေ အမေ့ဆီမှာ သန္ဓေတည်တဲ့နေ့ကစလို့ ဒီနေ့ထိ အသက်ရှင်နေထိုင်နေရတဲ့ အချိန်ထိ အမေ့ရဲ့ ကျေးဇူးတွေ မရေတွက်နိုင်အောင်ပါဘဲ။
အမေက ကျွန်တော့်ကို လိုလေသေး မရှိအောင် ထားနိုင်တာတော့ မဟုတ်ဘူး။ ကျွန်တော်ကလည်း အမြဲ မပူဆာတတ်ပါဘူး။
တခါတလေ လိုချင်တာတော့ မရမချင်းတောင်းတတ်တယ်။ အမေကလည်း မရ ရတဲ့နည်းနဲ့ ပေးနေကြဘဲလေ။
အမေ အမြဲပြောတာ ကတော့ သားက အကြီးဆုံးသားလေ ဒီတော့ သားက အားလုံးကို ဦးဆောင်ရမှာတဲ့။
ဟိုကျွန်တော် သိတတ်စအရွယ်က စလို့ အမေက ကျွန်တော့်ကို ခရီးသွားခိုင်းတာ အဖိုးအိမ် အဝေးကြီး၊အဒေါ်တွေအိမ် ကို လည်း ကားပေါ်တင်ပြီး လွတ်လိုက်တာဘဲ။
အဲဒီတုန်းက ထင်ခဲ့တာတော့ အမေ က မချစ်လို့ ဟိုကို သွားခိုင်း၊ဒီကို သွားခိုင်းလိုက် လုပ်တယ်လို့ တောင်ထင်ခဲ့တာ။
ဘယ်လောက်ထိတောင် စိတ်ထဲမှာ ထင်မှတ်မှားခဲ့သလဲဆို ကျွန်တော့်ကိုများ မွေးစား ထားတာလားလို့တောင် ထင်ခဲ့တာ။
အမှန်တော့ ဒီနေ့ထိ ဘယ်ခရီး ဘယ်ကိုဘဲ ပေါက်ပေါက်ရောက်ရောက် တယောက်တည်း သွားလာနေတတ်တာ အမေ့ရဲ့ ကျေးဇူးတွေဘဲလေ။
ဒီလိုနဲ့ ဒီနေ့ ဘယ်သူအကူအညီ မှမယူဘဲ သွားလာ လှုပ်ရှားနေရတာ အမေ့ ကျေးဇူးတွေဘဲပေါ့။

နောက်ပြီး အမေ ကမုဆိုးမ လေ။ ကျွန်တော်တို့နေတဲ့ မြို့လေးမှာတော့ အမေက ဆေးရုံဆရာမလုပ်တာ။
မုဆိုးမ ဆိုတော့ လူတွေက သိတဲ့အတိုင်း သာသာထိုးထိုး ပြောဆိုချင်ကြတယ်။
မထိခလုပ်၊ထိခလုပ်နဲ့လဲ ပြောချင်ကြတယ်။ စီးစီးပိုးပိုးလဲ ပြောချင်ကြတယ်။
ကျွန်တော် ကတော့ မိန်းမတွေ ထက် ယောက်ကျား အများစု ကို ပိုမယုံဘူး။
မုဆိုးမ ဆိုပြီး အကဲစမ်းချင်တဲ့သူတွေ လည်းရှိတယ်။
ကျွန်တော့်ကိုလည်း အကူအညီ ပေးသလိုဘာလိုလို နဲ့ သွေးတိုးစမ်းချင်ကြတယ်။
ကျွန်တော်ကတော့ ဘယ်တော့မှ မရှောင်ဘူး။ ပြသာနာကို ဘယ်တော့မှ မရှောင်ဘူး တည့်တည့်ဝင်တိုးတာဘဲ။
တခါတလေ မက မကြာခဏ ဆိုသလို ပြသာနာဖြစ်လေ့ရှိတယ်။ တချို့ ကလည်း ဆရာမ သားက ရိုင်းတယ်လို့ ပြောကြတယ်။
သူတို့ စလုပ်တဲ့ ပြသာနာကြတော့ မပြောကြဘူး။
အမေ ကတော့ ငါ့ကို အပြင်းအထန် မတုန့်ပြန်ဖို့ နဲ့ ကိုယ်မဟုတ်ပြီးတာ ဘဲ ဆိုပြီးနေဖို့ ပြောတာပေါ့။
ဒါပေမယ့် မရပါဘူး။ အမေထိ လာ ပါလာရင်တော့ ပြသာနာ ကြီးကြီးဖြစ်လေ့ရှိတယ်။
ဒါကြောင့်လည်း ဒီနေ့ထိ အဲဒီ အကျင့်ကလည်းပါလာတယ်။
တယောက်ယောက်က မထိခလုပ် ထိခလုပ်ပြောလာရင် ပြင်းပြင်းထန်ထန် တုန့်ပြန်မိတယ်။
ဘယ်သူတွေ ဘာဘဲပြောပြော ကျွန်တော်ကတော့ အမေကို ချစ်တယ်။
ကျွန်တော် ကတော့ အမေ့ရဲ့ အားကိုးအားထားရာ သားကြီးဖြစ်ရပ်တည်ချင်တာ။
ဘာပြသာနာတွေဖြစ်ဖြစ် ကျွန်တော် ကရှေ့ ကတည့်တည့် ရှင်းပစ်တာဘဲ။

ပြီးတော့..
အမေ က ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောပြလေ့ရှိတယ်။
ကျွန်တော် က စစ်ဗိုလ်ဖြစ်ချင်တာ တပိုင်းသေလို့ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း က ဘယ်လိုနေတယ်ထိုင်တယ် ဆိုတာ အမေ့ကို မေးလေ့ရှိတယ်။
မှတ်မှတ်ရရ ကတော့ ဗိုလ်ချုပ်အောင်ဆန်း က သူအိမ်မှာဆို စိုက်ပျိုးရေးလုပ်တယ် ပြောလို့ ကျွန်တော်လည်း ခြံတွေပေါက်ပြီး အသီးအနှံတွေ စိုက်ဖူးတယ်။
ခြံပေါက်တော့ လက်တွေ ပေါက်တာ နာလိုက်တာ မပြောပါနဲ့တော့။
ဒါပေမယ့် အပင်လေးတွေကြီးလာတော့ အမေ့ဆီ လာတဲ့ သူတိုင်းကို အမေက ကျွန်မ သားကြီးစိုက်ထားတာလို့ ပြောပြတော့ အလွန်ပျော်တာဘဲလေ။
နောက် အမေက ပန်းတွေစိုက်တာလည်း ၀ါသနာပါတယ်လေ။
နှင်းဆီပန်း ဆိုရင် အမေက အကိုင်းလေး ကို ဖြတ်ပြီး မြေမှာထိုးထားတာနဲ့ကို နှင်းဆီပင် ရှင်တာ။
နောက်ဆုံး ကိုယ်မှာ ဘာဆိုဘာမှ မရှိခဲ့ရင်တောင် မြေကြီးရှိရင် ငါ့သားကြီး ရှင်သန်နေထိုင်လို့ရပြီ လို့ ပြောဖူးတယ်။
အမေက ယောက်ကျားဆိုတာ မတတ်တာမရှိရဘူး ဆိုပြီး အိမ်အလုပ် အချက်အပြုတ်က အစသင်ပေးတာ။
ဟိုအရင်ကတော့ မိန်းမ လုပ်တဲ့ အလုပ်ဆိုပြီး သိပ်မလုပ်ချင်ခဲ့ဘူး။
ဒီနေ့ ကျွန်တော် တယောက်တည်း နေခဲ့တဲ့ နေရက်တွေမှာ ကောင်းကောင်းမွန်မွန် ချက်ပြုတ်စားသောက်နိုင်တာ အမေးကျေးဇူးပေါ့။
တချို့ သူငယ်ချင်းတွေ က ငြီးကြတယ်။ထမင်းလည်း ချက်စားရအုန်းမယ်။အ၀တ်လည်း လျော်ရအုန်းမယ်။ အလုပ်လဲသွားရအုန်းမယ် ရူပ်လိုက်တာတဲ့။
ကျွန်တော် တွက်တော့ ထမင်း၊ဟင်း ချက်စားတာ၊အ၀တ်လျော်တာ က အလုပ်မဟုတ်ဘူး လို့ မှတ်တယ်။
နေ့စဉ် ထမင်းစား၊ရေသောက်တာနဲ့ တူတူဘဲ။
ဒါတွေကို အလုပ်လို့ ထင်စရာမလိုအောင် အမေက လေ့ကျင့် ပေးခဲ့တာပေါ့။

အမေ့ရဲ့ ကျေးဇူးတွေက ရေတွက်လို့ မကုန်ပေမယ့် ဒီနေ့ ကျွန်တော် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ ထိ အမေ့ကို ကျေးဇူးကို ဟုတ်တိ ပတ်တိလည်း မဆပ်နိုင်သေးဘူး။
အမေကလည်း ပင်စင်မယူသေးဘူးဆိုတော့ အမေပိုက်ဆံရှိမှာပါလို့ ထင်နေတာ။
အမေ့ကို ပိုက်ဆံလိုလား လို့ မေးတိုင်း မလိုပါဘူးဘဲဖြေတယ်။
တကယ်လိုရင်တော့ အမေ့ကို မုန့်ဖိုးပို့ပေးလို့ ဖြေတယ်။
ဘယ်လောက်လဲ လို့ မေးရင် သားပေးချင်သလောက်ပို့ပါတဲ့။
တခါတလေ ပိုက်ဆံမကျန်တဲ့လတွေမှာ အမေ မုန့်ဖိုးပေးပါလို့ ပြောမှာ သိပ်ကြောက်တာဘဲ။
ကျွန်တော်လည်း တောင်းရင်ပေးမှ ကြိုက်သလို အမေတောင်းရင် ကျွန်တော်လည်း ပေးချင်တယ်။
အမေနဲ့ဝေးတဲ့ အချိန်တွေမှာ ကျွန်တော့်ကို ကျန်းမာရေးဂရုစိုက်ဖို့ တဖွဖွမှာတတ်တယ်။
အထူးသဖြင့် အိပ်တဲ့အခါ စောင်ကို ရင်ဘတ်ပေါ်တင်ပြီးအိပ်ဖို့လေ။
ကျွန်တော် ငယ်ငယ်ကဆို ခဏခဏ ရင်ကျပ်တတ်လို့တဲ့။

မှတ်မှတ်ရရ ဒီဇင်ဘာ ရဲ့ ညတည မှာ အလုပ်ကပြန်ပြန်လာခြင်း အမေ့ကို သတိရလို့ ဖုန်းဆက်တော့
အမေက မှာတယ် “သားရေဒီဇင်ဘာ ချမ်းနေပြီဆိုတော့ ရေချိုးရင် ရေနွေးနဲ့ ချိုးနော်” တဲ့။
ကျွန်တော်နေတဲ့ တိုင်းပြည်က ချမ်းတဲ့ရာသီမှ မရှိတာလေ။
ပိုက်လိုင်းက လာတဲ့ရေတောင် အလိုလိုပူနေတာ အမေပြောသလို ရေနွေးအောင်လုပ်ပြီးချိုးရရင်တော့လေ။
သား တွေ အပေါ်ကို စိုးရိမ်တတ်တာတော့ ကျွန်တော် အမေတယောက်ဘဲ မဟုတ်လောက်ဘူး။
သား ရှိတဲ့ အမေတိုင်း စိုးရိမ် ပူပန်နေမှာ အမှန်ဘဲ။
ဒီထက်ပိုရ်ျ ပြောရရင်တော့ သားဆိုးတွေရဲ့ အမေတွေက ပိုစိုးရိမ် ပူပန်နေကြမှာဘဲ။
အမှန်တော့ ပိုချစ်အောင်လို့ ဆိုပြီး ဆိုးတာတော့ မဟုတ်ပါဘူး။
တခါမက အကြိမ်ကြိမ်အခါခါတော့ ပြသာနာတွေ ဖြစ်လာပြီးရင် အမေ့ရင်ခွင့်ထက် တိုးဝင်ရတဲ့ အရသာကိုတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး။
ဘာလိုလိုနဲ့ ပျော်ရွင်တဲ့အခါ၊၀မ်းနည်းတဲ့အခါ၊ပြသာနာတွေ ရင်ဆိုင်လာပြီးတဲ့ အခါ အမေ့ရင်ခွင် နားခိုခွင့်မရှိတာ ဆယ်စုနှစ် တစ်မကတော့ဘူး။
လောကဒဏ်ရဲ့ အထုအထောင်း ခံရပေါင်းလဲများတော့ နောကျောရောပေါ့။
လောကဒဏ်ကို နောကျေ ပေမယ့် တခါလောက်တော့ အမေ့ရင်ခွင်ထက် နားခိုချင်သေးတယ်။

မွေးနေ့..... မွေးနေ့....
အမေ့ရဲ့မွေးနေ့ ၂၇၊၁၁၊၂၀၁၀။ အမေ့ အသက် ၅၇ နှစ်ပြည့်တဲ့ မွေးနေ့ပေါ့။
ဒီအသက် အရွယ်ထိ အမေ့ မွေးနေ့လုပ်တာ တခါမှ မကြုံ ဖူးခဲ့ဘူး။
ကျွန်တော့်အတွက်တော့ ကြီးကောင် ကြီးမား အရွယ်ရောက်တဲ့ အထိ အမေ့ဘေးမှာရှိတိုင်း ကျွန်တော်မွေးနေ့ ဆုတောင်းပွဲကို လုပ်ပေးခဲ့တယ်။
အမေရယ် ဒီအသက်အရွယ်မှာ မွေးနေ့ မလုပ်ချင်ပါဘူး ရှက်စရာကြီးဆိုတာတောင် မရဘူး။ မရမကလုပ်ပေးလေ့ရှိတယ်။
လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက အမေ့ဆီ ပြန်ရောက်တော့ ကျွန်တော်မရှိလည်း ကျွန်တော့်မွေးနေ့ပွဲကို အမေလုပ်ပေးလေ့ရှိတယ်လို့ သူများတွေ ပြောပြလို့ သိခဲ့ရတယ်။
ကျွန်တော်လည်း ယောက်ကျားရင့်မာကြီး တယောက်ဖြစ်လာခဲ့ပေမယ့် အမှန်ပြောရင် ဘယ်နေဟာ အမေ့မွေးနေ့လည်း မသိဘူး။
ကန္တာရကြီးထဲရောက်မှ အထီးကျန်ခြင်းတွေ နှိပ်စက်၊ ကြင်နာသူတွေ ဘေးဖယ်သွားတော့မှ အမေ့ကို သတိရလိုက်တာဗျာ။
အမှတ်တမဲ့ ပါဘဲ..
အခွန်ဆောင်ဖို့ အိမ်ထောင်စုစာရင်း ကို ရှာရင်းက အမေ့မွေးနေ့ကို တွေ့လိုက်ရတယ်။
ဒီလဟာ အမေ့ မွေးလ ဖြစ်နေတယ်။
ဒီလထဲမှာ အမှတ်တမဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းလေးကနေ အမေ့ ကို အလွမ်းပြေ စာလေးရေးမယ်ဆိုတော့။
ဒီစာဟာ လည်း ကျွန်တော်နေခဲ့တဲ့ တသက် ပထမဆုံး အမေ့အတွက် မွေးနေ့လက်ဆောင် လို့ သတ်မှတ်လိုက်တယ်။
မွေးနေ့ရှင်ကတော့ မွေးနေ့လက်ဆောင်ကို လက်ခံပိုင်ခွင့်ရှိမှာမဟုတ်ဘူး။ ဖတ်ခွင့်လည်း ရှိမှာမဟုတ်ဘူး။
ကျွန်တော် အမေနေတဲ့နေရာ က အင်တာနက် မရှိဘူးလေ။ ရှိလည်း အမေ က မသုံးတတ်ဘူးလေ။
ကျွန်တော် သိနေတာ တစ်ခုလည်းရှိတယ်။အမေက သူ့မွေးနေ့လက်ဆောင်ကို လည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။
အမေ စိတ်ဝင်စားတာက ”သား နေကောင်းလား” ဒါပါဘဲ။
ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့။အမေ့ မွေးနေ့မှာ အကောင်းဆုံး လက်ဆောင်အဖြစ်
အမေ အလိုချင်ဆုံး သားနေကောင်းကြောင်း ကို ဖုန်းဆက်ပြောမယ်။
ကျွန်တော်ပေးချင်တာနဲ့ အမေလိုချင်တာ တလွဲဖြစ်နေပေမယ့်...။
အမေလိုချင်တာကို ကျွန်တော်ပေးမယ်။ အမေ..“ကျွန်တော် နေကောင်း ပါတယ်” အမေ။


ကမ္ဘာတ၀န်းလုံးရှိ ၂၇၊၁၁၊၂၀၁၀ တွင် ကျရောက်သော မွေးနေ့ရှင် အမေများ အားလုံး သို့ ရည်ရွယ်ပါသည်။


ဒီးဒိုး
၂၆၊၁၁၊၂၀၁၀။

1 comment:

  1. အဒီးလေး အမေ ကဒီမွေးနေ့လက်ဆောင်ကို သေချာပေါက်သဘောကျမှာပါ

    ReplyDelete