Friday, July 23, 2010

မိုးချုပ်ဘောင်းဘီ ညီလေးကို ဈေးငယ်ငယ် နှင့်ရောင်းထွက်ခဲ့ခြင်း။

ကွတ်ခိုင်မြို့ရဲ့ အေးတဲ့ရာသီ၊ ငါးရက်တဈေးဖွင့်တဲ့ ကွတ်ခိုင်မြို့ တစ်ခုသော ဈေးနေ့မှာပေါ့။
ဈေးနေ့ ဆိုတော့ ဈေးဝယ်သူတွေ မလာခင် ဆိုင်ကို အဆင့်သင့်ဖြစ်အောင် ပြင်ဆင်နေရင်းက
ပလောင် လူငယ် လေး၊ငါးယောက်လောက် ဆိုင်ရှေ့ ရစ်ရစ်သီ လုပ်နေတာ တွေ့လိုက်တယ်။
ပလောင်ဘာသာ စကားကို ရေမက်မ၀င်အောင် ပြောဆိုနေကြတယ်။
ဆိုင်ခင်းပြီးချိန်လောက်မှာ
“ညီလေးတို့ ဘာလိုလို့လဲ” လို့ ဦးကြိုပြုရင်း မေးလိုက်ရာ....
”အစ်ကို ဟို....အင်း အစ်ကို မိုးချုပ်လောင်းဘီ ရှိလား”
မေးလာတဲ့ စကားကြောင့် ရုတ်တရက်ကြောင်သွားတယ်။
တဆက်တည်းဆိုသလို နောက်နေတာလားလို့ ထင်မိတယ်။
ဒါနဲ့ ဘောင်းဘီ ဆိုတာပါနေတာနဲ့ ဘောင်းဘီ မျိုးစုံကို ထုတ်ပြတာပေါ့။
ဈေးဦးလည်း ဖောက်ရအောင်လို့လေ။
”မဟုတ်ဘူးအစ်ကို မိုးချုပ်ဘောင်းဘီလေ”
ဆိုပြီး ၀တ်ထားတဲ့ ရှမ်းဘောင်းဘီ အနက်နွမ်းနွမ်းလေးကို ကိုင်ပြတယ်။
ဟာ...သိလိုက်ပါပြီ၊ ရှမ်းဘောင်းဘီ အနက်ရောင်....
”သိပ်ရှိတာပေါ့ ညီလေးရ” ဆိုပြီး ရှမ်းဘောင်းဘီ အနက်ရောင်တွေ ထုတ်ပြတယ်။
ထုတ်ပေးလိုက်တဲ့ ရှမ်းဘောင်းဘီ တွေကို ကိုင်ကြည့်၊တိုင်းကြည့် လုပ်ရင်း မတ်တတ်
”အစ်ကို အစ်ကို”
”ဘာလဲကွ”
”ကျွန်တော်ကို သူ့ညီလေးပေးပါ”
ဟုတ်ပါပြီ...ဟုတ်ပါပြီ လို့ စိတ်ထဲက ရည်ရွတ်ရင်း
ဆိုဒ်ငယ်တဲ့ ရှမ်းဘောင်းဘီ ကို ရွေးပေးလိုက်တယ်။ ပြီးတော့ သူက
”ဘယ်လောက်လဲ”
”၂၀၀၀ ပါညီလေး”
”ဟာ အစ်ကို ဈေးနည်းနည်း ငယ်အုန်း”
”ညီလေး ၁၈၀၀ တော့ပေးခဲ့ကွာ ဒီထက်တော့ ပိုမငယ်ပါရစေနဲ့”
သူက ပိုက်ဆံ ၁၈၀၀ လှမ်းပေးရင်း ပြောလိုက်တာက
”ဆောရီး အစ်ကို ဗမာ စကား မလောက်စားဘူးဗျ” လို့ ပြောရင်း ရှမ်းဘောင်းဘီ ကို ၀ယ်ယူသွားပါတော့တယ်။
ကျွန်တော်လည်း အေးချမ်းတဲ့ ရာသီအောက် ဗမာစကား အသစ်တွေနဲ့ ဈေးဦးပေါက်ပြီး
”မိုးချုပ်ဘောင်းဘီ ညီလေးကို ဈေးငယ်ငယ်နဲ့” ရောင်းထွက် ခဲ့ပါသည်။
ကွတ်ခိုင်မြို့ ရဲ့ တစ်ခုသော ဈေးနေ့လေးမှာပေါ့ဗျာ။

No comments:

Post a Comment