Tuesday, June 29, 2010

ညီလေး (၂)

ညီလေး ခိုင်ပီး ရေ.
သန့်ရှင်း သပ်ရပ် ဆိုတဲ့ စကားကြားဖူးမှာပေါ့။ သန့်ရှင်းတယ်ဆိုတာ မိမိ ကိုယ်ကို ဆိုကြပါစို့ မိမိ တကိုယ်လုံး ချေးညှော် ကင်းစင်တာ၊ အခန်းမှာ ဆိုရင်လဲ အမှိုက်သရိုက်တွေ ကင်းတာ၊ အစွန်းအထင်းတွေ မရှိတာ ကို ဆိုလိုဟန်တူပါရဲ့။ သပ်ရပ်တာကတော့ အစွန်းအနားတွေ ညီညာ ရှိနေတာ၊ရှုပ်ပွမနေတာ၊သူ့နေရာ နှင့် သူရှိနေတာ ကို ဆိုတယ်။

ညီလေး ကခု ဆို အဖွဲ့အစည်း တခုထဲ ရောက်လာပြီး အဆင့်မြင့် ပညာတွေ လေ့လာနေပြီ ဆိုတော့ အဖွဲ့အစည်း နဲ့ နေတဲ့ နေရာမှာ သန့်ရှင်း သပ်ရပ်မှုဟာ အရေးကြီးကြောင်း ပြောပြချင်တယ်။ ညီလေး ပညာလေ့လာ နေတဲ့ချိန်မှာ အပြင်စာတွေ မဖတ်နိုင်မှာ စိုးတာတကြောင်း၊ တောင်ပေါ်ဒေသနဲ့ ရွှေမြို့ တော် လူနေမှု စရိုက် ကွာခြားမှု ကြားမှာ ညီလေး အထင်အမြင် လွဲမှား မှာ စိုးတာတကြောင်း စာရေးလိုက်တာ။
အကို ကိုယ်တိုင်ကတော့ သပ်သပ်ရပ်ရပ် မနေတတ်ပေမယ့် သန့်သန့် ရှင်းနေတတ်တယ်။ ဒါတွေကလည်း အမေ ပေးတဲ့ အကျင့်တွေ ပေါ့။

သန့်ရှင်းသပ်ရပ် တယ်ဆိုတာ ကိုယ်ဘ၀ရဲ့ အလုပ်တနေရာအတွက် အဆုံးအဖြတ် ပေးနိုင်တယ်။ အဲဒီ အတွက် အကို ရဲ့အတွေ့ အကြုံ ပြောပြမယ်။

အကို AOBA မှာ အလုပ်လုပ်တုန်းကပေါ့။ ကိုယ် ရဲ့ GM (အထွေထွေ မန်နေဂျာ) က အင်တာဗျူးလုပ်မယ် စီစဉ်ထားပါလို့ အကို ကို ပြောတယ်။ အကိုလည်း တတ်သလောက်၊မှတ်သလောက် လုပ်ထားတာပေါ့။ မှတ်မှတ်ရရ အဲဒီနေ့ က မိန်းကလေး အင်ဂျင်နီယာ နှစ်ယောက်တည်း လာ ဗျူးတာ။ ခေါ်တာကလည်း GM ကို ကူလုပ်ဖို့ မိန်းကလေး ကို ခေါ်တာလေ။ ဒါနဲ့ GM ကို အကိုကCV လှမ်းပေးလိုက်တယ်။ သူဖတ်ကြည့် ပြီး ကိုယ်ဖက်လှည့် ကာ CVလှမ်းပေးရင် လူကို ခေါ်ခိုင်းတယ်။ အဲဒီ မိန်းကလေး နဲ့ GM နဲ့ တရုတ်လို ပြောကြတယ်။ ကိုယ်လဲ နားမလည်ဘူး။ ပြီးတော့ ဘာမပြော ညာမပြောဘဲ အကိုဖက်လှည့်ပြီး A4 စာရွက်အလွတ် သွားယူခိုင်းတယ်။သွားယူပြီး ပေးလိုက်တော့ GM က ရှေ့က အင်တာဗျူးဝင်တဲ့ မိန်းကလေး ကို ပေးလိုက်တယ်။ဘောပင်ကောပေးတယ်။ ပြီးတော့ သူ့မှာ ပါလာတဲ့ စာရွက်(အင်တာဗျူးဖို့ ပြင်ဆင်လာဟန်ရှိသော စာရွက်) ကို ပေးလိုက်ပြီး စာရွက်အလွတ်မှာ ကူးထည့်ခိုင်းတယ်။ GM ကဒီအတိုင်း ကြည့်နေတယ်။ စာမျက်နှာ တ၀က်လောက်လဲ ရောက်ရော GM က ရပါပြီ ကျေးဇူးပါ လို့ ပြောပြီး နောက် အပတ်အကြောင်းကြားလိုက်ပါ့မယ် လို့ မှာလိုက်တယ်။
နောက်တယောက်ကို ထပ်ခေါ်တယ်။ အရင်အတိုင်းဘဲ CV ဖတ်ပြီး အကို့ ကို စားပွဲသုတ်ဖို့ အ၀တ် သွားယူခိုင်းတယ်။ အကို လည်း ယူလာပြီးပေးတော့ GM က သူ့ကို ပေးလိုက်ပါ တဲ့ ပြီးမှ GM က စားပွဲ
သုတ်ခိုင်းတယ်။ အကို လည်း ဟာ ငါတော့ သွားပြီ စားပွဲမသုတ်မိဘူးပေါ့။ ခုတော့ ဟိုတယောက် ကိုသုတ်ခိုင်း
နေပြီ ဒုက္ခ ဘဲ လို့ စိတ်ထဲက ငြီးရင်း ကိုယ်တိုင် သုတ်ဖို့ပြင်လိုက်တယ်။ ဒါနဲ့ GM က သူ့ကို ပေးလိုက်ပါ တဲ့။ ဆက်ပြီး သူ့ကို ဘဲ ကျေးဇူးပြုပြီး စားပွဲ သုတ်လိုက်ပါ လို့ ပြောလိုက်တယ်။ GM က ရုတ်တရက် ခိုင်းတာကြောင့် သူလည်း အ၀တ် ကို လှမ်းယူ သုတ်တယ်။ နောက်ပြီး နည်းနည် စိုးရိမ် စိတ်ရှိနေပုံရတယ်။
သူကတော့ သုတ်လိုက်တာဘဲ ဒါပေမယ့် နဂိုက ဖုန်ပါးပါးလေး ကပ်နေတဲ့ စားပွဲ ဟာ သူသုတ်လိုက်မှ ကွက်တိကွက်ကြားလေး ဖြစ်သွားတယ်။ အဲလိုဖြစ်တာ ကို သူနားက ကြည့်ရင်တော့ မမြင်ရဘူး။ GM နားက ကြည့်ရင် အလင်းကြောင့် မြင်ရတယ်။ သူသုတ်နေတုန်းမှာ ဘဲ GMက ရပါပြီ တဲ့ ကျေးဇူးပါဘဲ လို့ ပြောပြီး CV
ကို ပြန်ဖတ်နေတယ်။ ပြီးတော့ စကားနည်းနည်း ပြောပြီး။ ကျေးဇူးတင်ပါတယ် နောက်အပတ် အကြောင်းကြားပါ့ မယ်လို့ ပြောပြီး တော့ အင်တာဗျူးလည်း ပြီးသွားတာပေါ့။
နောက် နှစ်ရက် သုံးရက်လောက် ကြာတော့ အကို ဆီကို email ၀င်လာတယ်။ အင်တာဗျူး တဲ့
နှစ်ယောက်ဆီကပေါ့။သူတို့ ရဲ့အဖြေကို သိချင်တာပေါ့။ အကိုလည်း GM ဆီကို အကျိုးအကြောင်း ပြောပြတော့ GM က နှစ်ယောက် စလုံး ကို sorry ပါတဲ့။ သဘောက မခန့်ဘူးပေါ့။ အကို လည်း မခန့် ကြောင်း
email ပြန်ဖို့ ပြန်လှည့် အထွက်မှာတော့ အကို ကို ခဏ နေအုန်း လို့ ပြောတယ်။ သူ့အလုပ်ကို လည်း လက်စ သတ်လိုက်ပြီး အကို့ ကို မေးတယ်။ တို့ရဲ့ အင်ဂျင်နီယာရင်း အလုပ်မှာ ဒသမ ရဲ့နောက်က ဂဏန်း တစ်လုံး လွဲချော်မှု ဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ မင်းသိတယ်မဟုတ်လား လို့မေးတယ်။ အကို လဲ ဟုတ်ကဲ့ ပေါ့။ ပြီးမှ ဒီမှာ ကြည့် ဆိုပြီးဘာ မှားနေလဲ လို့ မေးတယ်။ ဟိုနေ့ က အင်တာဗျူး က မိန်းမလေး ကူးရေးသွား တဲ့ ဂဏန်းတွေပေါ့။ အကို လည်း ကိုင်ပြီးတော့ ကို သေသေချာချာ ကြည့်တာဘဲ မှားတာ တစ်ခုမှမတွေ့ပါဘူး။ GMကဘာမှားနေလဲလို့ ထပ်မေးတယ်။ အကိုကလည်း မမှားပါဘူး မှန်ပါတယ် လို့ ဖြေတယ်။
ဒါနဲ့ဘဲ GM က ခေါင်းနည်းနည်းခါပြီး ဘောပင်နဲ့ ၀ိုင်းပြတယ်။မတွေ့သေးဘူး။ ပြီးတော့မှ ဘောပင် နဲ့ အပေါ် အအောက် ဂဏန်းတွေကို မျဉ်းဆွဲ ပြတော့မှ တွေ့တော့တာပါဘဲ။ ဂဏန်းတွေ က ခုနေရာ ဆယ်နေရာ လေးတွေ လွဲချော်နေတာ။ အကို လဲ ဟုတ်ကဲ့ သိပါပြီး လို့ ဖြေရင်း ရှက်မိတယ်။ အကို ရေးတဲ့ ဂဏန်းတွေ လဲ
ညီလေ့ညီထ မရှိဘူး။ တစ်တန်း၊နှစ်တန်း လောက်တုန်းကတော့ ခုနေရာခု၊ ဆယ်နေရာဆယ် ညီ မလား ဘဲလို စိတ်ထဲမှာ တွေးရင်းရှက်မိတယ်။ ဆက်ပြီး GM က ဒီလို အသေးအဖွဲ့ လွဲချော်မှုရှိနေတဲ့ သူကို ငါ့နား မှာ ဘယ်လို စိတ်ချမှုတွေနဲ့ ခေါ်ပြီး အလုပ်ပေးထားရမလဲ တဲ့။ ညီလေးဘဲ စဉ်းစားကြည့်တော့။အကို လဲရှက်တယ်။ သူနားမှာ အကို လုပ်တာကြာပြီလေ။ အကို လဲ မရေးတတ်ဘူး။ မဟုတ်ဘူး မရေးတတ်တာ မဟုတ်ဘူး။ ရေးရင် အပေါ်အောက် မညီတာ။
ဆက်ပြီးတော့ နောက်တယောက် အကြောင်းဆက်ပြောတယ်။ မင်းတွေ့ တဲ့ အတိုင်းဘဲလေ။ ငါ့ရဲ့ ဖုန်ပါးပါးလေး ပေနေတဲ့ စားပွဲ သူသုတ်လိုက်မှ ကွက်တိ ကွက်ကြားဖြစ်သွားတယ်။ ငါ့ရဲ့ စားပွဲ ကို ငါကိုယ်တိုင်
ရှင်းလင်း သုတ်သင်တယ်။ ငါတို့ ရဲ့ အလုပ်မှာ HIGH LEVEL MANAGEMENT ကလွဲရင် ကိုယ့်ရဲ့ အလုပ်နေရာ (WORKING SPACE) ကို ကိုယ်ကိုတိုင် သန့်ရှင်းရေး လုပ်ရတာ မင်းလဲ အသိဘဲ။ ကိုယ် လဲ
မျက်နှာ ဇီးရွက်လောက် ကလေး နဲ့ ဟုတ်ကဲ့ ဘဲ ဖြေနေရတာပေါ့။ ဒီတယောက် ကတော့ ဘွဲ့ရပေမယ့် သန့်ရှင်းရေး မလုပ်တတ်သေးဘူး တဲ့။ အကို အထင်တော့ အောက်သက်မကျေဘူး လို့ ဆိုချင်တာ တူပါရဲ့။
နောက်ပြီး အကို့ ကို လဲ မေးတယ်။ မင်းကို ကော ငါ့ နား ဘာလို့ ခေါ်ထားတာလဲ သိချင်လား တဲ့။ ဟုတ်ကဲ့ က လွဲပြီး တခြားဖြေစရာ အကို့မှာ မရှိခဲ့ဘူးလေ။ မှတ်ထား ”မင်းက ထိုင်မနေတတ် လို့ ငါ့နား မှာ ခေါ်ထားတာ” တဲ့။ သူပြောတဲ့ အဲဒီ စကား ကို အကို ဒီနေ့ ထိ နားမလည် သေးဘူး။
ဒီတော့ ညီလေးရေ သန့်သန့် ရှင်းရှင်း သပ်သပ်ရပ်နေတာ လုပ်တာ ကိုင်တာ ဘယ်လောက် အရေးကြီး လဲဆို သိမယ်လို့ ယုံကြည်ပါတယ်။ သူက အလုပ်မပေးချင်လို့ အသေးအဖွဲ့ ကို အပြစ်ရှာပြီး ပြောသည်ဖြစ်စေ၊ သူတကယ် သန့်ရင်း သပ်ရပ် သူကို လိုချင် လို့ အဲဒီ နှစ်ယောက်ကို အလုပ်မပေး သည် ဖြစ်စေ သန့်ရှင်း သပ်ရပ်မှုကတော့ အမှန်ကို လိုအပ်တယ်။
နောက်တခုပြောချင်တာ ကတော့ အကို အတွေ့အကြုံ အရ ဘယ်အလုပ်ကိုဘဲ စ၀င်စ၀င် စလုပ်ရမယ့်
အလုပ်ဟာ ကိုယ့်ရဲ့ အလုပ်နေရာ သန့်ရှင်းရေးဘဲ။ ငါကတော့ ဘွဲ့ရကြီး မို့လို့ သန့်ရှင်းရေး မလုပ်နိုင်ဘူး ဆိုတာ
နည်းနည်းတော့ မှားနေတယ် လို့ ယူဆတယ်။ ”ပညာ မာန ဆိုတာ ပညာ ရှာ စဉ်ကာလ မှာဘဲ ထားရမယ်” လို့ ဖတ်ဖူး မှတ်ဖူးပါတယ်။ ဘယ်လို ထားရမလဲ ဆိုတော့ ဥပမာ..အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာတဲ့
သူဆိုရင် ငါဟာ အင်ဂျင်နီယာ ကြီးဖြစ်လာမယ့်သူဆိုပြီးတော့ ပညာ မာန နဲ့ မသိတာ၊မတတ်တာ မရှိရလေအောင် ပညာမာန ထားပြီးလေ့လာရမယ် လို့ မှတ်သားထားခဲ့ ဖူးတယ်။လုပ်ငန်းခွင်ထဲ ၀င်ရောက်လာပြီဆိုရင်ဖြင့် ပညာမာန မရှိတော့ ဘဲ သိခဲ့၊တတ်ခဲ့ တာတွေ ကို အသေးအဖွဲ ကစလို့ အကောင်အထည် ဖော်ရမယ်လို့ စိတ်ထဲ မှတ်ထားရမယ် တဲ့။
ပုံပြင်လား၊ပညာပေးလား၊ ဟာသလား မသိပါဘူး စာလေး ကောင်းတော့ စိတ်ထဲ မှတ်ထားမိတာ
တခု ပြောပြချင်တယ်။
တခါ က အလုပ်ရှင်တယောက်က ဘွဲ့ရတယောက်ကို အလုပ်ခန့်တယ်။ ကိုယ့် အထင်တော့ ကျောင်းဆင်းခါ စ နဲ့ တူပါရဲ့။ ကျောင်းဆင်း ခါစဆိုတော့ ဘယ်က စလုပ်ရမှန်းမသိဘူးနေမှာပေါ့။ ကိုယ်တော်ချော က အလုပ်ထဲမှာ ဟိုကြည့် ဒီကြည့် လျောက်ကြည့်ပြီး လေ့လာနေတာနေမှာပေါ့။ ဒါကို အလုပ်ရှင်က ခေါ်လိုက်ပြီး
”ဒီနေရာ က မင်းအလုပ် လုပ်ရမယ့် နေရာ သန့်ရှင်းရေးလုပ်လိုက်ကွာ” လို့ ပြောတယ်တဲ့။
ဒီတော့ ဘွဲ့ရ ကိုယ်တော်ချော ကလည်း ချက်ချင်းဆိုသလို
”ကျွန်တော် က ဘွဲ့ရ တယောက်ပါ” လို့ ပြန်ပြော တာပေါ့ ပညာမာန နဲ့ နေမှာပေါ့ကွာ။
ဒါနဲ့ အလုပ်ရှင်က
”သြော် မင်းက ဘွဲ့ရလား ဒါဆိုရင် တံမျက်စည်း သွားယူခဲ့ ကွာ သန့်ရှင်းရေး ဘယ်လို လုပ်ရမယ်ဆိုတာ ငါမင်းကို သင်ပေးမယ်” လို့ ပြောပြီး တံမျက်စည်း သွားယူခိုင်းသတဲ့။
ပုံပြင်လေးက ဒါလေးဘဲ ညီလေး ဘဲ စဉ်းစားကြည့် သူသာ မိမိအလုပ်လုပ်ရမယ့် နေရာ ကို အလုပ်ရှင်ခိုင်း တုန်း လုပ်လိုက်မယ်ဆိုရင် ဘွဲ့ ရ တယောက် သန့်ရှင်းရေး ကောင်းကောင်းလုပ်တတ် တယ်ဆိုပြီး ဂုဏ်ရှိအုန်းမယ်။ ခုတော့ ”ကျွန်တော် ဘွဲ့ ရတယောက်ပါ လို့ ” မာနလေး ထုတ်ပြလိုက်တာနဲ့
ဘွဲ့ရ တယောက် တံမျက်စည်း လှည်း နည်း တောင်ပြန်သင်ယူရမယ့် အခြေအနေ ကို ရောက်ပါလေရော။
ဒီတော့ ညီလေးရေ ပညာမာန ကို ပညာသင်ချိန်မှာ အမြင့်ဆုံးထားပြီး မသိလိုက်ရ၊မတတ်လိုက်ရ မရှိရ
လေအောင် မိမိနဲ့ ဆိုင်တဲ့ ဘာသာရပ်ကို လေ့လာပါ။ လုပ်ငန်းခွင်ဝင်လာပြီ ဆိုရင်လည်း သိခဲ့ သမျှ၊တတ်ခဲ့သမျှ ကို မလုပ်လိုက်ရ မရှိရလေအောင် လုပ်မယ်ဆိုတာ စိတ်ထဲမှာ မှတ်ထားပေါ့။
သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်၊ထိုင်တတ်၊လုပ်ကိုင်တတ်အောင် အကျင့် လုပ်ထားပေါ့ကွာ။ စကားမစပ် ကွာ အကို့ ရဲ့ GM နာမည် က တန်ဂျေထွန် တဲ့ ကွ ထိုင်ဝမ် လူမျိုး၊US ကနေ
ဘွဲ့တွေ ယူထားတဲ့သူပေါ့။ အကို တို့ကတော့ ကွယ်ရာမှာ ၁၀၀% လို့ သူ့ကို ခေါ်တယ်။ သူက အမြဲ ၁၀၀% ကို ပါးစပ်ကမချဘူး။စက်တွေ ရဲ့ ထွက်နူန်း ၉၀% ရဲ့ အောက်ကို ရောက်ရင် အမြဲ reason တောင်းလေ့ ရှိသလို၊ reason ကို နှစ်ခုထက် မနည်းပေးရ တယ်။ ဒါလောက်ဘဲကွာ နောက်မှ ဆက်တာပေါ့။


အကိုကြီး

ဒီးဒိုး။
၂၉၊၀၆၊၂၀၁၀။

No comments:

Post a Comment