ငါဟာ နှလုံးသားပါတဲ့ သစ်ပင်ကြီးပေါ့။
ငါ့ အရိပ်အောက် နားခိုကြရာ
လူကောင်းရော လူဆိုးပါ
သူကြွယ် သူတောင်းစား
ဘယ်သူနားခိုပါ ရွေးချယ်ရာ နတ္ထိ
ဖြေလျော့မောပန်း အေးချမ်းဖို့ရာ
အခက်လက်စုံညီ ငါရှင်သန်မယ်။
မောပန်းပြေပျောက် ခရီးဆက်ရာ
လိုချင်မက်မက် သုံးချလိုမူ
ငါ့ရဲ့ ကိုင်းခက် ချိုးငင်ယူနိုင်
ခဏဘ၀ ရှင်သန်သူမို့
နားခိုသူကြိုက် ပြုပါစေတော့
ငါ့ရဲ့ ကိုင်းခက် တပါးသူတွက်
တောင်ဝှေး တချောင်းသာ ဖြစ်စေလိုတယ်။
ငါ့ရဲ့ အသီး ချိန်တန်သီးမယ်
တချို့တွက်အဆိပ် တချို့တွက်အား
ဘယ်သူသာစေ နာစေတော့လို့
ရွေးချယ်မသီးဘူး
သဘာဝတိုင်း မပြောင်းမလဲ
သင်တို့ လိုလျင် ရွေးချယ်ခူးဆွတ်
စားသောက်စေတော့
ငါ့ရဲ့ အသီး တပါးသူတွက်
အဆိပ်သီးတော့ မဖြစ်စေလိုပါ။
ဒီးဒိုး။
၁၇၊၀၆၊၂၀၁၀။
No comments:
Post a Comment