Thursday, June 24, 2010

ကန့်လန့် ဂီတ

အငှားနှလုံးနဲ့ ခုန်နေတဲ့ ရင်ကို
ပြန်ယူမလို့လား။

လျှောက်ချင်တယ် ဆိုရင်ဖြင့်
မလျှောက်ခင်
လမ်းခင်း နိုင်ဖို့ အင်းအားပေးပါ။

မချစ်ခင် ထားသွားမယ့် အဖြစ်
မတိုက်ခင် ရှုံးရတဲ့ စစ်
ရှုံးသူ လျှော်ကြေးပေးရမယ့် အဖြစ်
အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး တဲ့လား။

လမ်းဆုံ လမ်းခွကို ရောက်တိုင်း
တွေဝေတတ် လို့ ငါ့ကို
ယောက်ကျား မဟုတ်ဘူး တဲ့လား
ငါ တယောက်တည်း ဆိုရင်ဖြင့်
ဘယ်လမ်း သွားရမယ်
သိပ်သိတာပေါ့။

လျှောက်မယ်လို့ ကြံတိုင်း
ပျောက်ပျောက်သွားတဲ့ လမ်း
မရှိတဲ့ လမ်းကိုဘဲ
လျှောက်ချင်တော့တယ်။

လူတိုင်းနားလည် နိုင်မယ့်
ဂီတ တပုဒ် ဖြစ်ချင်တယ်
ဒါပေမယ့်
ငါဘယ်လိုလူလဲဆိုတာ
ငါ့ကိုငါ
သိပ်သိတာပေါ့။

ဒီးဒိုး။
၂၄၊၀၆၊၂၀၁၀။

No comments:

Post a Comment