Tuesday, February 14, 2012

ဒလသို့ အသွား ကျေးဂျူးကမ္ဘာ သို့ အရောက်။

စာအုပ်လေးတွေ ဖတ်ရင်း က ရင်ကို ထိမှန်တဲ့ စာအုပ်လေးတအုပ်ဖတ်ရတယ်။ကြီးကြီး ကျယ်ကျယ် မဟုတ်ပေးမယ့် နားလည် မှု၊ကိုယ်ချင်းစာ မှု နဲ့ မုတိတာလေး တွေ ပွားများသွားနိုင်တယ်။ သူငယ်ချင်း အားလုံးကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ နဲ့ ပါ။ မောင်သာချို ရေးတဲ့ လက်ဆောင်(သမီးလေးဖတ်ဖို့) ဆိုတဲ့ စာအုပ်လေးပါဗျာ.။
(တစ်)
သမီး...
လွန်ခဲ့တဲ့ လေး ငါး ရက်လောက်က ဖေဖေ အိမ်အပြန် နည်းနည်း နောက်ကျခဲ့တာကို သမီး မှတ်မိနေလိမ့်မယ် ထင်တယ်နော်။ အဲသည်တုန်းက တောင်ဥက္ကလာနဲ့ မြောက်ဒဂုံစပ်ကြား ဘေလီ တံတားထိပ်က စားသောက်ဆိုင်လေး တဆိုင်ရှိရာကို ဖေဖေ ရောက်သွားနေခဲ့တာ သမီးရဲ့။ ဆိုင်နာမည်ကလေးက ဆန်းဆန်းပြားပြား ကျေဂျူးကမ္ဘာတဲ့။ တကယ့်တကယ် ကချင်လို ကျေးဇူးတင်ပါတယ် လို့ ပြောချင်ရင် ကျေးဂျူးကဘာ လို့ ပြောမှ မှန်တာလေ။ ကျေးဂျူးကမ္ဘာဆိုတော့ ကချင်တ၀က် မြန်မာတ၀က်။ထားပါတော့လေ။

အဲသည် ကျေးဂျူးကမ္ဘာမှာ ထုတ်ဝေသူ ဆရာဝန်ကလေး တယောက်နဲ့ တွေ့ကြဖို့ အမှတ်မထင် လှမ်းချိန်းလိုက်မိတာကြောင့် ဖေဖေရယ် စာပေမိတ်ဆွေ တယောက်ရယ် ရောက်သွားဖြစ်ခဲ့ကြတယ်လို့ ဘဲ ဆိုကြပါစို့ သမီးရယ်။

ဖေဖေတို့ရဲ့ ခရီးအစက ဆူးလေလမ်းမကြီးပေါ်က သမီးရဲ့ ။ မြို့တော် ခန်းမနဲ့ မလှမ်းမကမ်းဆီမှာ စုပေါင်းတက္ကစီ
လေးတွေ ဂိတ်ထိုးကြတယ်လေ။ တောင်ဥက္ကလာတို့ မြောက်ဥက္ကလာတို့လို နေရာတွေကို ပြန်ကြမယ့် ဖေဖေတို့လို မရှိမရှား ခရီးသည်တွေ အတွက် တော်တော့ကို အဆင်ပြေတဲ့ တက္ကစီလေးတွေပေါ့။
တက္ကစီ တစင်းလုံးငှါးသွားတဲ့ အထိလည်း ငွေကိုမသုံးချင်၊ လိုင်းကားစီးဖို့ ကိုလည်း ဆဒ္ဒမရှိတဲ့ ဖေဖေ တို့လိုလူတွေအတွက် ငွေတထောင်ဝန်းကျင်နဲ့ လိုရာရောက်သွားစေနိုင်တဲ့ တက္ကစီလေးတွေပါဘဲ။

တောင်ဥက္ကလာဖက်ကိုသွားမယ့် တက္ကစီလေး တွေက ဈေးသက်သက်သာသာ ကလေးတွေပါဘဲ သမီးရဲ့။
အရှေ့ ဒရိုင်ဘာနဲ့ ကပ်လျက်နေရာက စီးရင် ငွေ ၈၀၀။နောက်ဘက် တယောက် ၆၀၀။ ဖေဖေတို့ နှစ်ယောက်
တက်လိုက်တဲ့ တက္ကစီက နည်းနည်းကြီး တဲ့ တက္ကစီမို့ နောပ်ဘက်မှာ လေးယောက်တင်မယ်တဲ့။ဖေဖေတို့ တက်လိုက်တော့ ရှေ့မှာ အမျိုးသားတစ်ယောက်၊နောက်မှာ အမျိုးသမီးတစ်ယောက်ရှိ နေပြီးသားဆိုတော့ တစ်ယောက်လိုပေါ့။ဖေဖေ တို့ နှစ်ယောက်တက်လိုက်ပြီးတာနဲ့ နောက်မှာထိုင်နေနှင့်တဲ့ အမျိုးသမီးဆီက အသံထွက်လာတော့တာပါဘဲ။ သူက ခပ်ဖိုင့်ဖိုင့်၊ပြည့်ပြည့်။

တစ်ယောက်တစ်ရာစီ ပိုပေးလိုက်ကြရအောင်တဲ့။ ကားမြန်မြန်ထွက်ရတာပေါ့တဲ့။ မောင်းလေးကတော့ နှစ်ရာနာတာပေါ့။ဘယ်လိုလဲတဲ့။ သူက ဖေဖေတို့ကိုရော ကားဆရာကိုပါ ညှိနှိုင်းတဲ့ လေသံနဲ့။ ဟုတ်တယ်။ခရီးသည် နောက်တစ်ယောက် ရောက်လာရင် ကားဆရာ ငွေ ၆၀၀ ထပ်ရမယ်
အခုထွက်ရင် ဖေဖေတို့ လေးယောက် တစ်ရာစီ ပိုပေးမယ့်ငွေ ၄၀၀သာရမှာမို့ သူက ၂၀၀ နစ်နာမယ်။
ဒါပေမယ့် ကားမြန်မြန်ထွက်ရမယ်။အံ့သြဖို့ကောင်းတာက အားလုံးက လက်ခံလိုက်တဲ့ အတွက် ဖေဖေ တို့ တက္ကစီကလေး လှစ်ခနဲ ပြေးထွက်လာနိုင်ခဲ့တာပါဘဲ။ ဖေဖေ တို့ လည်း ဘေလီတံတား ထိပ်ကျေးဂျူးကမ္ဘာ ကို ကို အချိန်မီ ရောက်သွားနိုင်ခဲ့တာပါဘဲ။

နဒ္ဒ၀န်ဈေးလောက်မှာ ဆင်းသွားတဲ့ ဖိုင့်ဖိုင့်ပြည့်ပြည့်နဲ့ အမျိုးသမီး ကို ဖေဖေ အမှတ်ရနေမိတယ်။ တဆက်တည်း ဟိုးဆယ့်လေးငါးနှစ်လောက်က သူငယ်ချင်း ကဗျာဆရာကို သတိရနေမိလိုက်ပြန်ရော။

(နှစ်)
ဟိုး.....လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက်တုန်းက ဖေဖေ ရယ်။ဖေဖေ့ ကျောင်းနေဖက် စာပေသူငယ်ချင်း
သုံးလေးယောက်ရယ် ဖေဖေဇာတိ ကွမ်းခြံကုန်းမြို့ ကလေးဆီ ခရီးထွက်ဖြစ်ကြတယ် သမီးရဲ့။ ထုံးစံအတိုင်း ပန်းဆိုးတန်းဆိမ်ကမ်းကနေ ဒလဘက်ကို ကူးကြရတာပေါ့။ရန်ကုန်မြစ်ကို ဖြတ်တဲ့ အခါ ဧရာဝတီ သင်္ဘော ကုတို့နဲ့ ကူးချင်ကူး၊ စက်တပ်ငှက်သမန်ကလေးတွေနဲ့ ကူးချင်ရင်လည်း ကူးပါဘဲ ဖေဖေတို့ ကတော့ အချိန်နဲ့ ထွက်တဲ့ ဧရာဝတီကို စိတ်မရှည်ချင်တာနဲ့ စက်တပ်ငှက်သမန် ကလေးနဲ့ပဲ ဖြတ်ကူးခဲ့ လိုက်ကြတာပေါ့။

ငှက်သမန်ကလေး ဆိပ်ကမ်းကနေ ထွက်လာခဲ့ပြီး သိပ်မကြာခင်မှာဘဲ သမန်ဆရာက ပဲ့ကိုင်းရင်းကနေ
ကုတို့ခကလေးတွေ စုလိုက်ကြပါလို့ မေတ္တာရပ်ခံတယ်။ ဖေဖေတို့ တတွေလည်း ကုတို့ခ တယောက်တကျပ်စီ
ကို စုလိုက်ကြပြီး သူဆီကို ကမ်းပေးလိုက်ကြတယ်ပါပဲ။ အံ့သြစရာကောင်းတာကတော့ ဘယ်သူကြောင့်မှန်းမသိ
ငွေတစ်ကျပ်လိုနေတော့ တာပါပဲလေ။

သမန်ဆရာလေးက ငွေစက္ကူတွေကို ရေတွက်နေရာက တစ်ယောက်လိုနေသေးတယ်တဲ့။ ဟုတ်တယ် သမန်ပေါ်
မှာ ခရီးသည် ၁၀ယောက်၊ငွေ ၁၀ကျပ်ရှိရမှာ၊ အခု ငွေ ၉ကျပ်တည်း။ ဘယ်သူ မပေးဘဲ ချန်နေရစ်ခဲ့ ပါလိမ့်။ စုတုန်းကတော့ ပေးပေး ဆိုပြီး ခပ်ပေါ့ပေါ့ပဲ စုလိုက်တာ ဘယ်သူမပေးလဲ စဉ်းစားမရနိုင်ကြတော့ဘူး။
သူ့ကိုယ်ကြည့် ကိုယ့်သူကြည့်နဲ့။ ဖေဖေတို့ ငှက်သမန် ကလေး ရန်ကုန် မြစ်လည်မှာ သက်ရှူကျပ်နေတုန်းမှာဘဲ
သမန်ဆရာလေး တော်တော် စိတ်တိုသွားတဲ့ ပုံနဲ့ စက်ကိုရပ်ပစ်လိုက်ပါလေရော။ ပါးစပ်ကလည်း...

"ပင်လယ်ထိ မျောချင်မျောစမ်းကွာ" တဲ့။

ရန်ကုန်မြစ်ကြီးက ဒီရေကျချိန်မို့ ပင်လယ်ဘက်ကို တအိအိ စီးဆင်းသွားနေဆဲ။ တောင်လေက ရေအကျမှာ လှိုင်းကြက်ခွပ်တွေကို တဖျပ်ဖျပ်ထနေစေဆဲ။ သည်အချိန်မှာတော့ ကာယကံရှင်ကလည်း ၀န်ခံ ဖို့ ရှက်ပြီပေါ့။ အဲဒီ အချိန်မှာဘဲ မမေ့နိုင်စရာ ဖေဖေ သူငယ်ချင်းလေ။

လူတယောက်စာ လိုနေတာလားတဲ့။ တစ်ယောက်တစ်ကျပ် မို့လားတဲ့။သူပေးမယ်တဲ့။ ပင်လယ်ကြီးထဲ ရောက်တဲ့ အထိတော့ မမျောလိုက်ပါနဲ့ ညီလေးရာတဲ့။ ငှက်သမန် တစ်စီးလုံး ဝေါခနဲ ပွဲကျသွားကာ ပေါ့ပေါ့ပါးပါး လွတ်လပ်သွားနေဆဲမှာ ငွေတကျပ်ကို ပေးသူကပေး ယူသူကယူလို့။ တအိအိ မျောပါသွားနေတဲ့ ငှက်သမန်ကလေး ပြန်ပြီးနိုးလာရပြန်တယ်လေ။သမန်တစီးလုံး ပြုံးလို့။

(သုံး)
သမီးရေ..
ဘ၀ခရီးလမ်းတွေကို ဖေဖေ တို့ စိုင်းနှင်းကြတဲ့ အခါ သွားလိုရာကို ရောက်ဖို့ တစ်လှေတည်းစီး
တစ်ခရီးတည်းသွားတွေနဲ့ အတူ ယှဉ်တွဲကျော်ဖြတ်ကြရပုံတွေကတော့ နည်းလမ်းအသွယ်သွယ် ပရိယာယ်
အ၀၀ပါပဲ သမီးရယ်။ မြစ်ကိုဖြတ်တဲ့ ငှက်သမန် ကလေးပေါ် လိုနေတဲ့ ကွက်လပ်ကလေးကို တစ်ယောက်တည်း ဖြည့်ပြီး ခရီးတွင်စေခဲ့တဲ့ ဖေဖေ့ သူငယ်ချင်းလို လူတွေ လိုအပ်လှသလို၊ လိုတာကလေးကို မျှတဖြည့်ရအောင်လားဆိုတဲ့ တက္ကစီပေါ်က မိန်းမ ခပ်၀၀ လိုလူတွေလည်း လိုအပ်လှပါတယ်။

ဟိုး ဆယ့်ငါးနှစ်လောက်က ဒလ ဘက်ကမ်းကို ဆိုက်ဆိုက် မြိုက်မြိုက် ဆိုက်ကပ်သွားခဲ့ ရသလို အခုလည်းပဲ ဘေလီတံတာထိပ်က ကျေးဂျူးကမ္ဘာထဲ ကို အချိန်မီ ရောက်ရှိသွားခဲ့ ပါရဲ့။ ခရီးသွားရတာ ပျော်စရာကောင်းအောင် လုပ်တတ်သူနှစ်ဦး ကို ခုတွေးရင် ခု သတိရနေမိသေးတော့တယ် သမီးရယ်။


မောင်သာချို
လက်ဆောင်(သမီးဖတ်ဖို့)

No comments:

Post a Comment