Friday, September 3, 2010

လွန်။

လွန်....
သူ....မနက် ၅း၃၀ ဆိုတာနဲ့ အိပ်ရာက ထဖို့ နိုးနေကျ။
“ထ...ထ”
မျက်စိကို ဖွင့်ကြည့်လိုက်တယ်။
ပြတင်းပေါက်က အလင်းရောင် အခန်းထဲကို ကောင်းကောင်း မဝင်လာသေးဘူး။
မထသေးဘူး။ မထသေးပေမယ့် အိပ်ပျော်နေတာ တော့မဟုတ်တော့ဘူး။
သူက ထပ်သတိပေးတယ်။
“ထ..ထ မနက်စာ ထစားလေ...ကင်းတင်းက ၆ နာရီ ပိတ်တော့မှာ”
ခေါင်းမထောင်ဘဲ မျက်လုံးလေးဘဲ ဖွင့်ပြီး နာရီကို လှမ်းကြည့်လိုက်တယ် ၅း၄၅။
မစားတော့ပါဘူးကွာ။ ဆက်အိပ် အုန်းမယ်။
ဘယ်ဖက်ကို စောင်းပြီးအိပ်တယ်။
သူက
“ဘယ်ဖက်ကို စောင်းပြီး သိပ်မအိပ်နဲ့”
“ဘယ်ဖက်ကို စောင်းပြီး အိပ်ရင် နှလုံးကို ဖိပြီးအိပ်သလို ဖြစ်ပြီး နှလုံးက ပိုအလုပ်လုပ်ရတယ်”
ဒါနဲ့ဘဲ ညာဖက်စောင်းပြီးဆက်အိပ်တယ်။
မှေးခနဲ အိပ်ပျော်သွားတယ် ဆိုရင်ဘဲ....။
သူက
“ထတော့လေ မနက်စောစော သတင်းနားထောင်တာ ကောင်းတယ်”
“အင်း”
ညာဖက်စောင်းပြီး အိပ်နေရင်းက မှောက်ရက်ပြောင်းလိုက်ပြီး ဆက်အိပ်တယ်။
သူ က “ထ....ထ”
မျက်လုံး တဖက်ကို ဖွင့်ပြီး နာရီကို လှမ်းကြည့်တယ်။ ၆း၃၀။
ဘာလုပ်စရာမှ မရှိတာ ဆက်အိပ်တာဘဲ ကောင်းပါတယ်။
သူက
“ထပါကွာ ရေမိုးချိုးပြီး ဘုရား ရှိခိုးအုန်းလေ”
“ဘုရား ရှိမခိုးတာ ကြာပြီ မဟုတ်လား”
ဘုရားရှိခိုး ဆိုလို့ ငါ့ပုတီးလေး ဘယ်နားထားမိလိမ့်ပါ လိမ့်။
တနေ့ ကတော့ ငါဆွဲထားတာပါ။
ရေချိုးခန်းထဲမှာ ကျန်ခဲ့ပြန်ပြီနဲ့ တူတယ်။
ပျောက်သွားရင်တော့ ဒုက္ခဘဲ။
အိပ်နေရင်းက ဖြတ်ခနဲ မျက်လုံးဖွင့် ကြည့်လိုက်တော့ စိတ်ပုတီး က ခေါင်းအုန်းဘေး က စာအုပ်ပေါ်မှာ ခွေခွေလေး။
တော်ပါသေးရဲ့
မျက်လုံးပိတ်ပြီး ဆက်အိပ်တယ်။ ခဏ ကြာတော့
သူက “ထ ဖို့ ချိန်တန်ပြီ”
နာရီက နံနက် ၇းဝ၀ တိတိ။
ဟာ ၁၅ မိနစ်လောက် မိန်းလိုက်အုန်းမယ်။
အလုပ် က ၈နာရီမှလေ။
အိပ်ပျော်သွားတယ်။ ဖြတ်ခနဲ နိုးလာတယ်။ တခါတည်း ထလိုက်တယ်။
သူက“ရေသောက်အုန်းလေ” ဆက်ပြီး
“မနက်ထထခြင်း သောက်တဲ့ ရေက တနေကုန် ကိုယ်ထဲမှာ ရှိမယ့်ရေဘဲ ကျန်းမာရေးနဲ့ ညီညွတ်တယ်”
ရေဗူး ကို လှမ်းယူလိုက်ပြီး နှစ်ကျိုက် သုံးကျိုက်လောက် ဆင့်သောက်လိုက်တယ်။
ဗိုက်ထဲ ကို အေးပြီး ဝင်သွားလိုက်တာ ရေ ဘယ်နားရောက်ပြီဆိုတာတောင် သိလောက်ရဲ့။
ပြီးတာ နဲ့ ဆပ်ပြာခွက်တွေ ထည့်ထားတဲ့ ခြင်းကို ကောက်ကိုင် လိုက်တာနဲ့..............
သူက“ရေချိုးမှာလား အချိန်မမှီတော့ဘူး”
နာရီ ကို လှမ်းကြည့်တယ် အင်း....
အိမ်သာကို အရင်ပြေးမှပါ။ပြီးမှ မျက်နှာသစ်၊သွားတိုက်၊ခြေလက် ဆေး။
မျက်နှာသစ်ဖို့ မှန်ရှေ့မှာ ရပ်တော့ ဟိုအရင် နောက်ကျောကနေ လာလာပြီး ဖက်တတ်တဲ့ ကောင်မလေးကို သတိရတယ်။
သူက.....
“ရည်စားရှိနေပြီ ဖြစ်တဲ့သူကို ဘာလို့ သတိရတာလဲ..မေ့လိုက်တော့လေ”
ဟုတ်သားဘဲ ရည်းစားရှိတဲ့ မိန်းမတယောက်ကို စွဲလမ်းနေရလောက်အောင် ငါ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ နိမ့်ကျနေပြီလား။
သူက“ရေတွေဖွင့်မထားနဲ့လေ..ချွေတာမှပေါ့၊ ရေကို ချွေတာတတ်တဲ့သူမှ ငွေကို ချွေတာတတ်တာ”
ရေကို ပိတ်လိုက်ပြီး သွားတိုက်ဖို့ လုပ်တော့...အင်း ငါ့ သွားတွေ ဝါ နေပါပေါ့လား။
သူက “မင်းကိုမင်း ဂရုမစိုက်တာ ၂နှစ်ရှိတော့မယ်လေ”
သွားတွေကို ဂရုစိုက်အုန်းမှပါ။
သူက “မြန်မြန် အချိန်မရှိတော့ဘူး”
ရေချိုးခန်းက ထွက် အခန်းထဲ ဝင်တော့ နာရီက ၇း၂၀။
ခေါင်းလိမ်းဆီဗူး လှမ်းယူဖို့ လုပ်တုန်း နေပါအုန်း သတင်းဖွင့်အုန်းမှ။
ရီမွတ် ကို ယူပြီး ဘီဘီစီ သတင်းကို ဖွင့်တယ်။
ပြီးမှ
ခေါင်းကို ဆီလိမ်းရင်းက တချက်တချက် သတင်း လှမ်းကြည့်တယ်။
အင်္ကျီဝတ်၊ ဘွိုင်လာစွတ်ဝတ်၊ဖိနပ်စီးဖို့ လုပ်နေတုန်း ခြေအိတ်တွေလျော်ဖို့ သတိရတယ်။
အခန်းထဲကထွက်ဖို့ လုပ်တော့
သူက “တီဗွီ ပိတ်အုန်းလေ၊သော့တွေပါပြီလား”
ဟာ ဟုတ်သားဘဲ သော့ကျန်သေးတယ်။
ရုံးထဲရောက်တော့ နာရီ က ၇း၅၀။ အမ ကို သတိရတယ်။ ဒီအချိန်ဆို ထမင်းစားချိန်ဘဲ။
ဖုန်းဆက်ရင် ကောင်းမလား။
မဆက်တော့ပါဘူးလေ...။အလုပ်ထဲမှာရှိနေရင် အနှောက်အယှက် ပေးသလိုဖြစ်နေအုန်းမယ်။
လေအေးစက်တွေ လိုက်စစ်လို့ပြီးတော့ ၉နာရီ။ ဗိုက်ဆာ လာသလိုဘဲ။
သူက “မနက်စာ မစားတဲ့သူက ဝဖို့ ပိုပြီးအခွင့်အရေး ရှိတယ်”
အင်း..ငါ ဗိုက်တောင်ထွက်လာပြီ၊အားကစားလုပ်အုန်းမှ ပါဘဲ။
ဗိုက်က ပိုဆာလာတယ်...မနက်က ဘာမှမစားရသေးဘူးလေ။
သူက
“မနက် ၈ နာရီ ကနေ ၁၀ နာရီ အချိန်ဟာ အူက အစာစုပ်ယူမှု အကောင်းဆုံး အချိန်ဘဲ”
ကင်းတင်း ဖက်ကို သွားတယ်။
အဲဒီ က ကောင်လေးကို ညီလေး ဆိုပြီး ဗိုက်ကို ပွတ်ပြတော့ ကောင်းလေး က ခေါင်းညိတ်တယ်။
ဆာနေပေမယ့် မစားချင်တဲ့ အစာကို အတင်းမျိုသိပ် ပြီး ဝမ်းမီးကို ငြိမ်းခဲ့တယ်။
မစားချင်ပေမယ့် အစာကို စားခဲ့ရတာ ဆိုတော့ ဖွယ်ဖွယ်ရာရာ တွေ ချက်ကျွေးတတ်တဲ့ အမေ့ကို သတိရတယ်။
အေးလေ..အခု ငါနေတဲ့ နေရာက အမေ့အိမ်မှ မဟုတ်တာ။
အမေနေကောင်းရဲ့လား။
ရုံးရောက်နေလောက်ပါပြီလေ။
သူက
“အလုပ်ချိန်မှာ အလုပ်ကို ဂရုစိုက်သင့်တယ်”
အင်း...လေစုပ်စက်တွေ သွားစစ်အုန်းမှပါလေ ဆိုပြီးထွက်လာခဲ့တယ်။
စက်ရုံလှေကားပေါ် တက်နေရင်းက...ဟိုအရင် လှေကားတက်ဆင်း ကို သတိထားဖို့ တဖွဖွမှာဖူးတဲ့ သူမကို သတိရတယ်။အမှန်တော့ သူမ က ဗေဒင် သွားကြည့် ပြီး လှေကားတက် ဆင်းမှာ အန္တာရယ်ရှိတယ်လို့ ဗေဒင်ဆရာ ကမှာလိုက်လို့ သတိလှမ်းပေးတာ ဆိုဘဲ။
ဗေဒင် ကိုတော့ မယုံကြည်ပေမယ့်။ ဘာဘဲ လုပ်လုပ် ဂရုစိုက်မှပါလေ။
ဘာလိုလိုနဲ့ နေ့လည် ထမင်းစားချိန်တောင် ရောက်လာပြီ။
ပူလွန်၊စပ်လွန်းတဲ့ အိန္ဒိယ အစားစာ ကို စားရအုန်းမယ်။
ရောက်စတုန်း ကတော့ စားကောင်းသလိုဆိုပေမယ့် နေစဉ်ရက်ဆက် စားလာရတော့ မစားချင်တော့ဘူး။
မြန်မာပြည် ပြန်ရောက်မှ ကိုယ်တိုင်ချက်စားပစ်အုန်းမယ် ဆိုပြီး စိတ်ထဲမှာ တေးထားလိုက်တယ်။
ထမင်းစားပြီးတော့ ခုတင်ပေါ် ထိုင်နေရင်း လဲချင်လာတယ်။
သူက..“ထမင်း စားပြီးပြီးခြင်း မအိပ်နဲ့ မကောင်းဘူး”
လဲမလိုလုပ်ရင်း က ပြန်ထိုင်လိုက်တယ်။ နောက် တော့.......ခုတင်ပေါ်မှာဘဲ အိပ်ပျော်သွားတယ်။
နိုးလာတော့ အလုပ်ထဲဝင်ဖို့ အချိန်တန်ပြီ မွန်းလွဲ ၁နာရီလေ။
အခန်းထဲက ထွက်လာတော့ အမေ့ကို သတိရတယ်။ ခုဆို မြန်မာပြည်မှာ လေးနာရီခွဲ အမေ ရုံးဆင်းတော့မယ်။
စင်္ကာပူမှာ ညနေ ၆နာရီ။............................................................။
စင်္ကာပူမှာ ည ၈နာရီ။............................................................။
စင်္ကာပူမှာ ည ၁၀နာရီ။ ဒီမှာတော့ ညနေ ၅နာရီ အလုပ်ဆင်းပြီ။
အခန်းထဲ ပြန်ရောက်တော့ သတင်းကြည့်မလို့ ပြင်တုန်း.............
သူက “ညနေ ၅နာရီ ကနေ ၆နာရီခွဲ က ဝါသနာပါရာ လုပ်ရမယ့် အချိန်လေ”
အင်း......စာအုပ်ကို ကောက်ဖွင့်တယ်။ပြန်ပိတ်လိုက်တယ်။
ကွန်ပြူတာကို ဖွင့်လိုက်တယ်။ စာလေးရေးအုန်းမှ ပါ လို့ စိတ်ထဲက တွေးနေပေမယ့် လက်က ဂျင်နရယ် ဂိမ်းကို ဖွင့်နေပြီ။
သူက“ဂိမ်းက သောကြာနေ့ ဆော့ရမှာလေ”
မရတော့ဘူး။ လက်က ဂျင်နရယ် ဂိမ်းကို စနေပြီ။
သူက“ရှံးရှံး နိုင်နိုင် တစ်ပွဲ ဘဲနော်”
တော်တော် လေး ဆော့ယူလိုက်ရတယ်။၄၅ မိနစ်လောက်ကြာမယ်။
ပြီးတော့ ရေးထားတဲ့ စာလေးတွေ လိုက်စစ်တယ်။
အားပါးပါး....အမှားတွေ တပုံကြီးပါလား။မြန်မာစာ ကို သေချာလေ့လာအုန်းမှပါလေ။
မသိသေးတဲ့ စာတွေ စာအုပ်မှာ မှတ်တယ်။နောက် အင်တာနက်သုံးရင် မေးလ် ပို့ပြီးမေးရအုန်းမယ်။
ကိစ္စမရှိဘူး။မသိသေးပေမယ့် အင်တာနက်မှာ တင်ပြီး မေးလိုက်ရင် ပြန်ဖြေပေးကြမှာ။
ကူညီပေးမယ်သူတွေ အများကြီးရှိတယ်။အရေးကြီးတာ မေးဖြစ်ဖို့ဘဲ။
ညနေ ၆း၂၀...ဘောလုံး ကန်ဖို့ လာခေါ်နေကြပြီ။ ဘောလုံးကန်ပြီတော့ ည ၈နာရီထိုးနေပြီ။
ရေချိုးမှာလား...။ထမင်းစားမှာလား။ ဒွိဟဖြစ်နေတယ်။ ကင်တင်းကလည် ၈နာရီ ခွဲပိတ်တော့မှာ။
ခဏနားလိုက်တယ်။ချွေးတိတ်တော့မှ ထမင်းသွားစားလိုက်တယ်။ ထမင်းစားပြီးတော့ ရေချိုးဖို့ ပြင်တော့..........
သူက “ထမင်းစားပြီးပြီးခြင်း ရေမချိုးရဘူး နဲ့လေ မကောင်းဘူး”
“ထမင်းစားပြီးရေချိုးရင် အစာကြေလွယ်ပြီ ည ကျရင်ပြန်ဆာလိမ့်မယ်”.....ဒါနဲ့ဘဲ
တီဗွီဖွင့်ပြီး ကြည့်နေလိုက်တယ်။ သတိရတော့ ၁၀နာရီခွဲ။ ရေချိုးအုန်းမှပါလေ။
မချိုးချင်ဘူး။အိပ်တော့မယ်။ ကပ်စီး ကပ်စီးတော့ဖြစ်နေတယ်။ ရေချိုးမှပါ...အိမ်မက်ဆိုးတွေ မက်လိမ့်မယ်...ဒါနဲ့ဘဲ ရေချိုးခန်း ပြေးဝင်ပြီးရေချိုးလိုက်တယ်။
ရေကို ဂမန်းဂတန်း ချိုးလိုက်တာဘဲ။ရေချိုးနေရင်း သတိရနေသေးတယ်။
အခန်းထဲဝင်တော့ ၁၁နာရီ။ တီဗွီကတော့ ဖွင့်ထားတယ်။
ခေါင်းကို ခြောက်အောင် သုတ်ရင်း တီဗွီ ကြည့်နေတယ်။
အိပ်ရာပါ် လဲချလိုက်တယ်။ ဒီနေ့ လုပ်ခဲ့တာတွေ ပြန်စဉ်းစားကြည့်တယ်။
အိပ်ခါနည်း တနေ့လုပ်တာတွေ ပြန်စဉ်းစားခြင်းအားဖြင့် မှတ်ညဏ်ကောင်းတတ်တယ်လို့ ကြားဖူးတယ်။
စဉ်းစားနေရင်း က ကိုယ့်ကို ဂတိပေးပြီး မတည်တဲ့ သဋ္ဌေးဆီရောက်သွားတယ်။
ပေးမယ်ပြောပြီး ဗြောင်ဘဲ မပေးဘူးပြောတယ်။
သူအဆင့်အတန်းနဲ့ မတန်မရာ။
ဘယ်လို တုန့်ပြန်ရင်ကောင်းမလဲ။
ဟိုလို လုပ်ရင်ကောင်းမယ်။
ဒီလို လုပ်ရင်ကောင်းမယ်။စသည်ဖြင့် ရောက်တတ်ရာရာ စဉ်းစားရင်း ရင်တောင်ပူလာတယ်။
ရုတ်တရက်ဆိုသလိုဘဲ ...
သူက
“မင်းသာ သူ့အကြောင်းစဉ်းစား ပြီး ပူလောင်နေ သူကတော့ ဟိုမှာ စားကောင်းသောက်ဖွယ်တွေ စားပြီး အိမ်မက်တောင် မက်နေလောက်ပြီ။ အချိန်ကို လဲကြည့်အုန်း”
ရုတ်တရက် ကြောင်သွားတယ်။ ဟုတ်တယ် မစဉ်းစားဘူး အခု ငါ ကောင်းကောင်း အိပ်တော့မယ်။
အတိတ်တွေကို သင်ခန်းစာယူပြီး နောက်တခါ မဖြစ်အောင်နေတော့မယ်။ ငါအခု အိပ်တော့မယ်။
သူက
“အိပ်မယ်ဆို ဘုရားရှိခိုးအုန်းလေ”
အင်း အိပ်ချင်ပြီ မနက်ကျမှ ရှိခိုးတော့မယ်။
သူက
“မနက်ထက် သေခြင်းက ပိုနီးတယ်နော်”
သေမှာ မကြောက်ပေမယ့် ထပြီး ဘုရားရှိခိုးတယ်။
နောက် ငါလေ...အိပ်ပျော် သွားတယ်။ နောက်တနေ့ ရဲ့ အစ ပြန်လည်ဖြစ်တည် ခဲ့ပြန်ပေါ့။

ဒီးဒိုး။
၂၄၊ဝ၇၊၂၀၁၀။

No comments:

Post a Comment