Wednesday, April 7, 2010

မိဘမေတ္တာ ခါးသီးလွန်းလို့လား(၂)

ငါလေ....ကျောင်းသွားရ မှာကို အရမ်းကြောက်တာဘဲ။
ကျောင်းရောက်ရင် တစ်ချို့  က ငါ့ကို အဖေ မရှိဘူးလို့ ပြောကြတယ်။
ငါလဲ ပြန်ပြော တာပါဘဲ ငါ့မှာ အဖေ ရှိတယ်လို့လေ။
ဒါပေမယ့် ငါအဖေ ကို သူတို့ တခါ မှ မမြင်ဖူးတော့ ငါ့ကို ပြောကြတယ်။
သူတို့ တွေ အရမ်းပြောလာ ရင် ငါက ငါ့ရဲ့  ခဲတံကို ကျစ်ကျစ်ပါ အောင် ဆုပ်ထား ပြီး သူတို့ ကို ပြလိုက်တယ်။ ငါကတော့ မခံ နိုင်ရင် ခဲတံ နဲ့ တကယ် ထိုးတာ။
အဲလို ထိုးရင် လဲ ဆရာမ က ငါ့ကို ဘဲ ဆူအုန်းမှာ။
ငါ့ကို ပြောကျ တဲ့ သူတွေကို တော့ ဆရာမ က မစကြနဲ့ လို့ ဘဲ ပြောရုံ ပြောမှာ။
ဒါပေမယ့်
ငါ့ဆရာမ ကို ငါချစ်တယ်။ ဆရာမ က ငါကို "သား...သား " လို့ ခေါ်လို့ ပေါ့။
အမေ က ငါ့ကို "အာကြားပူလား" လို့ ခေါ်တာ။ အဓိပ္ပါယ်တော့ ငါလဲ မသိဘူး။
သူများတွေကို အဖေ အမေတွေက" သားရေ..သားရေ " လို့ ခေါ် ရင် ငါ ပျော်တယ်။
ဆရာမ တယောက်ဘဲ ငါ ကို "သား...သား" လို့ ခေါ်တာ။
တနေ့တော့...ကျောင်း ကပြန်လာ ပြီး အမေ့ကို
"အမေ ရယ် ငါ့ကို အဖေ နဲနဲလောက် ပြပါလား"
"ကျောင်းမှာ ငါကို အဖေ မရှိဘူး" လို့ ပြောကြလွန်းလို့ပါ လို့ ပြောတော့
အမေက...သေတ္တာ ထဲက ဓါတ်ပုံ ထုတ်ပြီး
အဲဒါ "အဖေ" တဲ့လေ။
ယူလိုက်ပြီး ကိုင်ကြည့် တော့
"အာကြားပူလား နဲ့ တူတယ်နော်" တဲ့။ နဲနဲ တော့ ပျော်သလို ဖြစ်ပေမယ့် မပျော်ဘူး။
ချက်ချင်း ဘဲ ငါက "မတူပါဘူး အမေ...ငါက အမေနဲ့ ဘဲတူတာ" လို့ ပြောလိုက်မိတယ်။
"ဟုတ်တယ် အမေနဲ့ တူတာ လို့ " အမေက ပြန်ဖြေတယ်။
"ငါ ခဏ ကြည့် အုန်းမယ်" လို့ ပြောပြီး ငါ ကြည့်နေလိုက်တယ်။
အမေ က "အေးအေး ပြီးရင် ပြန်ထည့်ထားနော်" လို့ ပြောပြီး ထွက်သွားတယ်။
အမေ ထွက်သွားပြီးတာ နဲ့ ဓါတ်ပုံ ကို စာအုပ်ကြား ညှပ်ပြီး လွယ်အိတ် ထဲ ထည့် ထားလိုက်တယ်။
နောက်တနေ့ တော့ အိပ်ရာ ထကတည်းက ကျောင်းသွားဖို့ စိတ်လော နေမိ တယ်။ခါတိုင်းနဲ့ မတူဘူး..ကျောင်းကို အမြန် ရောက်ချင်နေတယ်။အရမ်း ကို တက်ကြွနေတယ်။ ငါမကြောက်ဘူး..လွယ် အိတ်ထဲမှာ သက်သေ ပြဖို့ အဖေ့ ပုံရှိနေပြီ။ တကယ်လို့ ကျောင်းမတက်ခင် ပြောလာရင် အဖေ့ ဓါတ်ပုံ ထုတ်ပြမယ် လို့ စဉ်းစားထားပြီးသား။ ငါမကြောက်ဘူး။ ကျောင်းကို သွားမယ်။
ကျောင်းကို စောရောက်နေပေမယ် ဘယ် သူမှ ငါ့ကို မစဘူး။ သူငယ်ချင်းတွေ ကို တယောက်ပြီးတယောက် ငါ လိုက်ခေါ်ပေမယ့် ဘယ်သူမှ ငါ့ကို မစကြဘူး။ စိတ်ထဲမှာ ငါ ဓါတ်ပုံ ယူလာတာ သိလို့ များလား ဆိုပြီး စဉ်းစားမိသေးတယ်။
ကျောင်းတက် ခေါင်းလောင်းထိုးပြီ။ ဆရာမ ကလဲ ဒီနေ့ ကျမှ အလာ နောက်ကျ နေပြန်ပါပြီ။
ဆရာမလာတော့ ချက်ချင်းဘဲ ..အဖေ့ ဓါတ်ပုံ ညှပ်ထားတဲ့ စာအုပ်လေး ကိုင်ပြီး အတန်းရှေ့  သွားလိုက်တယ်။
ဆရာမ က ငါ့ကိုတချက်ကြည့် ပြီး ကျောင်းသားတွေ ကို နာမည် ခေါ်တဲ့ စာအုပ်ကို ပြန်ကြည့်နေတယ်။
အတန်းရှေ့ ရောက်တာနဲ့ စာအုပ်ကြား ထဲ က အဖေ့ ဓါတ်ပုံကို ထုတ်လိုက်ပြီး
"ဒီမှာ ကြည့်ထားကြ...ဒါ ငါ့အဖေ ကွ" လို့ ပြောလိုက်တယ်။
တတန်းလုံး ငါ့ဆီ ကို လာဖို့ လုပ်ချိန်မှာဘဲ...
"၀ုန်း" ဆရာမ က တုတ်နဲ့ စားပွဲ ကို ရိုက်လိုက်တယ်။
တတန်းလုံး ငြိမ်ကျ သွားတယ်။ ပြီးမှ...ဆရာမ က ဓါတ်ပုံကို ယူကြည့် ပြီး
အားလုံး ကို ပြတယ်။ပြီး တော့.. ငါမှာ အဖေ ရှိကြောင်းနဲ့ အဝေးကြီးမှာ အလုပ်လုပ်နေကြောင်း အားလုံးကို ပြောပြတယ်။ ငါလဲ သူတို့ ကို ပြောပြတာ ဘဲ ငါ့မှာ အဖေ ရှိပါတယ် လို့ သူတို့ ကမှ မယုံဘဲ။ အခုတော့ ဆရာ မကိုယ်တိုင်က ပြောပြပြီ..နောက် အဖေ မရှိဘူးလို့ မပြောရ ဘူးဆိုတာပါ ဆရာမ က ပြောလိုက်သေးတယ်။ အခု ဆိုရင် ဆရာမ ကိုယ် တိုင် ငါ့ဘက်က ထောက်ခံပြီလေ။
ကျောင်းဆင်းတော့ သူငယ်ချင်းတွေ က ငါနားကို ၀ိုင်းလာပြီး ပြန်လာကြည့်ကြတယ်။သူတို့ က ကိုင်ကြည့် ချင် ကြတာ..ငါက ပေးမကိုင်ဘူး ငါကိုယ်တိုင် ကိုင်ထားပြီး သူတို့ ကို ပြတာ...တော်တော် ကြာ ဓါတ်ပုံလေး ဆုတ်သွားလို့ ငါပြစရာ မရှိတော့ ရင် ငါ့ကို ပြန်ပြော ကြမှာ မဟုတ်လား။
ဘယ်သူလာ မေးမေး ငါ့အဖေဓါတ်ပုံကို ထုတ်ပြတာဘဲ..
နောက်ပြီး "ငါ့ အဖေ က နိုင်ငံ ခြားမှာ အလုပ်လုပ်တာကွ" လို့ လဲ ပြောလိုက်တာဘဲ။
ငါလဲ အရမ်းပျော်တယ်...သူတို့ ကလဲ "ဟုတ်လား..ဟုတ်လား" နဲ့ ပြန်ပြောတယ်။
သူငယ်ချင်း တယောက်ဆိုရင် သူ့ အဖေ ကို လဲ နိုင်ငံခြား မှာ အလုပ်လုပ် သွားလုပ်ခိုင်းမယ်လို့ တောင် ပြောသွားတယ်။ ငါ့ ကို အားကျတဲ့ သူတောင်ရှိနေ ပြီ လို့ တောင် ထင်ပြီး ငါပျော်နေ မိသေးတယ်။
ဒါပေမယ့်...အဖေ အဝေးကြီးမှာ အလုပ်သွားလုပ်တဲ့ အခါ... ဘယ် လောက် အောက်မေ့ ရကြောင်း..
သတိရကြောင်း ကို တော့ အဲဒီ သူငယ်ချင်း ကို မပြောလိုက်မိဘူး။
အဲဒီနေ့ က ငါ ကျောင်းက ပျော် ပြီး ပြန်လာတယ်။ အမေ လဲ အစော ကြီးပြန်ရောက်နေတယ်။
ငါပြန်ရောက်ရောက် ခြင်း ဘဲ
အမေ က"သားရေ အမေ ချောင်းထဲ အ၀တ်သွား လျှော်မလို့ လိုက်မှာလား"လို့ မေးတယ်။
ငါလဲ လွယ်အိတ်ကို ပစ်ချပြီး.."အမေ စောင့်အုန်းနော်" ဆိုပြီ အမေ့ ဆီ ကို အပြေးလိုက်သွားတယ်။
အမေ နဲ့ ငါ အတူ ရေချိုးတယ်.....အရမ်းပျော် ဖို့ ကောင်းတာဘဲ။
အမေ က ငါကို ရေကူး သင်ပေးတယ်...။
ငါအမေ ကို အရမ်းချစ်တာ ဘဲ။
ငါလဲ အ၀တ်တွေ ကို ရေဆေးပေးတယ်။
အဖေ့ကို သတိရပေ မယ့်......အမေနဲ့ ငါ ပျော်နေတယ်.....။


ဒီးဒိုး

No comments:

Post a Comment