"အဆိုးအားဖြင့် အရူံး မခံစေနဲ့ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။” ကိုယ်တော်ရဲ့ စကားပြန်ကြားရောင်ကာ....။
Tuesday, April 24, 2012
ဆုတောင်းပါ..........။
ဟိုးလွန်ခဲ့တဲ့ ၂၅နှစ်ကျော်လောက် က
ငါလည်းမင်းလိုပါဘဲ။
ဘီလူးတွေ တက်တက်လာတိုင်း
နေစရာ အိမ်မဲ့ခဲ့ရတယ်။
စားရမယ့် ထမင်းထဲမှာ
မျက်ရည်နဲ့ ရောလို့
မရ ရအောင်မျိုခဲ့ရတယ်။
အေးချမ်းလွန်းတဲ့
တို့တောင်ပေါ်ဆောင်းကို
အံတုဖို့ ခြုံစောင်မရှိလို့
မီးမွေးပြန်တော့
မီးခိုးထွက်ရာ ကျည်ကျတတ်လို့
မီးကိုငြိမ်းသတ်
ကောက်ကွေးပြီး အိပ်ခဲ့ရတဲ့ည
အားအင်မဲ့တဲ့နေ့ တွေ
မရေတွက်နိုင်အောင်ပါဘဲ။
မနက်မိုးလင်းတိုင်း
အမေ့ရင်ငွေ့ တိုးဝင်ကာ
ရူရိုက် လိုက်ချင်ပေမယ့်
အမေ့ကို ရှာမတွေ့ခဲ့ဘူး။
နေ၀င်ချိန်ရောက်တိုင်း
အဖေရဲ့ လက်ကြမ်းကြီးကို
အားကိုးတကြီး တွဲလိုက်ချင်ပေမယ့်
အဖေ ပြန်မလာခဲ့ဘူး။
နူးညံ့သိမ့်မွေ့ မှုတွေ
ပျောက်ဆုံးနေပြီလား
ငယ်ရွယ် ကလေးတယောက် ရဲ့ ရင်ထဲ
နာကျည်းမှု၊ခံပြင်းမှု
အစိုင်အခဲနဲ့
အုံနဲ့ကျင်းနဲ့.....။
မိသားစုဆိုတာ ဘာမှန်းမသိပေမယ့်
တို့ လူမျိုးမှာ "အမျိုး" ဆိုတာရှိတယ်
အဲဒီ "အမျိုး"တွေက လက်တွဲကူမယ်
ကြောက်ရွံ့ခြင်းဆိုတာကို ရင်ထဲကဖယ်
မျော်လင့်ခြင်းကို သိမ်းထား
ရောင်စုံသင်တန့်တွေ မကွယ်ပျောက်သရ်ျ
တနေ့နေ့တော့
သာယာလှပ တဲ့ ကောင်းကင်အောက်
မနောင် နောင် (Manau nau) ကကြရအုန်းမယ်။
မင်းရဲ့ရင်ထဲ
မထင်နဲ့ ညီလေးရေ
မင်းဟာ တခြား ကလေးတွေထက်
အောက်ကျ နောက်ကျ ဖြစ်နေမယ်
မထင်ပါနဲ့။
အရာရာတိုင်းဟာ
ဘုရားအလိုတော်လို့ မှတ်လို့
ကိုယ့် အလိုရှိရင်
ဘုရား သခင်ဆီသာ
တောင်းခံ လို့ယူပါ။
ယုံကြည်စွာ ဆုတောင်း
စိတ်ဓါတ်ကို တင်းထား
တချိန်ချိန်မှာ
ပျောက်ဆုံးခဲ့ တဲ့ နိဗ္ပာန် လေး
ပြန်တွေ့ရမှာ အသေအချာပါ။
ဒီးဒိုး၊
၂၄၊၀၄၊၂၀၁၂။
ဆုတောင်း။
ငိုက်မြည်းခြင်းနဲ့ အလှ။
မှောင်မိုက်တဲ့ည
လွန်လှပအောင်
ဝင်းပ သော်တာ
ချစ်စရာ လမင်း
ထိန်ထိန်လင်း လို့
အလင်းရောင်နဲ့
အလှဆင်တယ်။
တို့ရိုးရာ မထိန်ကောအောင်ပ
ကြိုးစားကာ ကပြ
ပင်ပန်းတယ် စိတ်မှာမထားပါဘူး
ဂျိမ်းဖေါ လှပျိုဖြူ က
အနားယူချိန် ခဏ
ငိုက်မြည်း ခြင်းနဲ့
အလှဆင်တယ်။
ဒီးဒိုး။
၂၄၊၀၄၊၂၀၁၂။
Thursday, April 19, 2012
လမ်း။

အိမ်နဲ့ အလုပ်....အလုပ်နဲ့အိမ်...ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ အဖြစ်တွေ မရိုးအီ သွားအောင် တခါတလေများ အပြင်ထွက် လျောက်လည် အုန်းမှပါ ဆိုပြီး မြန်မာများ အများစု စုရုံးရာ city hall ဆိုတဲ့ စုရပ်ဆီ ကို အရောက်လှမ်းခဲ့တယ်။
city hall ကားမှတ်တိုင်နား ရောက်တယ် ဆိုရင်ဘဲ မြန်မာစကားသံတွေ ကြားရတော့ ရင်ထဲမှာ နွေးနွေးလေးနဲ့ လုံခြုံမှုရှိသလိုလို၊အားအင်တွေဘဲ ပြန်ပြည်လာသလိုလို ခံစားလိုက်ရတယ်။
သောက်နေကျ လ္ဘက်ရည် ကျဆိမ့်လေး သောက်ဖို့ ရဲရင့် ဆိုင်ကို ရောက်တော့ ခုံနေရာလွတ်မရှိလောက်အောင် ကိုစည်ကားလို့နေပေါ့။
လ္ဘက်ရည် တခွက်ကို မှာယူပြီး ခုံလွတ်ရှိရာကို လိုက်ရှာနေမိတယ်။
ခုံတခုံမှာ တယောက်တည်းထိုင်နေသော ကောင်းလေးတယောက်ကို တွေ့တာနဲ့ သူကိုခွင့်တောင်းပြီး ရောထိုင်လိုက်တယ်။
လ္ဘက်ရည်ကို အရသာခံ သောက်ရင်း တယောက်နဲ့တယောက် မိတ်ဆက် ပြီး အလာဘ၊သလာဘပြောကြတာပေါ့။
သူကလည်း တယောက်တည်း နောက်ထပ်ရောက်လာမယ့် သူငယ်ချင်းမရှိတော့ ပြီ။ ထို့အတူ ကျွန်တော်လည်း မရှိတော့ပြီ။
ဒီတော့ ကျွန်တော်ကဘဲ နှစ်ယောက်အတူ ဘီယာသောက်ဖို့ ဖိတ်ခေါ်တော့ သူကလည်း လိုလိုလားလားပါဘဲ။
ဒီလိုနဲ့ လ္ဘက်ရည်ဆိုင်ကနေ ဘီယာဆိုင်ဘက်ကိုပြောင်းလိုက်ကြတယ်။
တဗူးကနေ တဗူးကို ကူးလို့ အတော်လေး စကားပြောအတော်ကောင်းလာကြတယ်။
အလုပ်ကြောင်းတွေ ပြောနေရင်း သူက ရုတ်တရက်
"သိလား အကို ကျွန်တော်က BE(Mechanical) နဲ့ကျောင်းပြီးတာဗျ"
"ဟုတ်လား ညီလေး အကိုလည်း အင်ဂျင်နီယာ ကြီးဖြစ်ချင်ခဲ့တာကွ ဒါပေမယ့် မဖြစ်ခဲ့ဘူးကွာ"
ပြီးတော့ သူက တစုံတခုကို ပြောဖို့ အားယူနေတယ် ဆိုတာ သူမျက်လုံးတွေက ဖော်ပြနေတယ်။
"ဆက်ပြောကွာ စင်ကာပူမှာ အင်ဂျင်နီယာ အလုပ်တွေ ကောင်းတယ် မဟုတ်လား"
ကျွန်တော် ကဘဲ လမ်းဖွင့် စကား စကြောင်းပေးလိုက်တယ်။
"သူများတွေ အတွက်တော့ ကောင်းကြပါတယ် အကိုရာ ဒါပေမယ့် ကျွန်တော် အတွက်တော့ မဟုတ်ဘူးဗျာ"
"ဟာ မင်းကလည်း ဘာများဖြစ်နေလို့လဲဟ"
"ဒီလိုပါ အကိုရာ ကျွန်တော် ဘွဲ့နဲ့ အလုပ်က တလွဲဖြစ်နေလို့ပါ"
"အော်..ဒီလိုဘဲပေါ့ကွာ ဖြစ်ချင်တိုင်းသာ ဖြစ်နေရရင်တော့......."
"အဲဒီထက်ပိုဆိုးတာက အဲဒီမှာ အလုပ်အတူလုပ်တဲ့ လူတွေကြောင့်ပေါ့ "
"ဘာတွေများ ဖြစ်လို့လည်း ညီလေးရာ"
" ကျွန်တော်တို့ အဖွဲ့ထဲမှာ အင်ဂျင်နီယာ ဘွဲ့ရတာကျွန်တော်တယောက်တည်းပေါ့ ကျန်တာတွေက အဝေးသင်နဲ့ ဘွဲ့ရခဲ့ကြတာလေ "
" အင်း "
" ကျွန်တော်က အလုပ်ကို စိတ်မ၀င်စား ပေမယ့် လေးလေးစားစားတော့ လုပ်တာပေါ့ အကိုရာ "
"တခါတလေ သူတို့စကားပြောတာ မမိုက်ဘူးဗျ "
" ဟုတ်လား ဘာများပြောကြလို့တုန်း"
"ကျွန်တော်ကို ဗျာ ပေတိပေစုပ် ဘီအီး ပါကွာတဲ့ "
"ဟာ ဒီကောင်တွေက တော့....ထားလိုက်ပါကွာ ဒီကောင်တွေ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းလို့ ဒီစကား ပြောတာပါ"
"ပြီးတော့ ဘီအီးလည်း နိုင်ငံခြားရောက်လာရင် တခြားဘွဲ့တွေနဲ့ အတူတူ လုပ်ရတာပါဘဲ တဲ့ "
"လစာလည်း တူတူဘဲတဲ့"
"ဟာ မဟုတ်တာ..."
"သိလားအကို ကျွန်တော် က ကျွန်တော်ဘွဲ့ ကို အရမ်းမြတ်နိုးတာ..။ကျွန်တော်က နိုင်ငံခြားကို အထင်ကြီးပြီးလာတာမဟုတ်ဘူး"
"အင်း....."
"ခုဟာ က မိသားစု အရေး အရမ်းခက်ခဲနေလို့ ၊ပြီးတော့ အမေကပြောလို့ အမေ့ကျေးဇူး ကျေပါစေဆိုပြီး ကျွန်တော်လာတာဗျ။"
"'ဒါဖြစ်သင့်တဲ့ အရာ လုပ်သင့်လုပ်ထိုက်တဲ့ အရာဘဲ ညီလေး"
"'ဒါပေမယ့် ကျွန်တော် ဒီမှာ ဘယ်လို့ ခံစားရတယ် ဆိုတာ အမေ့ကိုတော့ မပြောဘူး"
"ဘယ်ပြောထိုက်မလဲ ညီလေးရာ မပြောပါနဲ့"
"ကျွန်တော် တော်တော်ကြီးကို စိတ်ပျက်တယ် အကိုရာ မြန်မာ အချင်းချင်း ဒီလိုတော့ မပြောသင့်ပါဘူး "
"ဒီလိုပေါ့ ညီလေးရာ အကောင်းဘက် က မြင်တဲ့ လူ ရှိနိုင်သလို မကောင်းတဲ့ ဘက်ကမြင်တဲ့လူလည်း ရှိနိုင်တာဘဲလေ။ "
"ဟုတ်ပါတယ်..ဒါပေမယ့် ဒီလိုတော့မပြာသင့်ဘူးလေ..။ "
"ခုကျွန်တော် အလုပ်ပြောင်းဖို့ ကြိုးစားနေတယ်။ဒီတခါတော့ ကျွန်တော့်ဘွဲ့နဲ့ မကိုက်ညီရင် ကျွန်တော်မလုပ်ဘူး"
"ခုမြန်မာ နိုင်ငံလည်း အလုပ်ပြန်ကောင်းတော့မယ် လို့ထင်ရတယ်ဗျ။ဒီက လစာရဲ့ သုံးပုံတပုံ ဘဲရရင်တောင် ကျွန်တော် မြန်မာပြည်ပြန်မှာ ကျွန်တော့်ညီလည်း ကျောင်းတက်လို့ရ မိသားစုကိုလည်း ကျွေးမွေးနိုင်ရင်ရပါပြီ အချမ်းသာကြီး ကို မမှန်းပါဘူး"
"အေးအေး ကောင်းတာပေါ့ ညီလေးရာ"
"ကျွန်တော်မြန်မာနိုင်ငံမှာ အလုပ်လုပ်တာ အရမ်းပျော်တယ်ဗျ ဒါပေမယ့် ငါ့ဝမ်းပူစာ မနေသာလို့ ဒီကိုရောက်လာတာ မဟုတ်ဘူးဗျ ကျွန်တော် ညီလေးတွေရဲ့ ပညာရေးအတွက်အဓိက ကြောင့်ပေါ့။ကျွန်တော်က အကြီးဆုံးလေ အဖေက လည်းမရှိတော့"
"ဒါပေါ့ကွာ အဖေမရှိတော့ အကိုကြီးအဖရာပေါ့ "
"ကျွန်တော့် ဘ၀မှာ ဒီလိုလူမျိုးနဲ့ မတွေ့ဖူးဘူးဗျာ.."
"ညီလေးက ခုမှ အလုပ်စလုပ်တာကိုး.. နောက်တော့ ဒီထက်ကောင်းတဲ့လူရော ဆိုးတဲ့လူပါ တွေ့လာအုန်းမှာ"
"'ဒီလိုပါဘဲ ညီလေးရေ..လောကကြီးထဲသွားတဲ့ အခါ လူအမျိုးမျိုးကိုတွေ့ ရတယ် အကိုဆိုလည်း ၁၀နှစ်ကျော် လုပ်ငန်းထဲ ၀င်လာခဲ့ပေမယ့် ခုထိ အရင်က မတွေ့ဖူးတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေ ကို တွေ့နေရတုန်းပါဘဲ နောင်လည်း ဆက်တွေ့နေရအုန်းမှဘဲ"
"အေးကွာ နောင်များမှ ဆက်တွေ့ကြတာပေါ့ ဒီကနေဘဲ ပြန်ကြရအောင်"
"ကောင်းပြီ အကို နောက်မှ ပြန်တွေ့ကြတာပေါ့"။
ကျွန်တော့်ရဲ့ အိမ်အပြန်လမ်းမှာတော့ မိုးတွေက တအုန်းအုန်းနဲ့ ဘယ်အငြိုးကြောင့် ရွာနေတာလဲ မသိတော့ပါ။
ခဏတာ လေးတွေ့ခဲ့ရပေမယ့် သူ့ခံစားချက်ကို ဖြေဖျောက်ဖို့ အစွမ်းဆောင်နိုင်ခဲ့ပါဘူး။
bus ကားပေါ်တက်လိုက်လာရင်း သဲလွန်းနေတဲ့ မိုးကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိတယ်။
အောင်မြင်နေတဲ့ လူတွေဟာ သူတို့ စိတ်ပါဝင်စား တဲ့ အလုပ်မှာ လုပ်နေရင် အောင်မြင်ပျော်ရွင်နေတယ် ဆိုရင်..
မအောင်မမြင် ဖြစ်နေတဲ့လူတွေ က ဆန့်ကျင်ဖက်ပေါ့။
မအောင်မြင် ချင်လည်းနေ၊မပျော်ရွင်ရင်လည်း နေပါ ကိုယ့်အတွက် အဓိပ္ပါယ် တစုံတခုရှိနေမယ်ဆိုရင်
အဲဒီအလုပ်ကို ကျွန်တော်တို့ လုပ်ရမယ် လို့ နားလည်ပါတယ်။
စတာဘဲ ဖြစ်ဖြစ်၊နောက်တာဘဲ ဖြစ်ဖြစ်၊အတည် ပြောတာဘဲ ဖြစ်ဖြစ် တပါးသူ ဘယ်လိုခံစားသွားရမယ် ဆိုတဲ့
ကိုယ်ချင်းစာနာမှုလေးရှိကြရင်ကောင်းသားနော်။
အတွေးတွေ ကမရပ်ဘဲ ...ကားက ရပ်သွားတယ်..။ကျွန်တော်ဆင်းရမယ့် မှတ်တိုင်ကို ရောက်နေပြီလေ။
မိုးတွေကလည်း မစဲနိုင်ဘဲ ရွာလို့ကောင်းတုန်း..။
ထီးလည်း မပါတော့ မိုးရေထဲ ဒီအတိုင်းဘဲ ပြေးပြီး ပြန်လိုက်တယ်....။
ရုတ်တရက် ကျွန်တော်မိုးရေထဲမှာ ရပ်နေမိလိုက်တယ်။စိတ်ထဲမှာ အတွေးလေး တခုပေါ်လာလို့ပေါ့။
ဘာမှတော့ မဟုတ်ပါဘူး။ကျွန်တော် ဒီလို မိုးရေထဲ ပြေးဆင်းလာတာကို လူမိုက်လေး မိုးရေထဲ ပြေးဆင်းသွားတယ် တကယ်ဆို မဆင်းဘဲ ကားပေါ် ဆက်လိုက်သွား သင့်တယ်လို့ ထင်တဲ့ လူများရှိနေမလားဘဲနော်။
ကျွန်တော့်အတွက်တော့ ဒီနေရာမှာ လမ်းဆုံးသွားပြီလေ။ ကျွန်တော်ဆင်းကို ဆင်းနေရခဲ့တော့မယ်လေ။
အိမ်ကိုရောက်တော့ ရေကို ကမန်းကတန်းလေး ချိုးလိုက်တယ်။
အင်္ကျီ လဲဖို့ ဘီဒိုကို ဖွင့်လိုက်တယ်။
ဘီဒိုထဲမှာ ပလတ်စတစ် အိတ်လေးနဲ့ သိမ်းထားတဲ့ ကျွန်တော့်ရဲ့ ၂၀၀၀ပြည့်နှစ် က ရခဲ့တဲ့ GTI ဒီပလိုမာ လက်မှတ်ကလေးကို စိုက်ကြည့်နေမိတယ်။
ဒီလက်မှတ် ကလေးသာ ပါးစပ်ရှိလို့ မင်းကောကွာ လို့ ကျွန်တော်ကို မေးခဲ့ရင်......................။
ကျွန်တော်..........။
အမှတ်တမဲ့ ခင်မင်ခွင့်ရခဲ့တဲ့ ညီလေး လှိုင်ဖြိုး သို့။
ဒီးဒိုး။
၁၉၊၀၄၊၂၀၁၂။
Tuesday, April 17, 2012
ချစ်နှင်းဆီ

အသျှင်ရယ်...
မျက်လွာလေး အပင့်
အကြည့်လေး တချက် ဆုံခိုက်မှာ
သီဆိုနေတဲ့ တေးသွား
စာသားလေးတွေ ပြုတ်ကျ
သံဇဉ်လေးတွေ ပြတ်ရှ
မရမက ဇွတ် သီးကျူးတော့
ချစ်သံဇဉ်တွေ မချိုနိုင်ခဲ့ဘူး...........။
ဆံနွယ်လေး သပ်တင်
ခေါင်းလေးကို မော့မော့
လျှောက်လှမ်းလာ တော့
ကြယ်စင်လေးတွေ ကြွေဆင်း
ပန်းပွင့်တွေ ချွေနှင်း
အသျှင် ခြေရင်းထက်
ခြေဖ၀ါးနုနု သွေးချေမဥဖို့
သူတို့လေးတွေ ဘ၀ စတေး ခဲ့ကြတယ်။
ထက် ကောင်းကင်က လမင်း
အသျှင် မျက်ဝန်းနဲ့ မနှိုင်းယှဉ်နိုင်
နုလှ ပါးလွာတဲ့ နုတ်ခမ်း
ချစ်ပန်း ၀တ်မှုံ
ချွေယူစားသုံးဖို့
ပျား၊ပုတုံးတွေ....ဟို ဒီပျံဝဲနေမှာဘဲကွယ်...။
အသျှင်....
ဒီရင်မှာ ပွင့်တဲ့ အချစ်ပန်း
လှပမှာ အများနဲ့ မယှဉ်သာ
အကြင်နာ ဆကာတိုးလို့
ရိုးမြေကျသာ ပေါင်းပါရစေ
ရင်ဝယ်ဆန္ဒ ဆုတောင်းကာ
အသျှင်ထံသို့ ဆက်သလိုသည်
အခွင့်သာ ရှိရင် ဖြစ်
အနှေးအမြန် လှမ်းကာလာမည်
ိချစ်ပန်း တပွင့် ဆင်မြန်းခွင့်ပြုပါ
အသျှင့် ဆံနွယ် ထက်
ဒီးဒိုး။
၁၅၊၀၄၊၂၀၁၂။
Wednesday, April 11, 2012
i am luv with u....(ချစ်နေမိတယ်)

ရင်ထဲ က အရှိကို အရှိအတိုင်း
ပြောခွင့်ရရင် ပြောလိုက်ရင်
ရိုင်းများနေမလားကွယ်....။
သုံးစားလို့ မရတဲ့ မာန နဲ့
တင်းခံကာ နေတာမဟုတ်ပေမယ့်
ဈေးကိုင်တယ် ထင်နေအုန်းမလား။
လူတကာတွေ ပြောနေသလို
လွယ်လွယ် ပြောလို့ မထွက်တာ
ကိုယ်အားနည်းချက် ဘဲကွယ်။
အဖြူရောင် ဆိုတဲ့
အဖြူမှာ အရောင်စုံတွေ
ရောယှက် နေတာ မသိနိုင်လောက်အောင်
ပုန်းကွယ်နေတာ....။
သံယောဇဉ် ဆိုတဲ့ အဖြူရောင်မှာ
ချစ်ခြင်းတွေ
ပိုင်ဆိုင်လိုခြင်းတွေ
စိုးရိမ်စိတ်တွေ
တမ်းတ မက်မောခြင်းတွေ
ထွေးပိုက်ထားရင်း က
ိချစ်နေမိတယ် ဆိုတဲ့
ဒီစာတပုဒ် ရေးမိနေတော့တာပါဘဲ။
ဒီးဒိုး။
၀၉၊၀၄၊၂၀၁၂။
Monday, April 9, 2012
ချစ်သူ သို့ မှာတမ်း ။

ချစ်သူရေ..
သာယာတဲ့ ပြာလဲ့လဲ့ ကောင်းကင်ထက် က
ဖြူစင်တဲ့ ကြယ် ချစ်သူပန်ဆင်ဖို့
ကိုယ် ဆွတ်ခူးခဲ့တယ်။
ချစ်သူရေ...
နေပျော်တဲ့ ဘ၀ကြီး ဟင်းလင်းပြင် က
သန့်စင်တဲံ အချစ် ချစ်သူခံစားဖို့
ကိုယ် ပြင်ဆင်ထားတယ်။
ချစ်သူရေ..
သာယာပျော်ရွင်တဲ့ နှစ်ယောက်တဘဝ
ဒွန်ဆိုတဲ့ လောကကြီးက
ဖျက်လိုဖျက်ဆီးနဲ့
တကယ်တော့ သူတို့နဲ့လည်းမဆိုင်တာကို။
မြဲနေတဲ့ တွဲလက်အစုံနဲ့
နူညံ့ သိမ်မွေ့တဲ့ ချစ်သူစိတ်ကို အနိုင်ယူ
တို့နှစ်ယောက်ဘယ်တော့မှ မဝေးဘူး
ဒါပေမယ့် အနားမှမရှိတော့ဘူး။
ချစ်သူရေ....
ဝေးနေတဲ့ အခိုက်
ဘ၀ကြီးက ပျော်ရွင်စရာဆို ပျော်နေလိုက်ပါ။
ချစ်သူရေ..
စကားလုံးတွေနဲ့ ထိုးနှက်
မျက်လုံးပေါင်းတထောင်
လက်ညှိုးပေါင်း တသောင်း
ကောက် ပါအောင် ကြည့်ပါစေ ထိုးပါစေ...
နီးရမယ့်နေ့ရက်ရာက်လာမယ် မမေ့နဲ့။
ချစ်သူရေ...
နောက်ဆုံး တစက်လေးအထိ
မျှော်လင့်နေတဲ့ စိတ်ကို
မလောင်ကျွမ်း ပစ်နဲ့။
ရှိနေတယ် ချစ်သူ
သာယာတဲ့ ပြာလဲ့လဲ့ ကောင်းကင်ကြီးရယ်
မဝေးတော့တဲ့ အိမ်လေးတလုံးရယ်...
ချစ်သူရယ်
ကိုယ်ရယ်
နောက်.............
တို့မျှော်လင့်နေတဲ့
ဒွန်ဆိုတဲ့ လောကကြီးရယ်...
အဲဒီမှာ
ချစ်ခြင်းတွေရယ်
ဝေးနေတဲ့ အခိုက်
အတွေးလေးထဲမှာ
ခပ်ထွေးထွေးလေး ဖက်ထားပါ့မယ် ချစ်သူရယ်။
ဒီးဒိုး။
၈၊၀၄၊၂၀၁၀။


