Thursday, June 21, 2012

ကချင် စာကို ချစ်ပါ၊ကချင်စာပေ ကို မြတ်နိုးပါ။



ဖေ့ဘွတ်မှာ ဖတ်လိုက်ရတဲ့ သတင်းစာ အပိုင်းစ လေးမှာ တိုင်းရင်းသား ဘာသာ စာပေကို အစိုးရကျောင်းမှာ ကျောင်းချိန်ပြင်ပ သင်ကြားပေးတော့မယ်။
ဒါပေမယ့် အဲဒီအထဲမှာ ကချင် ဘာသာ မပါဘူး။
ဒီသတင်းပေါ်မှာ တချို့တွေ က အံကြိတ်ကြ။တချို့ က ဆဲကြ၊တချို့ က ကြိတ်မနိုင်ခဲမရ၊တချို့ ကလည်း ရန်ငါ စည်းပြတ်ကြပေါ့။
ကျွန်တော့်အတွက် တော့ ၀မ်းသာစရာပေါ့..။
ဘာလို့ ၀မ်းသာစရာလည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကြီးမှာ ၀န်ကြီးတွေရဲ့ သဘောထားအမှန်ကို သိလို့ ဘဲ လို့ ဖြေရမလို။
အမှန်တော့ တိုင်းရင်းသားတွေ အပေါ် လက်တဆုပ်စာ ဗမာ ဗိုလ်ချုပ်တွေ ဘယ်လို သဘောထားတယ် ဆိုတာ အထွေအထူး ပြောနေဖို့ လိုနေမယ် မထင်ဘူး။ သိပြီးသား။
နောက်ဆုံး ကုန်ကုန်ပြောရ ရင် ကချင်ဟာ စာသင်ကျောင်းမှာသာ မက မြန်မာနိုင်ငံမှာ  ပြည်နယ်တခုအနေနဲ့တောင် မပါတော့ဘူးဆို ရင်လည်း ကျွန်တော်ကတော့ လက်ခံမှာပါဘဲ။
ဝမ်းသာနေအုန်း မှာဘဲ။
ဒါဆိုရင် ကျွန်တော့်ကို အပြစ်တင်ကြအုန်းမယ်။ခွဲထွက်ရေးသမား၊ဖြိုခွဲရေးသမား လို့ ဆဲဆိုကြအုန်းမလား။
အမှန်တော့ မဟုတ်ပါဘူး။
ကျွန်တော်က တော့ မြန်မာပြည်ကြီးထဲမှာ ကချင်တယောက်အနေနဲ့ ပါချင်တယ်။
မြန်မာနိုင်ငံကြီးအတွက် ကချင်တယောက်အနေနဲ့  အုတ်တချပ် သဲတပွင့် အဖြစ်ပါချင်တယ်။
ဒါပေမယ့် အတ္တကြီးကြီး၊အာဏာဖီးဖီး နဲ့ တို့ လုပ်လိုက်ရင် ဘာတတ်နိုင်မလဲလို့ ထင်ရာစိုင်းသူတွေက
ပထုတ်နေမှတော့ ကျွန်တော့က လက်ခံလိုက်ယုံပါဘဲ။
ကျွန်တော်က ဘာကောင်မှ မဟုတ်တာလေ။

ဘယ်လိုဘဲ ဖြစ်ဖြစ်၊ အစိုးရရဲ့ စေတနာဟာ မှန်သည်ဖြစ်စေ မှားသည် ဖြစ်စေ လက်ခံရမှာပါဘဲ။
ဘာလို့လက်ခံရမှာလဲ ဆိုတော့ ဘယ်လိုစကားတလုံး၊ ဘယ်လိုစာတကြောင်းဟာ ဘယ်သူ့ကို ရည်ညွန်း
ဖွဲ့ဆိုသည်ဖြစ်စေ  အဲဒီသူက လက်ခံမှဖြစ်တယ်။
အဲဒီသူက လက်မခံရင် ဘာအကျိုးမှမသက်ရောက်ဘူး။
ဒါက ကျွန်တော် လက်ခံထားတဲ့ အချက် ပါဘဲ။
ဒီတော့ ကချင်စာပေကိုဖြစ်စေ၊လူမျိုးကို ဖြစ်စေ၊ပြည်နယ်ကို ဖြစ်စေ  မြန်မာနိုင်ငံ မှာ ပါတယ် မပါဘူး ဆိုတဲ့
ဆုံးဖြတ်ခွင့်ဟာ ကချင်အမျိုးသားတွေ လက်ထဲမှာဘဲ ရှိလို့ ပါဘဲ။
ဘယ်သူ တစ်ဦး တစ်ယောက် အဖွဲ့အစည်း က မှဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။
ကချင်လူမျိုး တို့ရဲ့ စာပေ၊ယဉ်ကျေးမှု၊ပြည်နယ် ဟာ ကချင်လူမျိုးတွေ ရဲ့ လက်ထဲမှာဘဲ ရှိတယ်။
ဒါကြောင့် အစိုးရ စာသင်ကျောင်းမှာ ကချင်စာ မသင်ပေးလည်း ဘာမှ မဖြစ်ဘူး။
စာသင်ကျောင်းရှိမှ စာသင်လို့ ရတာလဲ မဟုတ်ဘူး။
တို့တတွေမှာ အမျိုးဆိုတာရှိတယ်၊ မိဘတွေ ရှိတယ်၊ညီအကို တွေရှိတယ်။
လက်တွေကို ခိုင်ခိုင်မြဲမြဲ တွဲထားကြမယ်။
တယောက်တတ်တာကို တယောက် လက်ဆင့်ကမ်းခဲ့ကြမယ်။
တို့တတွေရဲ့ ယုံကြည်မှု၊ယဉ်ကျေးမှု၊ဘာသာ စကားတွေကို အစိုးရ စာသင်ကျောင်းတွေမှာ မသင်ဘူး။
တို့တတွေ ရှိတဲ့နေရာ မှာ တို့တတွေ သင်ယူကြမယ် လေ့လာကြမယ်။လက်ဆင့် ကမ်းခဲ့ ကြမယ်။
တို့တွေရဲ့ စာပေ ဘာသာ စကား ကို ရောက်တဲ့ နေရာမှာ ကဗျည်း ထိုးခဲ့ကြမယ်။
တို့တတွေရဲ့ အားတွေကို တင်းထားကြမယ်။
ကဲ ဘယ်လောက် ပျော်စရာကောင်းလဲ....။

အမှန်တကယ်ပြောရ ရင် အစိုးရကျောင်းကို အမှန်တကယ် ကို မတက်ချင်တာ။
ကျွန်စိတ် ကိုရိုက်သွင်းတဲ့ အစိုးရကျောင်း။
ကောင်း၊ဆိုး ကြောင်း၊ကျိုးကို ဆင်ခြင်စိတ်မရှိ  အမိန့်နာခံမှု စိတ်ဓါတ်ကို ရိုက်သွင်းပေးတဲ့ ကျောင်း ပေါ့။
ဒါဆို မင်းက ဘာလို့ ကျောင်းပြီးအောင် တက်ခဲ့သလဲကွ လို့ မေးချင်နေစမ်းမယ်။
မှန်တယ် ကျွန်တော် အစိုးရကျောင်းကို တက်ခဲ့တယ်။ဘွဲ့ရအောင်ကို တက်ခဲ့တာ။
အဖြေကတော့ ရှင်းတယ် အစိုးရကို ကောင်းဆိုး၊ကြောင်းကျိုး တွေ ရေးပြနိုင်ဖို့ ကျောင်းတက်ခဲ့တာ။
အစိုးရ သင်ပေးတဲ့ ကျောင်းတက် ပြီး အစိုးရကို ကျေးဇူးကန်း တယ် လို့ ပြောအုန်းမှာလား။
ထင်ချင်သလို ထင်နိုင်ပါတယ်။ ဒီအတွက် အဖြေက တော့ ကျွန်တော့်ရှေ့က နောင်တော်ကြီးတွေ ရှိပါတယ် လို့ဘဲ ဖြေပါရစေ။

နောက်ပြီး ဗမာစာ ကိုလည်း တတ်ကို မတတ်ချင်တာ ဒါပေမယ့် တတ်အောင်ကို လေ့လာရမယ်၊
မှတ်သားရမယ် ဆိုတဲ့ အသိကို ဗိုလ်ချူပ်အောင်ဆန်းက ပေးခဲ့တာ။
ဗိုလ်ချူပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတခွန်း တသက်လုံး မမေ့ဘူ။
အင်္ဂလိပ်ကို တိုက်ဖို့ အတွက် အင်္ဂလိပ်စာနဲ့ စကားကို တတ်ကို တတ်ရမယ်။
အနည်းဆုံး သူတို့က လာဆဲရင် ဗိုလ်လိုပြန်ဆဲ နိုင်တာပေါ့။ သိပ်မှန်တဲ့ စကားပါ။
ဒီနေရာမှာ အင်္ဂလိပ် အားလုံးကို မဆိုလိုပါဘူး။ ဒါပေမယ့် ကိုယ့်ကို အင်္ဂလိပ်လိုလာဆဲ၊လာဖြဲ၊လာခြောက်ပြတဲ့
သူတွေကို သာ ဆိုလိုရင်းဖြစ်တယ်။
ကချင်တွေ အားလုံး ဗမာစာ၊စကား ကို လေ့ကိုလေ့လာရမယ်။တတ်ကို တတ်ရမယ်။
ဒါမှ ကိုယ့်ရန်သူကို ဘယ်လိုရင်ဆိုင်ရမယ်ဆို တာ သိနိုင်၊တတ်နိုင်မယ်။
ကိုယ်ရင်ထဲ စိတ်ထဲ ခံစားချက်မှန်သမျှကို ဗမာလို ရေးပြ ချပြ နိုင်အောင် လုပ်ရမယ်။
ဒါမှ သူတို့တွေနားလည်မယ်၊ ဒီထက် ပိုလာရင်တော့ အင်္ဂလိပ်လို ရေးနိုင်ပြနိုင် ရင် ပိုကောင်းမယ်။
ဒါမှ နိုင်ငံတကာမှ ကချင် လူမျိုးတွေက ဒီလို လူမျိုးတွေကွ ဆိုပြီး လက်ခမောင်းခတ်နိုင်မယ်။
ဒီလို ဗမာစာ ကိုလေ့လာတာဟာ ကိုယ့်ဘာသာ စကားကို မကြိုက်လို့ မဟုတ်ဘူးဆိုတာနားလည်ရမယ်။
ကိုယ်ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ကိုယ့်ကို သိထားရမယ်။

ငါတို့ရဲ့ စာ၊စကား ကို ဘယ်လိုပိတ်ပင် တားဆီးပါစေ။
တို့တတွေ လက်ခံမှ ဖြစ်တယ်။လက်မခံရင် သူတို့တွေရဲ့ ရည်ရွယ်ချက်ဟာ မအောင်မမြင်ဖြစ်မှာဘဲ။
ဒီတော့ တို့တတွေ စိတ်တိုစရာလဲမလိုဘူး၊ပြန်ဆဲစရာလဲ မလိုဘူး၊ကြိတ်မနိုင်ခဲမရ ဖြစ်စရာ အကြောင်းမရှိဘူး။အချိန်ကုန်မယ်။လေကုန်တယ်။

တို့တတွေရဲ့ စာပေနဲ့ စာတွေကို ရေးကြမယ်။ကဗျာတွေကို ဖွဲ့ကြမယ်။ ကလောင်ကိုင် လို့ရတဲ့ လက်မှန်သမျှ၊ ကချင်စာပေကို ချစ်မြတ်နိုးတဲ့သူမှန်သမျှ ရေးကြ၊ဖွဲ့ကြမယ်။
ရှေ့တန်းမှာ အသက်ပေးလို့ ကာကွယ်နေတဲ့ သူတွေကို လေးစားတဲ့အတိုင်းပေါ့။
နောက်တန်းက ကလောင်ကိုင်လို့ ရတဲ့ သူမှန်သမျှ ကလောင်ကို ကိုင်ကြစေချင်တယ်။

စာအုပ်တအုပ်မှာ ဖတ်ဖူးတာ က ခုဆိုရင် ရုရှား ကျောင်းတွေမှာ ရုရှား ဘာသာစကား အပြင်၊အင်္ဂလိပ်စာ နောက် မိမိကြိုက်တဲ့ ဘာသာစကားကို မဖြစ်မနေ ရွေးချယ်ပြီး သင်ရတယ်တဲ့။
ဒီတော့ ရှရှား ကလေးတယောက်ဟာ ကြီးပြင်လာတာနဲ့ ဘာသာစကား သုံးမျိုးကို တတ်နေမှာဖြစ်တယ်။

ဒီတော့ တို့တတွေ အနေနဲ့ ကချင်ဘာသာ စကား နဲ့ အင်္ဂလိပ် ဘာသာ စကား အပြင် မဖြစ်မနေ လေ့လာ ဆည်းပူးနေရမယ်။
ဗမာစာနဲ့ အိမ်နီးချင်း တရုတ် စာ ကို လေ့လာ နိုင်မှ သူတို့ တတွေနဲ့ ယှဉ်နိုင်မယ်။
ကချင် စာ ကိုကျတော့ ကမ္ဘာမှာ ကချင်လူမျိုးတွေ ရှိခဲ့တယ်။
စာပေ ပိုင်ဆိုင်ခဲ့တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့လေ့လာ လိုက်စားရမယ်။
အင်္ဂလိပ်စာ ကိုကျတော့ နိုင်ငံတကာမှာ ကချင်တွေဟာ စစ်ဘဲတိုက်တဲ့ လူမျိုးမဟုတ်ဘူး နိုင်ငံတကာ စာပေကို အကျွမ်းတ၀င်ရှိကြောင်း ပြသနိုင်ဖို့ တတ်ကို တတ်မှ ဖြစ်မယ်။
ဗမာစာကို ကျတော့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ အတိုင်းပေါ့။
တရုတ်စာကိုကျတော့ တရုတ်တွေ လူလည် မကျနိုင်အောင် တရုတ်စာကို တတ်မှကိုဖြစ်မှာ။

ဒီတော့ သူငယ်ချင်း တို့ရေ ဘာမှ မခံမရပ်နိုင် မဖြစ်နဲ့၊ ကြိတ်မနိုင်ခဲမရလဲ မဖြစ်နဲ့။
ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ဖို့ဘဲရှိတယ်။
တို့တတွေဟာ အခွင့်အရေးရှိမှ လုပ်နိုင် ကိုင်နိုင်တာ မဟုတ်ဘူး ဆိုတာကို ပြသဖို့ အချိန်ဘဲ။
တို့တတွေမှာ ဘာအခွင့်အရေးမှ မရှိဘူး။
ဒီထက်ပိုပြီးတော့ လုပ်သမျှကို တားဆီးခံနေရတယ် ဆိုတဲ့
ကြားက တို့တတွေရဲ့ ဘာသာ စကားကို ဒီကမ္ဘာကြီးမှာ ချန်ထားခဲ့ကြရအောင်။

တို့ လူမျိုးတွေကို နှိပ်ကွပ်တယ်၊တို့တွေ သာမဟုတ်ပါဘူး တခြား တိုင်းရင်သားတွေလည်း ရှိပါသေးတယ်။
လူမျိုးတမျိုး ကမာ့္ဘမြေပေါ် က ပျောက်ကွယ် သွားဖို့ ဆိုတာ လူတွေနဲ့မဆိုင်ဘူး။
ဘုရားသခင်နဲ့ ဘဲ ဆိုင်တယ်။
ဒါကို ခရစ်ယာန် တွေအားလုံး သိမှာပါ။
ဒါပေမယ့် လူမျိုးတမျိုး ကမ္ဘာပေါ်မှာ ရှိခဲ့တယ် ဆိုတာကို နောက်လူတွေ သိဖို့ က အဲဒီ လူမျိုးနဲ့ဘဲ ဆိုင်တယ်။
ဘုရားသခင် အလိုတော်ရှိရင် ကချင်လူမျိုးတွေ ကမ္ဘာမြေပေါ်က ပျောက်ကွယ်မှာပါ။
ဒီတော့ တို့ ကချင်လူမျိုးတွေ ကမ္ဘာမြေပေါ်မှာ ရှိခဲ့တယ် ဆိုတာ ကို သက်သေပြဖို့ တို့ ကချင်လူမျိုး တယောက်စီတိုင်းမှာ တာဝန်ရှိတယ်။
အောင်မြင်မှုဆိုတာ အခက်ခဲ၊တာဆီး ပိတ်ပင်မှု တွေကို ကျော်လွားပြီးမှ ရယူရတာမျိုးပါ။
အခွင့်အရေးရှိလို့ လုပ်နိုင်တယ် ဆိုတာတော့ လူတိုင်းလုပ်နိုင်တယ်။
ဒါပေမယ့် တို့ ကချင်တွေက တားဆီးပိတ်ပင်နေတဲ့ ကြားက လုပ်နိုင်တယ် ဆိုတာကို ပြကြမယ်။

အာဏာရှင်မှန်သမျှကို ဆန့်ကျင့်ဖို့ တို့ရဲ့ ကလောင်ဓါးကို သွေးကြ၊ သွေးကြမယ်။
ကြောက်ရွံ့မှု ကင်းတဲ့ လွတ်လပ်တဲ့ စိတ်ထားတွေနဲ့ရေးကြမယ်။
ကချင်စာပေကို ချစ်မြတ်နိုးလို့ တို့ ကချင်လူမျိုးတွေရှိတဲ့နေရာတိုင်းမှာ ကချင်စာကို ရေးသားခဲ့ကြရအောင်လား။


ဒီးဒိုး။
၂၁၊၀၆၊၂၀၁၂။



Tuesday, June 19, 2012

အနုတ် တစ်။

တစ် နဲ့ တစ်
ပေါင်းလိုက်ပေမယ့်
ရလဒ် က သုည
နိတ္ထိ။

တောင်းပန်ပါတယ် ချစ်သူရယ်
ငါ့တန်ဖိုးက
အနုတ် တစ်။

ဒီးဒိုး။

ဆန္ဒ...။

နှစ်ယောက်တစ်ဘ၀ ပေါင်းလို့
တိုးပွားမယ့် ဘ၀ကို
မျှော်လင့်နေ သလားကွယ်..။

ငါ့ရဲ့ ဘ၀ ရှေ့က
အနုတ် လဏ္ခာကို
မြင်နိုင်ပါစေသား...။

ဒီဒိုး။
၁၉၊၀၆၊၂၀၁၂။

Saturday, June 9, 2012

အရှုံးတွေနဲ့ ကဗျာ


နောက်ဆုံးပေါ် လက်နက်အားကိုးလို့
နှစ်ရက်နဲ့ အပြီးချေမှုန်း ပစ်မလို့တဲ့လား။
ရည်ရွယ်ချက်မအောင်မြင် သေးဘူး ၁နှစ် ပြည့်ပြီ
ဆုံးရှုံးမှုတွေလည်း များလှပါပြီ...။
ဒွိဟတွေနဲ့ သံသယ၀င်နေဆဲလား
အရှိကို လက်ခံလို့
အောင်ဖျာလိပ် သင့်ပါပြီ....။

သူသာ ကိုယ်သာ ကိန်းဂဏန်းတွေနဲ့
တွက်ချက်နေတုန်းလား...။
တူညီ ၀တ်စုံ မ၀တ်နိုင်တဲ့
သားချင်းတွေပါ  ရည်တွက်သင့်တယ်...။
တကယ်တော့ ပိုဆုံးရှုံးမှုတွေက
သာယာလှတဲ့ အနောမြေမှာပေါ့.....။

ကောက်ကွေးတတ်တဲ့ လက်ညှိုးတွေ
ကျိမ်စာ သင့်ပါစေ...။
ရိုင်းဆိုင်းလွန်းတဲ့ ဘီလူးတွေကို သွန်သင်ဖို့
နတ်ဘုရားတွေ ခရီးလွန်နေတာများလား...။
ဆာလောင်မှုနဲ့ အနာဂတ်မဲ့ တဲ့ ဝေဒနာ နတ်ဆိုး  ဟာ
ဒီမြေမှာ ပျော်မြူးနေပေါ့။

အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့။

တို့တတွေရဲ့ မျက်ရည်တွေနဲ့ ကျည်ထွက်ရာ အပေါက်မှန်သမျှ ပိတ်ပစ်ကြမယ်။
တို့တတွေရဲ့ သွေးတွေနဲ့ အတ္တကြီးကြီးမွေးဖွားရာ ကို ဆေးကြောပစ်ကြမယ်။
ဒီမြေ၊ဒီရေ အတွက် အသက်ရှင်လျက် နေပေးကြပါ။

လူယဉ်ကျေး တွေ စဉ်းစားကြပါအုန်း.။
စဉ်းစားအုန်း လေ။

လိုချင်တာလေး က
ယမ်းငွေ့တွေ မလွမ်းဖို့
မျက်ရည်တွေ မခမ်းဖို့
သွေးတွေ မစီးဖို့
ဒီအတွက်
အပြစ်မဲ့တဲ့ ၀ိညာဉ်
နုနယ် ပျိုမြစ်တဲ့ ခန္ဒာ
ဘယ်လောက်များ
ခင်ဗျားတို့ အလိုရှိနေသလဲဗျာ...။

နောက်ဆုံးတော့
ဒီစာလား (ကဗျာလား)
အောင်နိုင်ခြင်း မရှိခြင်အောက်
ပျောက်ကွယ်သွားတော့ မှာပါလား...။

ဒီးဒိုး။
၉၊၀၆၊၂၀၁၂။

မနောမြေ စစ်ခင်းခြင်း တနှစ်ပြည့် သက်ဆိုင်သူအားလုံးသို့ မေတ္တာ ရပ်ခံခြင်းပါ။