Wednesday, May 23, 2012

မျက်ရည်တွေနဲ့။



ငိုသံ လိုလို ကြားတဲ့ အခိုက်
လှည့်ကြည့်လိုက်တော့
ရာဇ၀င်တို့ရဲ့ သတို့သမီး ဧရာဝတီ
မျက်ရည်တွဲလွဲနဲ့ သူ့ဘ၀ကို
မြန်ပြည်တွက်ဘဲ ပေးဆပ်ချင်တာ
ခုတော့ သူ့ကြောင့်
စစ်ပွဲတွေနဲ့ ဆင်းရဲ
သတ်ပွဲတွေနဲ့ ငရဲ
ဘယ်တော့ ပြီးပြတ်မလဲစောင့်ရင်း
မချစ်မနှစ်သက်သူ လက်ထဲ
ဆင်းသက်ဖို့ အဆင့်သင့်ပါဘဲ လို့ ဆိုရင်း
ငိုကြွေးနေလေရဲ့။

ငြီးသံ လိုလို ကြားတဲ့ အခိုက်
မော့ကြည့်လိုက်တော့
မြန်ပြည်တို့ရဲ့ လှကညာ "ကျွန်း"
ရစ်ဝဲ မျက်ရည်တွေနဲ့ သူ့အလှ ကို
မြန်ပြည်တွက်သာ ဖြစ်စေချင်တာ
ခုတော့ သူ့ကို
လောဘတွေနဲ့ ခုတ်
မောဟတွေနဲ့ ထစ်
ဘယ်တော့မှ ပြန်ပျိုးထောင်မလဲစောင့်ရင်း
တိုင်းတပါးသူတွေ လက်ထဲ
ဆင်းသက်ကြွေလို့ ပေးဆပ်နေရင်း
ပုလဲ မျက်ရည် ခနေရှာတယ်။

အသံလည်း မထွက်
မျက်ရည်လည်း မကျနိုင်တော့တဲ့
မြန်ပြည်ရဲ့ လှနတ်သမီး "Jade"
သူအလှ တန်ခိုးနဲ့ မြန်ပြည်ကို အလှဆင်ချင်ပေမယ့်
မတန်မရာ တိုင်းတပါးရဲ့ လက်ထဲမှာနေရင်း
သူ့ မွေးရပ်မြေကို လွမ်းကြောင်း
ရင်ကွဲနာကျလို့ ငိုသံမကြားအောင်
မျက်ဝန်းကတဆင့် ပြောနေလေရဲ့.။

ငိုသံ တွေ
ရှိုက်သံ တွေ ကြားနေရပေမယ့်
တကယ်လိုလို
အိပ်မက်လိုလို
 အသိစိတ်ကို လှုပ်နိုးတော့
ငါ့ ခေါင်းအုန်းလေးလည်း စိုလို့
လူသိအောင် မငိုနိုင်ပေမယ့်
ငါလည်းလေ တိုင်းတပါးမှာ ပါဘဲ။


ဒီးဒိုး။
၂၃၊၀၅၊၂၀၁၂။

Monday, May 21, 2012

မှန်၊မှန်ဘီလူး လိုလူနှင့် လူများ..။


လူ့လောကကြီး ထဲ ကို လျောက်လမ်းလာခဲ့ ကြာတော့ လမ်းတွေလည်း အိုဟောင်း လို့ နှစ်တွေလည်းပြောင်းခဲ့ပေမယ့် မအိုမဟောင်း တဲ့ လူ့ အကျင့် တွေကတော့ အရင်အတိုင်း ခိုင်မြဲနေဆဲ။
ကျောက်ခေတ် ကစလို့ ဒီနေ့ထိ မြင်နေရ တွေ့နေရ ကြားသိနေရသေးတာ ကတော့ ကြီးနိုင် ငယ်ညှင်း။
တချို့ အမူအကျင့်တွေက  ယဉ်ကျေးလာသယောင်နဲ့ ဘ၀တွေ ဘ၀တွေကို ကောင်းကောင်း ဖျက်ဆီးပစ် နိုင်လောက်အောင် သိမ့်မွေ့နူးညံ့ နေတယ်။
ဘယ်လောက်ထိတောင် သိမ့်မွေ့ နူးညံ့သလဲ ဆိုရင် ကိုယ့်အခေါင်းပေါ် တက်နှင်းနေတာတောင်
တက်နှင်းနေသူ ကို ကျေးဇူးတင်ပြန်တင်ခိုင်းနေတဲ့ အထိပေါ့။

"ငါကတော့ မှန်လိုလူကွ ငါကိုပြုံးပြ ရင် ငါပြန်ပြုံးမယ် ငါ့ကိုမဲ့ပြရင် ငါပြန်မဲ့မယ်"
ဆိုတဲ့ စကားလေး ဒီနေ့ ဒီအချိန်ခါထိ ကြားနေရဆဲ၊ လူတွေလည်း လိုက်နာနေကြဆဲဘဲ။

ကျွန်တော့် အနေနဲ့တော့ အဲလိုပြောတဲ့ လူတွေကို သနား အံ့သြမိတယ်။
ဘာဖြစ်လို့ လည်းဆိုတော့ကာ မှန် ဆိုတာ အသိတရား၊စဉ်းစားဆင်ခြင် မရှိတဲ့အတွက်ပေါ့။
မှန်တချပ်နဲ့တော့ မတူချင်ပါဘူးလေ။
"မှန်"ဆိုတာ လူတွေထင်သလို ကိုယ်ရီပြ ရင် သူရီပြမယ်၊ မဲ့ပြရင် ပြန်မဲ့ပြမယ် ဆိုတာ အပေါ်ယံကြည့်ရင်တော့ မှန်သလိုနဲ့ တကယ်တော့ အနည်းဆုံး ဘယ်နဲ့ ညာလွဲနေပါသေးတယ်။

လူတွေဟာ ယဉ်ကျေးတဲလူ့ဘောင်ထဲကို ချဉ်းကပ်လာခဲ့ ကြတယ်။
ဆုံးမ သွန်သင်တဲ့ ဘာသာတရား၊မိဘ၊ဆရာသမား ရှိတယ်။
သက်မဲ့ ဖြစ်တဲ့ မှန်လို ကိုယ်ဆီလာပြီး ပြုံးပြမှ ပြန်ပြုံးရမယ့် ဘ၀ မဟုတ်ရတာ သက်ရှိလူတွေဘဲ မဟုတ်လား။
ကိုယ့် ကိုပြုံးပြသည်ဖြစ်စေ မပြုံးပြသည်ဖြစ်စေ ကိုယ်က စပြီးပြုံးပြရမှာ မဟုတ်ဘူးလား။
ဒါမှလည်း လောကကြီးက ပိုပြီးလှပနေမှပေါ့။
နောက်ပြီးတော့ လူတွေမှာ က ကိုယ်ချင်းစာနာစိတ်၊စေတနာစိတ်၊သနားစိတ် ဆိုတာတွေရှိတာဘဲမဟုတ်လား။
ဒီလိုလှပတဲ့ စိတ်နေစိတ်ထားလေး တွေကို ပေးလို့ရသမျှ ပေးလိုက်ရင် ပိုကောင်းမလားဘဲ။

ဒါပေမယ့် ကိုယ့်ကို လာပြီးပေးမှ ကိုယ်က ပြန်ပေးမယ်ဆိုရင် လောကကြီးက ငြိမ်းချမ်းရေး တွေနဲ့ ဝေးနေအုန်းတော့မှာပါဘဲ။

နောက် မြန်မာလူမျိုးတွေမှာက သူတပါးတွေပေါ် ထားတဲ့ ကောင်းစိတ် ဟာ တခြားလူမျိုးတွေထက်ပိုတယ်။
ဆိုကြပါစို့ သောက်ရေအိုးစဉ် ဆိုတာ မြန်မာနိုင်ငံမှာဘဲ ရှိတာပါ။
ဒါဟာ ဘာကြောင့်လဲ တပါးသူတွေ ကိုယ်ကို ရေတိုက်လို့ သူတပါးတွေ ရေသောက်ပါစေဆိုပြီး
သောက်ရေအိုးစဉ် ဆောက်ထားတာလား။
အဲလိုဆိုရင်တော့ မှန်လိုလူသားဖြစ်သွားရမှာပေါ့။
အမှန်တော့ လမ်းသွားလမ်းလာတွေ အမောပြေပါစေတာ့၊ရေငတ်ပြေပါစေတော့ ဆိုတဲ့ သဘောရိုးအမှန်နဲ့
သောက်ရေအိုးစင် လေးကို တည်ထားခြင်းသာဖြစ်တယ်။
စေတနာ သီးသန့်လေးဘဲ ဖြစ်ပါတယ်။
တုန့်ပြန့်မှုမလိုသော် ဖြူစင်တဲ့ ရိုးသားမှုလေး သာဖြစ်တယ်။

ရေအကျိုး ၁၀ပါး မတောင်းဘဲ ပြည့်တယ် ဆိုတာကိုလည်း ယုံကြည်လို့ပေါ့။

နောက် လူတွေမှာ သနားကြင်နာတတ်တဲ့ စိတ်ကလေးလည်း ရှိသေးတယ်။
ကိုယ်ထက် နိမ့်ကျတဲ့သူ ဆင်းရဲနွမ်းပါးနေတဲ့ သူတွေကို  တွေ့ရင်သနားမယ်၊တတ်နိုင်သလောက် ကူညီမယ်လေ။ ဒါဟာ အလွန်လှပတဲ့ လူ့သဘာဝ နဲ့ ကျင့်ဝတ်လေးတွေဘဲ မဟုတ်လား။

တကယ်လို့စာ် မှန်လို ကျင့်ကြံတဲ့ လူတွေသာ ပေါများနေခဲ့မယ် ဆိုရင်တော့ ဒီလောက ကမ္ဘာကြီးဟာ ဆင်းရဲ တဲ့ သူတွေက ပိုဆင်းရဲလို့၊ ချမ်းသာတဲ့ လူတွေက ပို ချမ်းသာနေကြတော့မှာပါဘဲလေ။
အမှန်ပါဘဲ ဆင်းရဲတဲ့ သူက ပေးချင်ပေမယ့် ပေးဖို့ရာမရှိတော့  မပေးနိုင်ဘူး။
မပေးနိုင်တော့ သူမှာပြန်ရစရာ အကြောင်းလည်း မရှိတော့ဘူး။
ဒီတော့ သူမှာ ပိုဆင်းရဲစရာ ဘဲ ရှိတော့တာပေါ့။

ချမ်းသာတဲ့သူတွေကျတော့ရော အတူတူပါဘဲ သူတို့မှာ ပေးနိုင်ကမ်းနိုင်တော့ သူတို့မှာ မှန်လိုကျင့်ကြံ တဲ့ သူတွေနဲ့တွေ့တော့ ပိုချမ်းသာသွားတာပေါ့။
ဒီကနေ့ တဖက်စောင်းနှင်း ဆင်းရဲ ချမ်းသာ ကွာခြားနေတာ တွေဟာ ဘာကြောင့်လဲ စဉ်းစားကြည့်မိတော့ "မှန် လို ကျင့်ကြံတဲ့ သူတွေ ရှိနေလို့ပေါ့"။
မှန်လိုကျင့်တဲ့ လူတွေရှိနေလို့ ဆင်းရဲ၊ချမ်းသာ ကွာခြားမှုတွေ စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးတွေ ဝေးကွာနေအုန်း မှာပါဘဲလေ..။

ဒီလိုနဲ့ တွေးရင်ကနေ မှန် လို လူသားက နေ မှန်ဘီလူး လို လူသားတွေလည်း ကမ္ဘာပေါ်မှာ အများပြားရှိနေတာကို အမှတ်မထင် တွေ့ လိုက်ရသဗျာ..။
ကျွန်တော် ငယ်ငယ် က တရိစ္ဆာန်ရုံ ထဲမှ မှန်ကြီးတချပ်ရှိတယ်။(ခုရှိ၊မရှိတော့ မသိပါ)
အဲဒီမှန်ကြီး ရဲ့အရှေ့မှာ ရပ်ပြီး အဲဒီမှန်ကြီးကို ကြည့်ရင် ကိုယ့်ပုံရိပ် အတိုင်းမတွေ့ရဘဲ တလွဲတွေ တွေ့ရတယ်။
ကိုယ်က နည်းနည်း လှုပ်လိုက်တာနဲ့ မှန်ထဲက ပုံရိပ်ကြီးက ရိုးရိုးမှန်တွေလို ပုံရိပ်ပေါ်တာမဟုတ်ဘူး။
ရိုးရိုးမှန်တွေက ကိုယ်ပြုံးပြရင် ပြန်ပြုံးသေးတယ်။
ဒါပေမယ့် အဲဒီမှန်ကြီးကတော့ အဲလိုမဟုတ်ဘူးဗျ။
ကြည့်ရင်း ကြည့်ရင်းနဲ့ ခေါင်းကြီး ကြီးလာလိုက်၊ မျက်လုံးကြီးက ကြီးလို့ ပါးစပ်ကြီးက ပြဲလိုက်။
နှာခေါင်းကြီး ကြီးလာလိုက်နဲ့ ကြောက်ဖို့ ကောင်းတယ်။
ဒါနဲ့ဘဲ အဖေ့ကို မေးကြည့်တော့ အဖေ က အဲဒါ မှန်ဘီလူးပေါ့ သားရဲ့တဲ့။
ဒီလိုနဲ့ သိတတ်နားလည်တဲ့ အချိန်ရောက်တော့ မှန်ဘီလူး လို လူတွေလည်း တွေ့ဖူး ကြုံဖူးခဲ့တယ်။


ကမ္ဘာကြီးပေါ်နေထိုင် အသက်ရှင်လာရင်းက  လောက လူတွေကြားမှာလည်း ခံစားချက်မဲ့ တဲ့ အရာဝတ္ထုတွေနဲ့ တူတဲ့ လူတွေလည်း ရှိပါသေးလားဆိုတာ သိခဲ့ ရတယ်။

ဒီထက်ပိုဆိုးတာ ကတော့  လူတွေမှာ ကိုယ်က အေးအေးချ၊မ်းချမ်း နေပေမယ့် ကိုယ့်ကို ပြသာနာရှာတဲ့ လူတွေပေါ့။
အဲလိုလူတွေကို ကျတော့ မှန်၊မှန်ဘီလူးလို လူမျိုးမဟုတ်တော့ဘဲ ဘယ်အရာနဲ့ နှိုင်ယှဉ် ကြည့်ရမှန်းတောင် မသိတော့ပါဘူး။
လူအများက ရိုသေတန်ဖိုးထားကြပေမယ့် သူတို့အတွက်တော့ ဘယ်သူသေသေ ငတေမာပြီးရော လို့ ခံယူထားကြသလား မသိ။
လူကို တန်ဖိုးမထားခြင်းဟာ ယဉ်ကျေးမှုနိမ့်တာတောင် မကတော့ဘဲ ယဉ်ကျေးမှု မရှိဘူးလို့ ပြောလို့ ရမလားဘဲလေ။
ရှေ့ဟောင်း လူ့အဖွဲ့အစည်း၊သမိုင်းခေတ်ဦး တို့်မှာ လူလူချင်းတန်ဖိုးမထား ကျေးကျွန် ပိုင်ရှင်စနစ်တွေ ထွန်းကား ခဲ့တာမလား။
ဒီခေတ်ကြီးမှာလည်း စကားလုံးလှလှ တွေပေးပြီး ကျေးကျွန် ပိုင်ရှင် ဆန်ဆန် လုပ်ရပ်တွေ တွေ့နေမြင်နေရတာလည်း ၀မ်းနည်းစရာ ကောင်းလှပါတယ်။


နောက်  တရိစ္ဆာန် လောကမှာတော့ သားရဲကောင်ကြီးတွေက အားနည်းတဲ့ တရိစ္ဆာန် တွေကို အစာအဖြစ် သတ်ဖြတ်စားသောက်ပါတယ်။
သူ့အစာ အတွက် သူ့ရဲ့ဆာလောင်မွတ်သိပ်မှုအတွက် လုပ်စရာရှိတာ ကို လုပ်လိုက်တာပါဘဲ။
လူတွေကျတော့ ဒီလိုကြီးနိုင်ငယ်ညှင်းလုပ်တာကိုဘဲ ပရိယာယ်မာယာနဲ့  ဖုံးလွမ်းတတ်သေးတယ်။
နိုင်ငံအတွက်၊လူမျိုးအတွက်၊ဘာသာအတွက် ဆိုပြီးတော့ ဆိုတာမျိုးပေါ့။
သိပ်ကို မလှမပတဲ့ လုပ်ရပ်တွေပေါ့။
အကြောင်းပြချက်တွေပေးတယ်။
ဟန်ဆောင်တယ်။
ဒါဟာ ယဉ်ကျေးမှုနိမ့်တာတောင် မကတော့ပါဘူး။
ယဉ်ကျေးမှုကို မရှိတော့တာ။
တနည်းအားဖြင့် စိတ်ဓါတ်၊ကိုယ်ကျင့်တရား ယဉ်ကျေးမှုမဲ့တာလို့ ဆိုရတော့မလား ဘဲ။
ဒီလို ရက္ခိတ ခေါ်တဲ့ စောင့်ရှောက်မှုသဘောတွေ ကွယ်ပျောက်ပြီး အဲဒီလို လူ့အဖွဲ့ အစည်းတွေ
ပျက်စီးသွားရကြောင်း သမိုင်းမှာ သာဓကတွေ တွေ့နိုင်ပါတယ်။


မိမိရဲ့ ရည်ရွယ်ချက် အောင်မြင်အောင် လုပ်တဲ့နေရာမှာ တခြားဘ၀တွေ ကိုရင်းပြီး လိမ်ခေါက် လှည့်ပတ် သွားမှာကိုတော့ ယဉ်ကျေးမှုရှိတဲ့ သူတိုင်း ငြင်းဆန်သွားရမယ့်အရာ လက်မခံရမယ့် အရာ ပါ။
ဒါပေမယ့် ခုတော့ အဲလို တခြားဘ၀တွေကို လိမ်ခေါက် လှည့်ပတ်သွားနေတာကို က ပညာ လို့ ဆိုချင် ပြောချင်နေကြပြီ။
အကျည်းတန်လိုက်တာ။


နောက် သူတပါးကို ဘ၀တွေကို ခင်းပြီး လျောက်တာမက သေးဘူး။
သူသွားမယ့် လမ်းမှာ ခင်းထားတဲ့ ဘ၀တွေက မကောင်းဘူးဆိုတဲ့ လူတွေကလည်း ရှိသေးဗျ။
ဒါမျိုးကျတော့ သွားအတွက် သွား၊ မျက်လုံးတလုံး အတွက် မျက်လုံး တလုံး ဆိုတာမျိုး ထက် နိမ့်ကျသွားပြန်ရော။
ဒါပေမယ့် သူတို့တွေက ငါ့သွားက ပိုမာတာတို့၊ ငါ့မျက်လုံးက ပိုကောင်းတာတို့နဲ့ ချေဖျက် လိုက်ပြန်တယ်။
အမှန်တော့ လူသားတွေဘဲလေ။ဘယ်သူ့ ကမှ မပိုပါဘူး။
တကယ်တော့ ဒီခေတ်မှာ ပိုမို ယဉ်ကျေးတဲ့ ခေတ်ကို ဦးတည်ပြီ လို့ ဆိုရင်းက ဟန်မူရာဘီ ခေတ်ထက် ပိုနောက်ကျ ခေတ် ကို ကျင့်သုံးနေကြတုန်း ပျော်မွေ့နေကြတုန်းလေ။

တကယ်လို့ ကိုယ်ထက် နိမ့်ကျနေမယ် ဆိုရင်တောင် သနားစိတ်ကလေးနဲ့ ဆွဲခေါ်ဖို့ မဖြစ်နိုင်ဘူးလား။
ကိုယ်က ဆွဲလို့ တွဲလို့ မခေါ်နိုင်ရင်တောင် ဆွဲနိုင်၊တွဲနိုင်မယ့် သူတွေကို ဖိတ်ခေါ် လမ်းပြပေးနိုင်ရင် သိပ်ကောင်းမှာဘဲ။
ကျွန်တော်ဆိုလိုချင်တာကို တတ်သလောက်၊မှတ်သလောက်လေး ချပြတာပါ။
ကိုယ်ချင်းစာ တရားလေးနဲ့ စာနာမှုလေးများ ပိုထွက်လာမလားလို့ ပါ။
အမှန်တော့ ကျွန်တော်လည်း အတ္တကြီးကြီးနဲ့ လူသားပါဘဲ၊ ဒါပေမယ့် ပိုမို ယဉ်ကျေးတဲ့ မြန်မာ့ လူဘောင်သစ်ဆီကို ရောက်လာဖို့ သဲတပွင့် အနေနဲ့ တည်ဆောက်ကြည့်တာပါ။

ဒီးဒိုး။
၂၁၊၀၅၊၂၀၁၂။





Saturday, May 12, 2012

သူမသာ ကိုယ်မသာ။



သူပုန်....။
စွယ်စုံကျမ်း လက်ဝယ်မရှိတော့ သူပုန်ဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ဂဂဏဏ မသိဘူး။
စွယ်စုံကျမ်း ထဲမှရော သူပုန်ဆိုတဲ့ အဓိပ္ပါယ် ပါမပါ မသိပါဘူး။(တတ်သိသူများ ဝေငှပေးပါရန် လည်း တောင်းဆိုချင်ပါတယ်။)
လက်လှမ်းမှီ သလောက် ကိုယ့်ထက်ကြီးသူ၊ငယ်သူ နဲ့ ပညာတတ်သူတွေကို  မေးမြန်းကြည့်တော့
သူပုန်ဆိုတာ ရည်ရွယ် ချက်တခုကို ဆွဲကိုင်ပြီး အစိုးရကို တော်လှန်၊ပုန်ကန်ခြားနား သူလို့ အဖြေရတဲ့ အဓိပ္ပါယ်ကို ပေးကြတယ်။

သောင်းကျန်းသူ....။
ထို့အတူပါဘဲ စွယ်စုံကျမ်း ထဲမှာ ရှာမဖြစ်ခဲ့ဘူး။
ပတ်သက်ရာ ပတ်သက်ကြောင်း ပညာတတ် ဆိုတဲ့ သူတွေကို မေးမြန်းကြည့်တော့
အများပြည်သူဆိုင်ရာ၊ယုံကြည်ရာ၊ကိုးကွယ်ရာ စသည်ဖြစ် အရာအားလုံး ကို ဖျက်လိုဖျက်စီး
လုပ်တယ်၊သိမ်းစီးတယ်ဆိုရင်တော့ သောင်းကျန်းသူပါဘဲ တဲ့...။

ဒီလိုနဲ့ သိချင်စိတ် ပိုမိုပြင်းပြလာရတဲ့ စကားလုံးတခုက "နိုင်ငံတော် အစိုးရ"..
နိုင်ငံတော်အစိုးရ ဆိုတာ ဘာလဲ နိုင်ငံတော်ကို မင်းကျင့်တရားနှင့်အညီ အုပ်ချူပ်သော လူတစု ကို ခေါ်တာ အစိုးရဘဲပေါ့။
ဒီနေရာမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာ မထားတာကိုတော့ မပြောလိုပါဘူး။
ဒါဆိုရင် မင်းကျင့်တရားနှင့်အညီ မအုပ်ချူပ်နိုင်တဲ့ (နိုင်ငံတော်ကို အုပ်ချူပ်နေတဲ့ လူတစုကို) အစိုးရလို့ခေါ်နိုင်ပါ့မလား မသိဘူး။
မခေါ်ချင်ပေမယ့်လည်း ခေါ်နေရတာဘဲ ပေါ့ဗျာ။သူက အစိုးရ အာဏာရကိုး...။
ဒီလိုအတွေးတွေ ၀င်လာတော့ ဟိုအရင် အင်္ဂလိပ်တွေ အုပ်ချူပ်ခဲ့တဲ့ ခေတ်ကို ပြန်ဝင်စားမိတယ်။
အဲဒီ အချိန်တုန်းကလည်း ကိုယ် မနှစ်မသက်ပေမယ့်  ခေါင်းငုံ့ခံ ခဲ့ကြတာပါဘဲလေ။
သူတို့တွေကို သူတို့ ရှေ့မှာ အစိုးရလို့ လက်ခံထားကြပေမယ့် နောက်ကွယ်မှာ ဘယ်လိုတုန့်ပြန်ခဲ့ကြတယ် ဆိုတာ သိကြမှာပါ။
ဒါဆို ဆက်ပြီးတွေးကြည့်မိတာက အဲဒီ အစိုးရထဲမှာ ကိုယ့်ရည်ရွယ်ချက်ကို စွဲကိုင်ပြီး ကိုယ်ထင်ရာစိုင်းနေတဲ့ သူတွေကို "အစိုးရ သူပုန်"လို့ ခေါ်လို့ ရမလားမသိဘူး။

ဒီလိုပါဘဲ အများပြည်သူဆိုင်ရာ၊ယုံကြည်ရာ၊ကိုးကွယ်ရာ စသည်ဖြစ် အရာအားလုံး ကို ဖျက်လိုဖျက်စီး
လုပ်တယ်၊သိမ်းစီး နေတဲ့ အစိုးရကို ကော"သောင်းကျန်းသူ အစိုးရ" ဖြစ်နေမလားမသိဘူး ဗျာ..။


ဒီလိုနဲ့ ကျွန်တော် သိတတ် စဉ်းစားတတ်လာတော့ ဘယ်သူတွေက သူပုန်၊
ဘယ်သူတွေက သောင်းကျန်းသူ၊ဘယ်သူတွေ က အစိုးရဆိုတာကို နည်းနည်းလေး
သိတတ် မြင် တတ်သိလာတယ်။
ဒီတော့ ကျွန်တော်တို့တတွေ သိပ်ပြီးငြင်းခုန်နေဖို့ သိပ်မလိုတော့ဘူး လို့ ထင်မိလာတယ်။
တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲနကြမယ့် အစား ကိုယ့် အဖွဲ့တွေ ဘာလုပ်ခဲ့ကြတယ် ဆိုတာကို သုံးသပ်ကြရင် ပိုကောင်းမှာဘဲ နော်။
စွပ်စွဲတဲ့ သူဖက် ကလည်း သေချာစဉ်းစား၊ စွပ်စွဲ ခံရတဲ့သူတွေက လည်း ရင်ထဲမှာ မှတ်ထားစရာတော့ လိုမယ် မထင်ပါဘူး။
ကိုယ်လိပ်ပြာ ကိုယ်လုံ ဖို့ အရေးကြီးတာပါ။
အစိုးရဘဲဖြစ်ဖြစ်၊သူပုန်ဘဲ ဖြစ်ဖြစ် မိမိလိုတဲ့ လိုအင် ဆန္ဒကို ဆွဲကိုင်ပြီး ကိုယ်ထင်ရာစိုင်းမယ်ဆို
သူပုန်ပါဘဲ။
ဒီနေရာမှာ ကရင်အမျိုးသား ခေါင်းဆောင် ဖထီး ဘိုမြ  မဆလခေတ်မှာ ပြောသွားတဲ့ စကားကို သွားသတိရမိပါတယ်။ဘယ်သူ့ကို တိုက်ရိုက်ပြောလိုက်တယ်တော့ မသိပါ.။စကားက ဒီလိုဗျ
"မင်းတို့တတွေ လျောက်ပြောမနေကြပါနဲ့ကွာ မင်းတို့က မြို့ပေါ်က သောင်းကျန်းသူ သူပုန်၊ ငါတို့လည်း တောထဲက သောင်းကျန်းသူ၊သူပုန်ပါဘဲ" တဲ့။

ထို့နည်းတူ သောင်းကျန်းသူ ဆိုတာရော အများပြည်သူဆိုင်ရာ၊ယုံကြည်ရာ၊ကိုးကွယ်ရာ စသည်ဖြင့် ဖျက်လိုဖျက်ဆီး လုပ်သူတွေကို ပြောတာဆိုတော့ ဘယ်သူတွေက လုပ်တယ် မလုပ်ဘူးဆိုတာ လုပ်ကိုင်ခဲ့ ကြသူတွေက ပိုသိမှာပါ။
အမှန်တရားဆိုတာ ဖုံးကွယ်လို့ မရနိုင်ကောင်းစရာပါ။
 ကံ ကံဧ။် အကျိုးကို ယုံကြည့်တဲ့ သူတွေဘဲ လေ မဟုတ်လား..။
သမိုင်းတွေကို ပြင်ချင်လို့လား ပြင်လိုက်ပါ။
ပထ၀ီ ကိုရောပြင်မှာလား ပြင်လိုက်ပါ။
တနေ့နေ့တော့ ကိုယ့်အလှည့်ကျ မနွဲ့စတမ်း ဆိုတဲ့ စကားတော့ ရှိသားပါဘဲလေ.။

နောက်စကားလုံး တလုံးက အရိုင်းအစိုင်း..။
တော်တော်ကြာကြာ မြင်နေ၊ကြားနေ၊ဖတ်နေရတဲ့ ဘ၀င်မကျ ချင်စရာ စကားလုံး "အရိုင်းအစိုင်း"။
အထူးသဖြင့် ကချင်တွေက အရိုင်းအစိုင်းတွေ ပါ။ဆိုတဲ့ စကား...။
တကယ်တော့ ကချင်လို့ ဆိုလိုက်တာဟာ ၀ါလုံးရှည်နဲ့ သိမ်းကြုံးလိုက်တာပါဘဲ။
ဘယ်လူမျိုးမှာ မဆို မိဘ၊ဘာသာတရားတို့ ရဲ့ ဆိုဆုံးမမှုအောက်မှာ ယဉ်ကျေး သိမ့်မွေ့ သူရှိသလို
ရိုင်စိုင်းတဲ့ လူမျိုးတွေလည်း ရှိနေမှာပါ။

ဒါဆိုရင် ယဉ်ကျေးမှု၊ယဉ်ကျေးခြင်းဆိုတာ ဘာလဲ ဆိုတာ သိချင်လာပါတယ်.။
လိမ္မာရေးခြား ရှိတာကို ဆိုလိုချင်တာလား။
အပြောအဆို အနေအထိုင် နူးညံ့သိမ့်မွေ့ တာကို ရည်ညွန်းတာလား။
ယဉ်ကျေးတယ် ဆိုတာတော့ ရိုင်းစိုင်းခြင်းရဲ့ ဆန့်ကျင်ဘက်...။
ရိုင်းပြခြင်းဆိုတာ ကြမ်းတမ်းခြင်း၊ခက်ထန်ခြင်း၊မဖွယ်မရာ ရှိခြင်း၊အမြင်အကြားမတော် တစ်ပါးသူကို အနှောက်အယှက် ဖြစ်စေခြင်း ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား။
ဒါဖြင့် ယဉ်ကျေးခြင်းဆိုတာအဲဒါတွေ နဲ့ ဆန့်ကျင်ဘက်ပေါ့။
လူကြီးသူမတွေ အရှေ့မှာ ခါးလေးကိုင်းသွားတာ၊ စကားလေး ပြောတဲ့ အခါ ရှင့်၊ခင်ဗျာ တို့် ထည့်ပြောတာ
လက်နှစ်ဘက်နဲ့ ပေးတာ၊ယူတာ။ လက်အုပ်လေးချီ နုတ်ဆက်ကြိုဆိုတာ။ ဒူးကလေးညွတ်လိုက်တာ။
ဒါတွေဟာ ယဉ်ကျေးမှုလား။
ဒီလိုပါဘဲ ယဉ်ကျေးဖွယ်ရာရှိခြင်းနဲ့ ယဉ်ကျေးမှုဆိုတာကို ရောထွေးယှက်တင်နားလည်နေကြတာလား။
ကိုယ်နုတ်အမူအရာ ယဉ်ကျေးခြင်း ဆိုတဲ့ ဓလေ့စရိုက်၊ အပြုအမူ Behavior Manner မဟုတ်ပါလား။
အဲဒီ အပြုအမူ Behavior Manner ကို ယဉ်ကျေးမှုလို့ သတ်မှတ်လိုက်တဲ့ အခါ ရှုပ်ထွေး သွားမှာပါ။
အဲဒီလို သတ်မှတ်လိုက်တဲ့ အခါ ကိုယ်က ယဉ်ကျေးတယ်လို့ သတ်မှတ်ထားတာတွေနဲ့ မကိုက်ညီတာ မှန်သမျှကို "ရိုင်း" တယ်လို့ သတ်မှတ်လိုက်ကြတော့မှာလား။
ဒါဆိုရင်တော့ ယဉ်ကျေးမှု တန်းဖိုးဖြတ်ချက်တွေ ငြိကုန်တော့မှာပါ။
မှတ်သားဖူးတဲ့ အပြုအမူလေး တစ်ခုက ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို ဆရာ၊ဆရာမတွေ စာသင်ရင် လက်ပိုက်ပြီးနေရတယ်။
ငယ်ငယ် ကဆို ဆရာ၊ဆရာမတွေ က လက်ပိုက်ခိုင်းပါတယ်။
ဒီလိုနဲ့ ဆရာ၊ဆရာမ တွေရှေ့ဆို လက်ပိုက်မှ ယဉ်ကျေးတယ်။လိမ္မာ တယ်ပေါ့။
ဒါပေမယ့် အီတလီမှာတော့ ဆရာ၊ဆရာမတွေ စာသင်ရင် လက်ပိုက်ရင်တော့ ရိုင်းတယ်တဲ့ဗျ။
အဲဒီမှာက ဆရာ၊ဆရာမတွေရှေ့ လက်ပိုက်ရင် ကြိုက်တာမေး ဖြေနိုင်တယ်၊ဆရာကို ယှဉ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်တဲ့ ဗျာ..။ စသည်ဖြင့် သာဓကများစွာ တွေကိုကြည့်ပြီး ငါစွဲတွေနဲ့ ဘယ်သူက ယဉ်ကျေးလို့ ဘယ်သူက ရိုင်းစိုင်းတယ် ဆိုတာ ဆုံးဖြတ်ကြတော့မလား။

ဒါဆိုရင် မတူခြားနားတဲ့  စရိုက်ဓလေ့၊အပြုအမူ တွေကြားမှာ ဘယ်သူကမှန်လို့ ဘယ်သူက မှားလဲ။
ဘယ်သူက ယဉ်ကျေးလို့၊ ဘယ်သူတွေ ရိုင်းနေလဲ ဗျာ။

ယဉ်ကျေးမှုလို့   သုံးလာပြီ ဆိုရင်တော့ ကျွန်တော်တို့ သိရ၊မြင်ရမှာက အသိညဏ်၊အသိတရား၊ညဏ် နဲ့ ပညာ ဆိုတဲ့ စိတ်ဓါတ် ဆိုင်ရာ အခြေအနေဘဲ ဖြစ်ပါတယ်။

ရိုင်းစိုင်းတယ် ဆိုတဲ့ နာခက်စရာပြောဆိုတော့မယ် ဆိုရင်ဖြင့် မိမိရဲ့ အသိညဏ်၊အသိတရား၊ညဏ် နဲ့ပညာ ဆိုတဲ့ စိတ်ဓါတ်ဆိုင်ရာ အခြေအနေကို ပြန်လည် သုံးသပ်ဖို့တော့ လိုမယ်ထင်ပါတယ်။

ဒီလိုနဲ့ အတွေးတွေထဲမှာ လက်ရှိအစိုးရလည်း ရိုင်းစိုင်းတဲ့ အပြုအမှု တွေရှောင်ကြဉ်ပြီး ပိုပြီး ပညာရှိတဲ့ အစိုးရအဖြစ် မြင်ချင်စမ်းပါရဲ့။
လွမ်းမောဖွယ် ကချင်တောင်တန်းကြီးမှာလည်း ပျော်ရွင်တဲ့ မနောအကနဲ့ ယဉ်ကျေးသိမ့်မွေ့ တဲ့ ဓလေ့ မြင်ချင်စမ်းပါရဲ့။
လယ်မြေတွေ သိမ်းခံရတဲ့ အညာဒေသလေးမှာလည်း စိမ်းညှိ့ညှိ လယ်ကွင်းနဲ့ ဘုရားစေတီတို့ ကြည်းနူးဖွယ်
မြင်ချင်စမ်းပါရဲ့။
မတရား သိမ်းခံထားရတဲ့ အိမ်ယာတွေနဲ့ လူတွေရဲ့ဘ၀ မိသားစုဘ၀လေး ပျော်ပျော်ရွင်ရွင် နေထိုင်ကြတာလေးကိုလည်း မြင်ချင်စမ်းပါဘိဗျာ။

ဒီးဒိုး။
၁၂၊၀၅၊၂၀၁၀။































Friday, May 4, 2012

အမေ (သို့) အမေ့ မေတ္တာ ကို ဖော်ဆောင်ပေး ခဲ့သော မိန်းမများ အားလုံးသို့..။



အမေ..နေကောင်းပါရဲ့လား အမေ။
နှစ်တွေ ပြောင်းလာခဲ့ပေမယ့် "အမေ" လို့ တီးတိုးစွာ ရေရွတ်မိတိုင်း အမေ့ရင်ခွင်ထဲ တိုးဝင်မိသလိုလို။
အားအင်တွေ ဘဲ တိုးပွားလာ သလိုလို၊အမေ ဆိုတဲ့ စကားလုံး လေးကို အားကိုးတကြီး ရေရွတ်နေမိတုန်းပါ အမေ။
အမေ့ အကြောင်းရေး ထားတဲ့ ကျော်ကြားတဲ့ စာတွေ၊ခံစားမှု အားကောင်းတဲ့ စာတွေ ဖတ်ပေမယ့်လည်း
ကျွန်တော့်ရင်ထဲ၊စိတ်ထဲမှာတော့ တစ်ခုခုလိုနေတုန်းပါဘဲ အမေ။
ကဲ ဒါဆို လိုတဲ့ တစ်ခုကို မင်းပြောစမ်း ဆိုတော့ ဘာလဲ ဆိုတာ ကျွန်တော်မသိပါဘူး အမေ။
လိုနေသေးတယ် ဆိုတဲ့ ခံစားမှု ရသလေးတရပ်ကိုတော့ ကျွန်တော် သိပါတယ် အမေ။

အမေ့ကို လွမ်းလို့ အမေ့အကြောင်း ရေးစပ် သီကုံးထားတဲ့ သီချင်း နားထောင်တိုင်း အလွမ်းပြေတတ်ပေမယ့် သီချင်းတွေက လည်း လိုအပ်နေတုန်း၊သံစဉ်တွေလည်း လိုအပ်နေတုန်းပါဘဲ။ တခုခုတော့ လိုအပ်နေတုန်းပါဘဲ အမေ။

လိုအပ်ချက်တွေနဲ့ ပြည့်ဝနေတဲ့ အမေ့အကြောင်း ရေးဖွဲ့တဲ့ စာတွေ၊သီချင်းတွေ ကို နားထောင်ဖို့၊ဖတ်ဖို့ ကြိုးစားနေဆဲပါ အမေ။

အမေ...
ဝေးကွာနေတဲ့ အချိန်တွေတိုင်းမှာ တမ်းတနေရ၊နေကောင်းလား တဖွဖွ မေးနေရသေးတယ်။
ကျွန်တော့်လည်း စိတ်မတွေ့တာနဲ့ အမေ ရယ် ဒီလောက်တောင် စိုးရိမ် နေရင်လည်း
အမေ့နားခေါ်ထားလိုက်ပါလား လို့ ပြောတိုင်း...စကားလုံး မထွက်တဲ့ မျက်ဝန်းတွေနဲ့
ကျွန်တော်ကို ကြည့်လို့ အမေ့ မျက်နှာလည်း ပြုံးရွင်လို့...။

ဒီကနေ့ ကျွန်တော် သိလိုက်ရတာ တခုက အမေ က ကျွန်တော်ကို ကမ္ဘာကို ပတ် လှည့်လည်သွားလာနေတဲ့
လူတယောက်ဖြစ်စေချင်သလို၊ တချိန်တည်းမှာဘဲ ခြေထောက်တောင် မပေါက်ဘဲ လူမမယ်လေး တယောက်လို အမေ့ရင်ခွင်ထဲ သိမ်းထားချင် ခဲ့ တာ အမေဘဲ မဟုတ်လား အမေ။

ဟိုးငယ်ငယ် ကတည်းက  အမေ မေးလိုက်တိုင်း သားကြီးလာရင် ဘာလုပ်မှာလဲမေးတော့ ကျွန်တော်က ဖြေတယ် စစ်ဗိုလ်....၊
ဒါပေမယ့် သားဖြစ်ချင်တာကို မငြင်းချင်တဲ့ အမေ ကဒါဆိုလဲ သားရယ် ဆရာဝန် စစ်ဗိုလ်ကြီးလုပ်ပါလားတဲ့။
ဒီလိုနဲ့ ကြီးလာတော့ ဘာတွေကြောင့်လည်း မသိ ဖြစ်ခဲ့တာကတော့ အမေ့ဆန္ဒ မဟုတ်သလို
ကျွန်တော့် ဆန္ဒ လည်း မဟုတ်ပါဘူး လေ။
ဒါကို လည်း အမေက အပြစ်မဆိုခဲ့ ဘူးလေ...။
တကယ်တော့ လူသတ်လက်နက် ကိုင်ချင်တဲ့သားကို လူတွေကို ကယ်တင်နိုင်တဲ့ ဆေးထိုးအပ် ကိုင်တဲ့ သူဖြစ်စေချင်တာ အမေပါဘဲလေ...။


ကျွန်တော် ကျောင်းတက်တဲ့ အရွယ်တုန်းက စာကျက်ပျင်းတိုင်း စာကို ဘယ်လိုကျက်ရတယ် ဆိုပြီး
စာကျက်ကူပြီး ပညာတတ်ကြီး တယောက်ဖြစ်စေချင်ခဲ့ သလို...။
ကျွန်တော်က မျက်နှာကြီးမဲလို့ စာအုပ်ကို မကြည့်ဘဲ တခြားဘက် ကို လှည့်လိုက်တော့ ကဲကဲ သားအတွက် အမေဘဲ စာကျက်ပေးမယ် သားက သေချာနားထောင် ဆိုပြီး စာကျက်ပေးခဲ့ ဖူးတယ်။
ကျွန်တော်က နားပါ လက်နဲ့ ပိတ်လိုက်ပြီ ဆိုရင်တော့ အမေ က သူ့ရင်ခွင်ထဲ ကျွန်တော့် ကိုထည့်ထားလိုက်တော့တာပါဘဲ။
ဒီလိုနဲ့ အမေ့ရင်ခွင်ထဲမှာ မူပိုလို့ အမေ့ကို ခပ်တင်းတင်းလေး ဖက်ထားရတာကို ဘယ်တော့မှ မမေ့နိုင် သလို ဘယ်အရာနဲ့မှ လည်း မလဲလှယ် နိုင်ဘူး အမေ။
ကျွန်တော် ဒီအသက်အရွယ်ရောက်တော့မှ အမေ့သားကို ပညာတတ် တယောက်ဖြစ်စေချင်သော်လည်း
မဖြစ်ခဲ့ ရင် အမေ့ရင်ခွင် ထဲမှာ လုံခြုံမှု ပေးဖို့ ၀န်မလေး သူဟာ အမေဘဲပေါ့။


အချိန်တန် အရွယ်ရောက်တဲ့ အခါကျတော့ လူရာဝင် စေချင်တဲ့ အမေ က ကျောင်းဖွင့်ချိန်ရောက်တိုင်း အမေနဲ့ ဝေးရာဆီ ကို ပို့ပို့ လွတ်လိုက်တာပါဘဲ။
နွေရာသီ ကျောင်းပိတ်ရက်တောင် အိမ်မပြန်ခိုင်းဘဲ စာကို အပတ်တကုတ် ကြိုးစားဖို့ မှာတိုင်း ကျွန်တော့်စိတ်ထဲမှာတော့ အမေက ကျွန်တော့်ကို မချစ်လို့ အဝေးကြီးကို ပို့လိုက်တယ်လို့ဘဲ ထင်မှတ်ခဲ့တယ်။
တခါတလေ  အမေက ကျွန်တော့် အမေ အရင်းမှ ဟုတ်ရဲ့လားလို့ သံသယတွေတောင် ၀င်လာခဲ့တာပေါ့။
ကျွန်တော် က လည်း လိမ္မာပြီ ဆိုပြီး ပိုက်ဆံတွေ လိမ်လိမ်မှာ ပြီးတော့ အိမ်ပြန်...အိမ်ရောက်တော့ အမေ့ရင်ခွင်ထဲ တိုးဝင်ပြီး ကျွန်တော်ကို အမေချစ်တာထက် အမေ့ကို ကျွန်တော် ချစ်တာက ပိုတယ်လို့ပြောတော့ အမေ ကပြုံးပြုံး နဲ့ ကြည့်ပြီး ဟုတ်ပါ့မလား သားရယ်လို့ ပြောတိုင်း...။
ကျွန်တော်က ဟုတ်တာပေါ့ အမေ့ထက် ပိုချစ်လို့ အမေ့ အနားမှာဘဲ နေချင်လို့ အမေ့ဆီကို ဘဲ ပြန်ပြန်လာတာပေါ့..။
အမေ က မချစ်လို့ ကျွန်တော်ကို အဝေးကြီးကို ပို့ပို့လိုက်တာမဟုတ်လား လို့ ဖြေခဲ့ ဘူးတာဘဲ နော်..။ ဒါပေမယ့် အမေ့မျက်ဝန်းထဲမှာတော့ မရင့်ကျက်သေးတဲ့ ကျွန်တော် ကို သနားတဲ့ အကြည့်ကို အဲဒီအချိန်က ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။
ဒါပေမယ့် ခုအချိန်မှာတော့  ပညာအရာ မှာ အမြင့်ဆုံး မရောက်ခဲ့ရတဲ့ ကျွန်တော်အပေါ်မှာ အမေ့ရဲ့ မျှော်လင့်ချက် ကိုကျွန်တော်တွေ့ခဲ့ သိခဲ့ရပြီ အမေ။

အမေသင်ပေးခဲ့တဲ့ အတန်းပညာတွေ ပြီးတော့ ဘ၀တက္ကသိုလ် ထဲ  ကျင်လည်ခဲ့ပြန်ရော
အချိန်ရှိတိုင်း စိတ်မချနိုင် သောက တွေနဲ့ အိပ်ပျက် သားအတွက် ဘုရား ဆုတောင်းပေးခဲ့ရတာ အမေပေါ့။
တောင်းဆိုး ပလုံးဆိုး သာ စွန့်ခဲ့ပေမယ့် ဆိုးလွန်း၊မိုက်လွန်းတဲ့သား ကို မစွန့် လွတ်နိုင်ခဲ့ တာ အမေဘဲပေါ့။
အရှက်တွေဘေးဖယ်၊ အသက်ကိုလည်း ဂရုမစိုက်နိုင် သား သတင်းကြားတိုင်း သားရှိရာအရောက်လာ ဖြေရှင်းခဲ့တာလည်း အမေ ဘဲ လေ..။
 
တကယ်တော့ အမေဟာ ကျွန်တော့်ကို အားတခု၊ဓါးတလက် ဖြစ်စေချင် အားကိုးချင်သလို တချိန်တည်းမှာဘဲ ကျွန်တော့်ကို အားတခု မဟုတ် ဓါးတလက်မဟုတ်တဲ့
ဘာမှမသိတဲ့ ကလေး လေးလို နေစေချင်တာပေါ့...။

ဒါက အမှန်ပါဘဲလေ အမြဲတမ်း ကျွန်တော့်ကို အလုပ်ကြိုးစားဖို့၊အလုပ်ကို လေးစားဖို့ တတွတ်တွတ်မှာတတ်နေပေမယ့် ကျွန်တော်က အမေရယ် ပင်ပန်းတယ် လို့ ပြောမိတိုင်း
ဒါဆိုလည်း အမေ့ဆီ ပြန်လာခဲ့လေ လို့ ချက်ခြင်း အဖြေပေး နိုင်တာ ကျွန်တော်အမေ ပေါ့။

နှစ်တွေပြောင်းလဲ ခဲ့လို့ သီးချိန်တန် ပွင့်ချိန်တန်တာ တောင် အိမ်ထောင်ရေး မနိုင်မနင်းမှာ စိုးရိမ် စိတ်တွေနဲ့
အမေ့ ဘေးမှာ တသက်လုံးရှိနေပေး မှာ အမေ့ သားကြီး ဘဲ ဆိုပြီး အိမ်ထောင်မပြုဖို့ ဆိုနေ ပြောနေတတ်ပေမယ့်၊ တခါတလေ လည်း အမေမရှိတော့တဲ့နောက် တယောက်တည်း ကျန်ရစ်ခဲ့မယ့် ကျွန်တော်တွက် ချွေးမ ဘဲ ရွေးရတော့မလိုလို နဲ့ စိုးရိမ်စိတ်တွေ ပူပန်ပေးနေတတ်ပြန်တယ်။

အမေ ဆိုတာ အစွန်းနှစ်ခု မှာ သူ့ သားသမီး တွေကို တွဲလွဲခို လျောက်လမ်းစေချင်ပေမယ့် စိတ်ချခြင်းတွေရော မချခြင်းတွေပါ ယှက်နွယ်လျက် သားသမီးတွေ ဖြစ်လိုရာသာ လိုက်လျောရသူပါဘဲ။


အမေ...
စင်္ကာပူမှာ မိုးတွေချုန်းရင် တအားကို ထိတ်လန့်စရာကောင်းတယ်...မြေပြင်နဲ့ တအားနီးနေသလိုဘဲ။
ဟိုအရင်တုန်းက မိုးတွေတအားရွာတော့ အမေ့ရင်ခွင်ထဲမှာနေ၊အမေက ခေါင်းလေးကိုပွတ်လို့ မိုးရွာတာကို
သားအမိ နှစ်ယောက် ထိုင်ကြည့်ဖူးတာဘဲလေ..။
အဲလို မိုးရွာတဲ့ နေ့မှာ ဘဲ အမေ့ရင်ခွင်ထဲကနေပြီး ထူးဆန်းတဲ့ အမေ့ မေတ္တာအကြောင်းတွေ သားမေးတော့...။
သားရယ် အထူးဆန်းလုပ်လို့ အမေ့မေတ္တာဆိုတာ တကယ်တော့ သိပ်မဆန်းပါဘူး တဲ့။
ဟောဒီ အမေ့သားလေး ရှိလို့သာ ဟောဒီအမေ နဲ့ အမေ့ မေတ္တာဆိုတာဖြစ်လာ ရတာပေါ့တဲ့လေ..။
အမေ့သား သာမရှိရင် တော့ အမေလည်း အမေဆိုတာဖြစ်လာမှာ မဟုတ် အမေ့ မေတ္တာဆိုတာလည်း အမေ့မှာ ရှိမှာမဟုတ်ဘူးတဲ့။
အဲဒီအချိန်တုန်းကတော့ သား စိတ်ထဲ ပျော်ရွင်မှုတွေ အထွေးကြီး ထွေးပိုပ်လို့ အမေ့ကို ခပ်တင်းတင်းလေး ဖက်ထားမိခဲ့တာပါဘဲ..။
အမေ..ရေ အမေ့ရဲ့ အဝေးမှာ ခိုနားစရာ ရင်ခွင်မဲ့တဲ့ သား မိုးချုန်းသံတွေက ပိုကျယ်လောင်သလို အမေ့ရင်ခွင် ဘယ်ဆီဆိုတာ တမ်းတလို့ လွမ်းဆွတ်တာပေါ့ အမေ။

ကမ္ဘာပေါ်မှာတော့ အမေ့အရိပ်ဟာ အငြိမ်းချမ်းဆုံးလို့ဘဲ ဆိုချင်ပါတယ်...။
ဒီလိုပါဘဲ လောကကြီးထဲမှာ သားတွေ အတွက် သတ္တိအရှိဆုံး ဟာလည်း အမေဘဲပေါ့..။
တကယ်လိုအပ်လာတဲ့ အချိန်မှာ သားအတွက်ဆို အဖေ တွေတောင် မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေမှာ
အမေဟာ ဖြစ်အောင်လုပ်ပြနိုင်ကြတဲ့ သာဓကတွေ အများကြီးရှိပါတယ်။
 လောကရဲ့ မုန်တိုင်း ကိုကြံ့ကြံ့ခံ မြက်ပင်လေးလို ပေါ့..။လေယူရာကို ယိမ်းနွဲ့  နေရပေမယ့်
အချိန်တန် မုန်တိုင်းဆဲ ချိန်မှာတော့ မတ်မတ်ထောင်လို့ လောက ကိုပြန်ရင်ဆိုင်နေရပြန်တယ်။
တခါတလေတော့ အမေဟာ ပျော့ညံ့တယ်လို့ ထင်နေရပေမယ့်..သူရင်ဆိုင်ဖြေရှင်းနေတဲ့ အရာအားလုံးကို
ကျိုးကျေပျက်စီး မသွားစေဘဲ အကောင်းဆုံး အခြေအနေမှာ ရှိနေစေချင်တာ အမေ့ဆန္ဒလေးပေါ့။

ဒီလိုနဲ့ ဆက်စပ်တွေးကြည့်မိတာလေး တခု တော့
ပျော့ပြောင်းညင်သာတဲ့ အမေတွေ
နူးညံ့ သိမ့်မွေ့ခြင်းတွေ ပြသနေတဲ့ အမေတွေ၊
ကိုယ်ချင်းစာတရားတွေ သွန်သင်နေတဲ့ အမေတွေ၊
နားလည် နိုင်မှုတွေ ဖြစ်ထွန်းစေတဲ့ အမေတွေ၊
သီးငြီးခံ နိုင်မှုတွေ လမ်းပြနေတဲ့ အမေတွေ၊
ဒီလို အမေတွေ သာ မရှိတော့ဘူး ဆိုရင်.................ကျွန်တော် ဆက်မတွေးရဲတော့ပါ..။

၁၁၊၀၅၊၂၀၁၂ မှာ ကျရောက်တဲ့ အမေများနေ့ ကို ဂုဏ်ပြုလျက်.......။
ထို့ထက်မက အမေ မဟုတ်သော်လည်း အမေ့ မေတ္တာ ကို ဖော်ဆောင်ပြသနိုင်သော သူ အားလုံးကို
လေးစားဂုဏ်ပြုလျက်...။

ဒီးဒိုး။
၁၁၊၀၅၊၂၀၁၂။