Tuesday, June 29, 2010

ညီလေး (၂)

ညီလေး ခိုင်ပီး ရေ.
သန့်ရှင်း သပ်ရပ် ဆိုတဲ့ စကားကြားဖူးမှာပေါ့။ သန့်ရှင်းတယ်ဆိုတာ မိမိ ကိုယ်ကို ဆိုကြပါစို့ မိမိ တကိုယ်လုံး ချေးညှော် ကင်းစင်တာ၊ အခန်းမှာ ဆိုရင်လဲ အမှိုက်သရိုက်တွေ ကင်းတာ၊ အစွန်းအထင်းတွေ မရှိတာ ကို ဆိုလိုဟန်တူပါရဲ့။ သပ်ရပ်တာကတော့ အစွန်းအနားတွေ ညီညာ ရှိနေတာ၊ရှုပ်ပွမနေတာ၊သူ့နေရာ နှင့် သူရှိနေတာ ကို ဆိုတယ်။

ညီလေး ကခု ဆို အဖွဲ့အစည်း တခုထဲ ရောက်လာပြီး အဆင့်မြင့် ပညာတွေ လေ့လာနေပြီ ဆိုတော့ အဖွဲ့အစည်း နဲ့ နေတဲ့ နေရာမှာ သန့်ရှင်း သပ်ရပ်မှုဟာ အရေးကြီးကြောင်း ပြောပြချင်တယ်။ ညီလေး ပညာလေ့လာ နေတဲ့ချိန်မှာ အပြင်စာတွေ မဖတ်နိုင်မှာ စိုးတာတကြောင်း၊ တောင်ပေါ်ဒေသနဲ့ ရွှေမြို့ တော် လူနေမှု စရိုက် ကွာခြားမှု ကြားမှာ ညီလေး အထင်အမြင် လွဲမှား မှာ စိုးတာတကြောင်း စာရေးလိုက်တာ။
အကို ကိုယ်တိုင်ကတော့ သပ်သပ်ရပ်ရပ် မနေတတ်ပေမယ့် သန့်သန့် ရှင်းနေတတ်တယ်။ ဒါတွေကလည်း အမေ ပေးတဲ့ အကျင့်တွေ ပေါ့။

သန့်ရှင်းသပ်ရပ် တယ်ဆိုတာ ကိုယ်ဘ၀ရဲ့ အလုပ်တနေရာအတွက် အဆုံးအဖြတ် ပေးနိုင်တယ်။ အဲဒီ အတွက် အကို ရဲ့အတွေ့ အကြုံ ပြောပြမယ်။

အကို AOBA မှာ အလုပ်လုပ်တုန်းကပေါ့။ ကိုယ် ရဲ့ GM (အထွေထွေ မန်နေဂျာ) က အင်တာဗျူးလုပ်မယ် စီစဉ်ထားပါလို့ အကို ကို ပြောတယ်။ အကိုလည်း တတ်သလောက်၊မှတ်သလောက် လုပ်ထားတာပေါ့။ မှတ်မှတ်ရရ အဲဒီနေ့ က မိန်းကလေး အင်ဂျင်နီယာ နှစ်ယောက်တည်း လာ ဗျူးတာ။ ခေါ်တာကလည်း GM ကို ကူလုပ်ဖို့ မိန်းကလေး ကို ခေါ်တာလေ။ ဒါနဲ့ GM ကို အကိုကCV လှမ်းပေးလိုက်တယ်။ သူဖတ်ကြည့် ပြီး ကိုယ်ဖက်လှည့် ကာ CVလှမ်းပေးရင် လူကို ခေါ်ခိုင်းတယ်။ အဲဒီ မိန်းကလေး နဲ့ GM နဲ့ တရုတ်လို ပြောကြတယ်။ ကိုယ်လဲ နားမလည်ဘူး။ ပြီးတော့ ဘာမပြော ညာမပြောဘဲ အကိုဖက်လှည့်ပြီး A4 စာရွက်အလွတ် သွားယူခိုင်းတယ်။သွားယူပြီး ပေးလိုက်တော့ GM က ရှေ့က အင်တာဗျူးဝင်တဲ့ မိန်းကလေး ကို ပေးလိုက်တယ်။ဘောပင်ကောပေးတယ်။ ပြီးတော့ သူ့မှာ ပါလာတဲ့ စာရွက်(အင်တာဗျူးဖို့ ပြင်ဆင်လာဟန်ရှိသော စာရွက်) ကို ပေးလိုက်ပြီး စာရွက်အလွတ်မှာ ကူးထည့်ခိုင်းတယ်။ GM ကဒီအတိုင်း ကြည့်နေတယ်။ စာမျက်နှာ တ၀က်လောက်လဲ ရောက်ရော GM က ရပါပြီ ကျေးဇူးပါ လို့ ပြောပြီး နောက် အပတ်အကြောင်းကြားလိုက်ပါ့မယ် လို့ မှာလိုက်တယ်။
နောက်တယောက်ကို ထပ်ခေါ်တယ်။ အရင်အတိုင်းဘဲ CV ဖတ်ပြီး အကို့ ကို စားပွဲသုတ်ဖို့ အ၀တ် သွားယူခိုင်းတယ်။ အကို လည်း ယူလာပြီးပေးတော့ GM က သူ့ကို ပေးလိုက်ပါ တဲ့ ပြီးမှ GM က စားပွဲ
သုတ်ခိုင်းတယ်။ အကို လည်း ဟာ ငါတော့ သွားပြီ စားပွဲမသုတ်မိဘူးပေါ့။ ခုတော့ ဟိုတယောက် ကိုသုတ်ခိုင်း
နေပြီ ဒုက္ခ ဘဲ လို့ စိတ်ထဲက ငြီးရင်း ကိုယ်တိုင် သုတ်ဖို့ပြင်လိုက်တယ်။ ဒါနဲ့ GM က သူ့ကို ပေးလိုက်ပါ တဲ့။ ဆက်ပြီး သူ့ကို ဘဲ ကျေးဇူးပြုပြီး စားပွဲ သုတ်လိုက်ပါ လို့ ပြောလိုက်တယ်။ GM က ရုတ်တရက် ခိုင်းတာကြောင့် သူလည်း အ၀တ် ကို လှမ်းယူ သုတ်တယ်။ နောက်ပြီး နည်းနည် စိုးရိမ် စိတ်ရှိနေပုံရတယ်။
သူကတော့ သုတ်လိုက်တာဘဲ ဒါပေမယ့် နဂိုက ဖုန်ပါးပါးလေး ကပ်နေတဲ့ စားပွဲ ဟာ သူသုတ်လိုက်မှ ကွက်တိကွက်ကြားလေး ဖြစ်သွားတယ်။ အဲလိုဖြစ်တာ ကို သူနားက ကြည့်ရင်တော့ မမြင်ရဘူး။ GM နားက ကြည့်ရင် အလင်းကြောင့် မြင်ရတယ်။ သူသုတ်နေတုန်းမှာ ဘဲ GMက ရပါပြီ တဲ့ ကျေးဇူးပါဘဲ လို့ ပြောပြီး CV
ကို ပြန်ဖတ်နေတယ်။ ပြီးတော့ စကားနည်းနည်း ပြောပြီး။ ကျေးဇူးတင်ပါတယ် နောက်အပတ် အကြောင်းကြားပါ့ မယ်လို့ ပြောပြီး တော့ အင်တာဗျူးလည်း ပြီးသွားတာပေါ့။
နောက် နှစ်ရက် သုံးရက်လောက် ကြာတော့ အကို ဆီကို email ၀င်လာတယ်။ အင်တာဗျူး တဲ့
နှစ်ယောက်ဆီကပေါ့။သူတို့ ရဲ့အဖြေကို သိချင်တာပေါ့။ အကိုလည်း GM ဆီကို အကျိုးအကြောင်း ပြောပြတော့ GM က နှစ်ယောက် စလုံး ကို sorry ပါတဲ့။ သဘောက မခန့်ဘူးပေါ့။ အကို လည်း မခန့် ကြောင်း
email ပြန်ဖို့ ပြန်လှည့် အထွက်မှာတော့ အကို ကို ခဏ နေအုန်း လို့ ပြောတယ်။ သူ့အလုပ်ကို လည်း လက်စ သတ်လိုက်ပြီး အကို့ ကို မေးတယ်။ တို့ရဲ့ အင်ဂျင်နီယာရင်း အလုပ်မှာ ဒသမ ရဲ့နောက်က ဂဏန်း တစ်လုံး လွဲချော်မှု ဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ မင်းသိတယ်မဟုတ်လား လို့မေးတယ်။ အကို လဲ ဟုတ်ကဲ့ ပေါ့။ ပြီးမှ ဒီမှာ ကြည့် ဆိုပြီးဘာ မှားနေလဲ လို့ မေးတယ်။ ဟိုနေ့ က အင်တာဗျူး က မိန်းမလေး ကူးရေးသွား တဲ့ ဂဏန်းတွေပေါ့။ အကို လည်း ကိုင်ပြီးတော့ ကို သေသေချာချာ ကြည့်တာဘဲ မှားတာ တစ်ခုမှမတွေ့ပါဘူး။ GMကဘာမှားနေလဲလို့ ထပ်မေးတယ်။ အကိုကလည်း မမှားပါဘူး မှန်ပါတယ် လို့ ဖြေတယ်။
ဒါနဲ့ဘဲ GM က ခေါင်းနည်းနည်းခါပြီး ဘောပင်နဲ့ ၀ိုင်းပြတယ်။မတွေ့သေးဘူး။ ပြီးတော့မှ ဘောပင် နဲ့ အပေါ် အအောက် ဂဏန်းတွေကို မျဉ်းဆွဲ ပြတော့မှ တွေ့တော့တာပါဘဲ။ ဂဏန်းတွေ က ခုနေရာ ဆယ်နေရာ လေးတွေ လွဲချော်နေတာ။ အကို လဲ ဟုတ်ကဲ့ သိပါပြီး လို့ ဖြေရင်း ရှက်မိတယ်။ အကို ရေးတဲ့ ဂဏန်းတွေ လဲ
ညီလေ့ညီထ မရှိဘူး။ တစ်တန်း၊နှစ်တန်း လောက်တုန်းကတော့ ခုနေရာခု၊ ဆယ်နေရာဆယ် ညီ မလား ဘဲလို စိတ်ထဲမှာ တွေးရင်းရှက်မိတယ်။ ဆက်ပြီး GM က ဒီလို အသေးအဖွဲ့ လွဲချော်မှုရှိနေတဲ့ သူကို ငါ့နား မှာ ဘယ်လို စိတ်ချမှုတွေနဲ့ ခေါ်ပြီး အလုပ်ပေးထားရမလဲ တဲ့။ ညီလေးဘဲ စဉ်းစားကြည့်တော့။အကို လဲရှက်တယ်။ သူနားမှာ အကို လုပ်တာကြာပြီလေ။ အကို လဲ မရေးတတ်ဘူး။ မဟုတ်ဘူး မရေးတတ်တာ မဟုတ်ဘူး။ ရေးရင် အပေါ်အောက် မညီတာ။
ဆက်ပြီးတော့ နောက်တယောက် အကြောင်းဆက်ပြောတယ်။ မင်းတွေ့ တဲ့ အတိုင်းဘဲလေ။ ငါ့ရဲ့ ဖုန်ပါးပါးလေး ပေနေတဲ့ စားပွဲ သူသုတ်လိုက်မှ ကွက်တိ ကွက်ကြားဖြစ်သွားတယ်။ ငါ့ရဲ့ စားပွဲ ကို ငါကိုယ်တိုင်
ရှင်းလင်း သုတ်သင်တယ်။ ငါတို့ ရဲ့ အလုပ်မှာ HIGH LEVEL MANAGEMENT ကလွဲရင် ကိုယ့်ရဲ့ အလုပ်နေရာ (WORKING SPACE) ကို ကိုယ်ကိုတိုင် သန့်ရှင်းရေး လုပ်ရတာ မင်းလဲ အသိဘဲ။ ကိုယ် လဲ
မျက်နှာ ဇီးရွက်လောက် ကလေး နဲ့ ဟုတ်ကဲ့ ဘဲ ဖြေနေရတာပေါ့။ ဒီတယောက် ကတော့ ဘွဲ့ရပေမယ့် သန့်ရှင်းရေး မလုပ်တတ်သေးဘူး တဲ့။ အကို အထင်တော့ အောက်သက်မကျေဘူး လို့ ဆိုချင်တာ တူပါရဲ့။
နောက်ပြီး အကို့ ကို လဲ မေးတယ်။ မင်းကို ကော ငါ့ နား ဘာလို့ ခေါ်ထားတာလဲ သိချင်လား တဲ့။ ဟုတ်ကဲ့ က လွဲပြီး တခြားဖြေစရာ အကို့မှာ မရှိခဲ့ဘူးလေ။ မှတ်ထား ”မင်းက ထိုင်မနေတတ် လို့ ငါ့နား မှာ ခေါ်ထားတာ” တဲ့။ သူပြောတဲ့ အဲဒီ စကား ကို အကို ဒီနေ့ ထိ နားမလည် သေးဘူး။
ဒီတော့ ညီလေးရေ သန့်သန့် ရှင်းရှင်း သပ်သပ်ရပ်နေတာ လုပ်တာ ကိုင်တာ ဘယ်လောက် အရေးကြီး လဲဆို သိမယ်လို့ ယုံကြည်ပါတယ်။ သူက အလုပ်မပေးချင်လို့ အသေးအဖွဲ့ ကို အပြစ်ရှာပြီး ပြောသည်ဖြစ်စေ၊ သူတကယ် သန့်ရင်း သပ်ရပ် သူကို လိုချင် လို့ အဲဒီ နှစ်ယောက်ကို အလုပ်မပေး သည် ဖြစ်စေ သန့်ရှင်း သပ်ရပ်မှုကတော့ အမှန်ကို လိုအပ်တယ်။
နောက်တခုပြောချင်တာ ကတော့ အကို အတွေ့အကြုံ အရ ဘယ်အလုပ်ကိုဘဲ စ၀င်စ၀င် စလုပ်ရမယ့်
အလုပ်ဟာ ကိုယ့်ရဲ့ အလုပ်နေရာ သန့်ရှင်းရေးဘဲ။ ငါကတော့ ဘွဲ့ရကြီး မို့လို့ သန့်ရှင်းရေး မလုပ်နိုင်ဘူး ဆိုတာ
နည်းနည်းတော့ မှားနေတယ် လို့ ယူဆတယ်။ ”ပညာ မာန ဆိုတာ ပညာ ရှာ စဉ်ကာလ မှာဘဲ ထားရမယ်” လို့ ဖတ်ဖူး မှတ်ဖူးပါတယ်။ ဘယ်လို ထားရမလဲ ဆိုတော့ ဥပမာ..အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာတဲ့
သူဆိုရင် ငါဟာ အင်ဂျင်နီယာ ကြီးဖြစ်လာမယ့်သူဆိုပြီးတော့ ပညာ မာန နဲ့ မသိတာ၊မတတ်တာ မရှိရလေအောင် ပညာမာန ထားပြီးလေ့လာရမယ် လို့ မှတ်သားထားခဲ့ ဖူးတယ်။လုပ်ငန်းခွင်ထဲ ၀င်ရောက်လာပြီဆိုရင်ဖြင့် ပညာမာန မရှိတော့ ဘဲ သိခဲ့၊တတ်ခဲ့ တာတွေ ကို အသေးအဖွဲ ကစလို့ အကောင်အထည် ဖော်ရမယ်လို့ စိတ်ထဲ မှတ်ထားရမယ် တဲ့။
ပုံပြင်လား၊ပညာပေးလား၊ ဟာသလား မသိပါဘူး စာလေး ကောင်းတော့ စိတ်ထဲ မှတ်ထားမိတာ
တခု ပြောပြချင်တယ်။
တခါ က အလုပ်ရှင်တယောက်က ဘွဲ့ရတယောက်ကို အလုပ်ခန့်တယ်။ ကိုယ့် အထင်တော့ ကျောင်းဆင်းခါ စ နဲ့ တူပါရဲ့။ ကျောင်းဆင်း ခါစဆိုတော့ ဘယ်က စလုပ်ရမှန်းမသိဘူးနေမှာပေါ့။ ကိုယ်တော်ချော က အလုပ်ထဲမှာ ဟိုကြည့် ဒီကြည့် လျောက်ကြည့်ပြီး လေ့လာနေတာနေမှာပေါ့။ ဒါကို အလုပ်ရှင်က ခေါ်လိုက်ပြီး
”ဒီနေရာ က မင်းအလုပ် လုပ်ရမယ့် နေရာ သန့်ရှင်းရေးလုပ်လိုက်ကွာ” လို့ ပြောတယ်တဲ့။
ဒီတော့ ဘွဲ့ရ ကိုယ်တော်ချော ကလည်း ချက်ချင်းဆိုသလို
”ကျွန်တော် က ဘွဲ့ရ တယောက်ပါ” လို့ ပြန်ပြော တာပေါ့ ပညာမာန နဲ့ နေမှာပေါ့ကွာ။
ဒါနဲ့ အလုပ်ရှင်က
”သြော် မင်းက ဘွဲ့ရလား ဒါဆိုရင် တံမျက်စည်း သွားယူခဲ့ ကွာ သန့်ရှင်းရေး ဘယ်လို လုပ်ရမယ်ဆိုတာ ငါမင်းကို သင်ပေးမယ်” လို့ ပြောပြီး တံမျက်စည်း သွားယူခိုင်းသတဲ့။
ပုံပြင်လေးက ဒါလေးဘဲ ညီလေး ဘဲ စဉ်းစားကြည့် သူသာ မိမိအလုပ်လုပ်ရမယ့် နေရာ ကို အလုပ်ရှင်ခိုင်း တုန်း လုပ်လိုက်မယ်ဆိုရင် ဘွဲ့ ရ တယောက် သန့်ရှင်းရေး ကောင်းကောင်းလုပ်တတ် တယ်ဆိုပြီး ဂုဏ်ရှိအုန်းမယ်။ ခုတော့ ”ကျွန်တော် ဘွဲ့ ရတယောက်ပါ လို့ ” မာနလေး ထုတ်ပြလိုက်တာနဲ့
ဘွဲ့ရ တယောက် တံမျက်စည်း လှည်း နည်း တောင်ပြန်သင်ယူရမယ့် အခြေအနေ ကို ရောက်ပါလေရော။
ဒီတော့ ညီလေးရေ ပညာမာန ကို ပညာသင်ချိန်မှာ အမြင့်ဆုံးထားပြီး မသိလိုက်ရ၊မတတ်လိုက်ရ မရှိရ
လေအောင် မိမိနဲ့ ဆိုင်တဲ့ ဘာသာရပ်ကို လေ့လာပါ။ လုပ်ငန်းခွင်ဝင်လာပြီ ဆိုရင်လည်း သိခဲ့ သမျှ၊တတ်ခဲ့သမျှ ကို မလုပ်လိုက်ရ မရှိရလေအောင် လုပ်မယ်ဆိုတာ စိတ်ထဲမှာ မှတ်ထားပေါ့။
သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်၊ထိုင်တတ်၊လုပ်ကိုင်တတ်အောင် အကျင့် လုပ်ထားပေါ့ကွာ။ စကားမစပ် ကွာ အကို့ ရဲ့ GM နာမည် က တန်ဂျေထွန် တဲ့ ကွ ထိုင်ဝမ် လူမျိုး၊US ကနေ
ဘွဲ့တွေ ယူထားတဲ့သူပေါ့။ အကို တို့ကတော့ ကွယ်ရာမှာ ၁၀၀% လို့ သူ့ကို ခေါ်တယ်။ သူက အမြဲ ၁၀၀% ကို ပါးစပ်ကမချဘူး။စက်တွေ ရဲ့ ထွက်နူန်း ၉၀% ရဲ့ အောက်ကို ရောက်ရင် အမြဲ reason တောင်းလေ့ ရှိသလို၊ reason ကို နှစ်ခုထက် မနည်းပေးရ တယ်။ ဒါလောက်ဘဲကွာ နောက်မှ ဆက်တာပေါ့။


အကိုကြီး

ဒီးဒိုး။
၂၉၊၀၆၊၂၀၁၀။

Sunday, June 27, 2010

ညီလေး

ဘ၀တစ်ခု ခရီးတစ်ခုကို လျှောက်ဖို့ ခုဆို ညီလေး အရင်ကထက် ပိုမိုကျယ်ဝန်းတဲ့ နေရာဒေသ သစ်ဆီရောက်နေပြီ ဆိုတော့ အဖေမရှိတော့ တဲ့ တို့ ညီအစ်ကို နှစ်ယောက်တွက် အဖေ့ကိုယ်စား မှာချင်တာရှိလို့ စာရေးလိုက်တယ်။
ညီလေး နဲ့ အကို တအမေထဲ မွေးတယ် ဆိုပေမယ့် တို့လျှောက်တဲ့ လမ်းတွေ က ကွဲပြားခြားနားတယ်။ ဘယ်လို ဘယ်လမ်းတွေ အမျိုးမျိုးကို လျှောက်လှမ်းကြရပေမယ့် လောက လူ့ဘောင်မှာ နေတယ်ဆိုရင်ဖြင့် လိုက်နာရမယ့် စည်းကမ်းတွေ ကတော့ အားလုံးတူတူ ဘဲညီလေးရေ။

စည်းကမ်း.....စည်းကမ်း ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြတယ် မသိပါဘူး။ ဒါပေမယ့် အကို အတွက်တော့ စည်းကမ်း ဆိုတာ မိမိ ကိုယ် မိမိ တာဝန်ယူခြင်းလို့ဘဲ သတ်မှတ်တယ်။ အစ်ကို အတွက်တော့ အမှန်ပါဘဲ ညီလေးရေ ဘယ်အရာကို လုပ်သည် ဖြစ်စေ မိမိပြုမူ လုပ်ဆောင် လိုက်တဲ့ အရာ အားလုံးအတွက် မိမိမှာ တာဝန်ရှိတယ်။ လုပ်လိုက်တဲ့ အပြုအမူ၊အလုပ်အကိုင် အတွက် တာဝန်ယူမှုရှိရမယ်။ ဒါမှ စည်းကမ်းရှိတယ်လို့ ခေါ်တယ်။
ဥပမာ...ရေတခွက် ယူသောက်တယ် ဆိုရင် ရေကို မဖိတ်မစင်အောင် သောက်ရမှာ ညီလေးရဲ့တာဝန်။
သောက်ပြီး ရေခွက်ကို သူ့နေရာသူ ပြန်ထားရမှာ ညီလေး တာဝန်ဖြစ်တယ်။ ညီလေး ပြုမူလုပ်ဆောင် နေသမျှ အားလုံး ကို ညီလေး တာဝန်ယူုရမယ်။ ဒါမှ စည်းကမ်းရှိတယ်လို့ ခေါ်တယ်။ ညီလေး ရေသောက်ချိန်မှာ ရေဟာ ဖိတ်စင်ခဲ့မယ် ဒါမှ မဟုတ် မှောက်ကျခဲ့မယ်ဆိုရင် လည်း ညီလေး တာဝန်ယူပြီး သန့်ရှင်းရမယ်။ ရေသောက်ပြီး ရေခွက်ကိုလဲ ယူခဲ့တဲ့ နေရာ မှာ ပြန်ထားရမယ်။ ဒါဟာ မိမိကို မိမိ တာဝန်ယူခြင်း ဖြစ်သလို စည်းကမ်း ရှိတယ် လို့ မည်တယ်။ ဒါကြောင့် လည်း အကို က စည်းကမ်းကို မိမိကိုယ် မိမိ တာဝန်ယူ မှုလို့ သတ်မှတ်တာ မမှားဘူးလို့ ထင်ပါတယ်။ ဒါတွေ ပြဋ္ဌာန်းသတ်မှတ်ထားတာ မဟုတ်ပေမယ့် လူအများနဲ့ ဆက်ဆံ သွားလာတဲ့ နေရာမှာ မိမိ ကိုယ်ကို တာဝန်ယူ၊ စည်းကမ်း ရှိမှဖြစ်မယ်။တခြား ဟာတွေလဲ အတူတူ ဘဲ ညီလေး သေချာ စဉ်းစားပြီး ကျင့်ကြံ လုပ်ဆောင်ပါ။

အကျင့်.....အကျင့်တဲ့ ညီလေး ရေ
အကျင့်ဆိုတာ ထပ်ခါ တလဲလဲ ပြုလုပ်နေခြင်း ကနေ အကျင့်ဆိုတာ ဖြစ်လာတယ် လို့ ယူဆပါတယ်။
တခါတလေလည်း စရင်း နောက်ရင်း ကနေ အကျင့်ပါ သွားပြီး ဖျက်မရတာ မျိုး ဖြစ်တတ်တယ်။ ဒီတော့ ချစ်စရာ ကောင်းတဲ့ အကျင့် လေးတွေကို နေရင်းထိုင်ရင်း နဲ့ ဖျက်တည်မရတဲ့ အကျင့်လိုဖြစ်အောင် လုပ်ပါ။
ဟိုအရင် မူဆယ်မှာ အစ်ကို ကားမောင်းတုန်း က အစ်ကို ကို သူဋ္ဌေး က ကားမထွက်ခင် ဆီ၊ရေ၊လေ စစ်ဖို့ မှာ ပြီး တော့ ပြောသေးတယ်
”ကိုယ်လုပ်စားနေတဲ့ အလုပ်မှာ အသေးအဖွဲ့ ကစလို့ ဂရုစိုက်ပြီး အကျင့် အောင်လုပ်ပါတဲ့”
ဒီတော့ အစ်ကို လည်း လုပ်တာပေါ့ကွာ။ အစ်ကိုလဲ ကားထွက်တိုင်း စစ်ရင်းစစ်ရင်း နဲ့ အကျင့်ပါနေတော့တာဘဲ။ဒီနိုင်ငံ ရောက်လာတဲ့ ထိ ကားထွက်ခါ နီးတိုင်း စစ်စရာ မလိုတဲ့ ကားကို စစ်ဖို့ လုပ်လုပ် နေတော့ တာပါဘဲ။ သူငယ်ချင်း တွေ သတိပေးမှ မနဲ အကျင့်ကို ဖျောက်ယူရတယ်။
တို့ ငယ်ငယ် ကတည်းက ကျောင်းတက်တိုင်းဆိုလာ တဲ့ နိုင်ငံတော် သီချင်း ဒီနေ့ ထိ တို့တွေ အလွတ်ရ ဆိုနေနိုင်တာ ဟာ တို့တွေ အမြဲတမ်း ဆိုခဲ့လို့ ဘဲပေါ့။ အမြဲတမ်း မဆိုခဲ့တာတွေ မလုပ်ခဲ့လို့ တို့တွေ မေ့ပျောက်သွားခဲ့ တာလဲ ရှိတာဘဲ ညီလေး သတိထားမိမှာပေါ့။

ဒီတော့ စည်းကမ်းကို လဲ အသေးအဖွဲကစလို့ လုပ်ရင်း လုပ်ရင်းနဲ့ အကျင့်ပါအောင် လုပ်ထားရမှာပေါ့။ ဒီလိုဘဲ ညီလေးရေ သတ်မှတ်မထားပေမယ့် လိုက်နာ ရမယ့် စည်းကမ်း၊ ကျင့်ကြံရ မှာတွေက များလှပေါ့။

ဒီလိုဘဲ လူ့အဖွဲ့ အစည်းထဲ ၀င်လာရင်ဖြင့် စည်းကမ်းတွေ ဟာ အလွန်အရေး ကြီးလာတယ်။ အဲဒါတွေ ကတော့ သတ်မှတ်ထား တဲ့ စည်းကမ်းတွေ ဘဲ။ ကျောင်းမှာ ဆိုရင်ဖြင့် ကျောင်းစည်းကမ်း၊ဆေးရုံ ဆို ဆေးရုံ စည်းကမ်း၊ နိုင်ငံ တိုင်းမှာ လည်း သူ့ နိုင်ငံ နဲ့ သူ စည်းကမ်းတွေ သတ်မှတ်ထားပြီး သားရှိတယ်။ သတ်မှတ် ထားတဲ့ စည်းကမ်းကျတော့ ဖောက်ဖျက်သူကို စည်းကမ်း ကြီးငယ်လိုက်ပြီး အပြစ် ကြီးငယ် ပေးခံရမယ်။ စည်းကမ်း ဆိုတာ လိုက်နာဖို့ ဘဲ ဖြစ်တယ်။ဖောက်ဖျက်ဖို့ မဟုတ်ဘူး။ အရင် အကိုပြောတဲ့ တာဝန်ယူမှုကျတော့ စည်းကမ်း ဘဲ ဒါပေမယ့် သတ်မှတ်မထားတဲ့ အတွက် အပြစ်ပေးတော့ မခံရ ဘူးပေါ့။ ဒါပေမယ့် လူတွေ ရဲ့ မျက်လုံးတွေ ကတော့ မင်းဆီက ဘယ်ခွာ လိမ့်မလဲ။ မင်းနေထိုင်တဲ့ အဖွဲ့ အစည်းမှာ မှာတော့ စည်းကမ်းမရှိတဲ့ သူအဖြစ် ဘယ်နေရာရောက်ရောက် မျက်နှာငယ်ရတော့မှာ။ဒီတော့ ဘယ် စည်းကမ်း ကို မှ မဖောက်ဖျက်ပါနဲ့။
ဒီတော့ ညီလေးရေ စည်းကမ်းကို လိုက်နာ သူအဖြစ် အကျင့်ပါနေအောင် လုပ်ပါ။ဘာဘဲ လုပ်လုပ် တာဝန်ယူမှု ရှိပါစေ။ အစ်ကို ဘာကို ဆိုလိုချင်တယ် ဆိုတာ ညီလေး သိလိမ့်မယ် လို့ မျှော်လင့်ပါတယ်။


အစ်ကိုကြီး
ဒီးဒိုး။
၁၃၊၀၆၊၂၀၁၀။

ဆန္ဒ

ငါဟာ နှလုံးသားပါတဲ့ သစ်ပင်ကြီးပေါ့။

ငါ့ အရိပ်အောက် နားခိုကြရာ
လူကောင်းရော လူဆိုးပါ
သူကြွယ် သူတောင်းစား
ဘယ်သူနားခိုပါ ရွေးချယ်ရာ နတ္ထိ
ဖြေလျော့မောပန်း အေးချမ်းဖို့ရာ
အခက်လက်စုံညီ ငါရှင်သန်မယ်။

မောပန်းပြေပျောက် ခရီးဆက်ရာ
လိုချင်မက်မက် သုံးချလိုမူ
ငါ့ရဲ့ ကိုင်းခက် ချိုးငင်ယူနိုင်
ခဏဘ၀ ရှင်သန်သူမို့
နားခိုသူကြိုက် ပြုပါစေတော့
ငါ့ရဲ့ ကိုင်းခက် တပါးသူတွက်
တောင်ဝှေး တချောင်းသာ ဖြစ်စေလိုတယ်။

ငါ့ရဲ့ အသီး ချိန်တန်သီးမယ်
တချို့တွက်အဆိပ် တချို့တွက်အား
ဘယ်သူသာစေ နာစေတော့လို့
ရွေးချယ်မသီးဘူး
သဘာဝတိုင်း မပြောင်းမလဲ
သင်တို့ လိုလျင် ရွေးချယ်ခူးဆွတ်
စားသောက်စေတော့
ငါ့ရဲ့ အသီး တပါးသူတွက်
အဆိပ်သီးတော့ မဖြစ်စေလိုပါ။



ဒီးဒိုး။
၁၇၊၀၆၊၂၀၁၀။

Thursday, June 24, 2010

ကလေး (သို့) မြေဇာပင်များ

ဦးခေါင်းထက် သွေးချင်းချင်းနီ
ခန္ဒာအနှံ့ ဒဏ်ရာဒဏ်ချက်
ပြည့်နှက်သော်ငြား သည်းခံကြိတ်မှိတ်
ဒီရန်ပွဲ မှာ ငါမပါဘူး။

ချစ်လို့ဖြစ်တဲ့ ရန်ပွဲ
မုန်းလို့ဖြစ်တဲ့ ရန်ပွဲ
လူမျိုးတွက်ဖြစ်တဲ့ ရန်ပွဲ
နိုင်ငံတွက်ဖြစ်တဲ့ ရန်ပွဲ
ဘာသာတွက်ဖြစ်တဲ့ ရန်ပွဲ

ဖြစ်တဲ့ ရန်ပွဲတိုင်း ငါ မပါပေမယ့်
ငါ့ရဲ့ စိတ်နှလုံး
ခန္ဒာ အနှံ့
ဒဏ်ရာ ဒဏ်ချက်
ပြည့်နှက်နေတယ်
နည်းနည်း ဖြစ်ဖြစ်
စာနာပေးပါ။



ဒီးဒိုး။
၂၄၊၀၆၊၂၀၁၀။

ကန့်လန့် ဂီတ

အငှားနှလုံးနဲ့ ခုန်နေတဲ့ ရင်ကို
ပြန်ယူမလို့လား။

လျှောက်ချင်တယ် ဆိုရင်ဖြင့်
မလျှောက်ခင်
လမ်းခင်း နိုင်ဖို့ အင်းအားပေးပါ။

မချစ်ခင် ထားသွားမယ့် အဖြစ်
မတိုက်ခင် ရှုံးရတဲ့ စစ်
ရှုံးသူ လျှော်ကြေးပေးရမယ့် အဖြစ်
အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး တဲ့လား။

လမ်းဆုံ လမ်းခွကို ရောက်တိုင်း
တွေဝေတတ် လို့ ငါ့ကို
ယောက်ကျား မဟုတ်ဘူး တဲ့လား
ငါ တယောက်တည်း ဆိုရင်ဖြင့်
ဘယ်လမ်း သွားရမယ်
သိပ်သိတာပေါ့။

လျှောက်မယ်လို့ ကြံတိုင်း
ပျောက်ပျောက်သွားတဲ့ လမ်း
မရှိတဲ့ လမ်းကိုဘဲ
လျှောက်ချင်တော့တယ်။

လူတိုင်းနားလည် နိုင်မယ့်
ဂီတ တပုဒ် ဖြစ်ချင်တယ်
ဒါပေမယ့်
ငါဘယ်လိုလူလဲဆိုတာ
ငါ့ကိုငါ
သိပ်သိတာပေါ့။

ဒီးဒိုး။
၂၄၊၀၆၊၂၀၁၀။

Wednesday, June 23, 2010

လမင်းငယ် (သို့) ကာမာဒီးရား

အို ”လမင်းငယ်”
ဟိုထက် ကောင်းကင် သာနေလိုက်တာများ
ကိုယ်ပိုင် အလင်းရောင်နဲ့ မဟုတ်ဘူး။

အို ”လမင်းငယ်”
ကြွေကျသွားတဲ့ ကြယ်လေးတွက် ၀မ်းနည်းနေတာများ
ကမ္ဘာမြေ မှောင်လုပေါ့။

အို ”လမင်းငယ်”
ကြယ်ပေါင်းစုံလင်နဲ့ ပျော်နေလိုက်များ
မြင်သူတိုင်း ”တ” ရတဲ့အထိပေါ့။

အို ”ကာမာဒီးရား”
ပြန်မရောက်မယ့် သူတယောက်တွက်
တော်သင့်သူ ရှာပေးပါလား။

အို ”ကာမာဒီးရား”
မတည်ခဲ့တဲ့ဂတိ နဲ့ တပြည်သားမို့
ခွင့်လွတ်ပါလို့ မပြောချင်ဘူး။

အို ”ကာမာဒီးရား”
မှားခဲ့ အပြစ် ရှိခဲ့ရင်ဖြစ်
သူကိုယ်စား
ငါ့ကို သာ
အပြစ်ပေးပါတော့လား။
အို ကာမားဒီးရား။....


”ကာမားဒီးရား” ဆိုသည်မှာ လမင်းကို စောင့်ရှောက်သော နတ်သမီး ကို ခေါ်ဆိုပါသည်။

ဒီးဒိုး။
၂၄၊၀၊၂၀၁၀။

ကြွက်အစည်းအဝေး။

ရိုးရာ ပုံပြင်လာတော့ မသိပါ။ ငယ်ငယ်က လူကြီးတွေပြောပြော တာကြားဖူး ပါ။ ပုံပြင်ကို ကြားဖူးတဲ့ အချိန်ကဆို တော်တော် ငယ်သေးတယ်။ ဦးနှောက်ထဲ စွဲနေတာနဲ့ အပေါင်းအသင်း မိတ်ဆွေ အားလုံးကို ဝေမျှချင်တာနဲ့ဘဲ ရေးလိုက်တာပါ။

တခါက ကြွက်တွေကို အနိုင်ကျင့်တဲ့ ကြောင်တကောင် ရှိသတဲ့။ အမှန်တော့ ကြောင်က အနိုင်ကျင့်တာ ဟုတ်ချင်မှဟုတ်မှာပါ။ သဘာဝ အရ သူရဲ့အစာကို ရှာစားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီနေရာမှာလည်း အဲဒီ ကြောင်တကောင်ဘဲ ရှိသတဲ့။ ဒီတော့ကာ ကြွက်တွေကလည်း တကောင်တည်းရှိတဲ့ ကြောင်ကို အနိုင်တိုက် ချေမှန်းပစ်ဖို့ အဲဒီနေရာကနေ ကြောင်ကို မောင်းထုတ်ပစ်ဖို့ ကြွက်ခေါင်းဆောင်ကြီးက အစည်းအဝေး ခေါ်သတဲ့။ကြွက်ခေါင်းဆောင်ကြီး အစည်းအဝေး ခေါ်တဲ့အတိုင်း ကြွက်တွေက တက်ကြွစွာနဲ့ အစည်းအဝေးကို လာကြသတဲ့။ ရန်သူတော် ကြောင်ကို မောင်းထုတ်ပစ် ဖို့ ဆိုတော့ ပိုပြီး အားပါနေတာပေါ့လေ။

ဒီလိုနဲ့ အစည်းအဝေးလည်းစရော ကြွက်ခေါင်ဆောင်ကြီးက ရန်သူတော် ကြောင်ကို ဘယ်လိုမောင်းထုတ်ရမယ်၊ ဘယ်လို တိုက်ခိုက်ချေမှန်း ရမယ်ဆိုတာ တင်ပြကြပါလို့ ပြောလိုက်တာနဲ့

ကြွက်တကောင်က တက်ကြွစွာနဲ့

”ငါတို့ ဒီနေရာမှာ ပိုပြီး သောင်းကျန်းကြမယ် ဒါဆိုရင် အိမ်ရှင်က ဒီကြောင် ကြွက်မခုတ်ဘူး ကြောင်ပျင်းဆိုပြီး ကြောင်ကို မောင်းထုတ်လိမ့်မယ် ဒါဆိုရင် ငါတို့ လည်း တခြားထိခိုက်တာ မရှိဘဲ ကြောင်ကို ဒီက မောင်းထုတ်နိုင်မယ်” လို့ အားတက်သရော ပြောသတဲ့။

ဒါကိုဘဲ တခြားကြွက်တွေ က
”ဒီနည်းက သိပ်မကောင်းဘူး ငါတို့ရဲ့ လုပ်ဆောင်ချက် မပေါ်လွင်ဘူး ဒီကြောင်ကို ကြွက်တွေ အကြောင်း ကောင်းကောင်းပြ ပြီးမှ ဒီနေရာက ထွက်သွားစေရမှာ ကွ”
လို့ ပြန်ပြော သတဲ့။ အဲဒီ ကြွက်ပြော လည်းပြီးရော....

”ဟုတ်တယ်ကွ”
”ကြွက်တွေ ရဲ့ အကြောင်း ကောင်းကောင်း သိစေရမယ်ကွ” စသည်ဖြင့် တယောက်တပေါက် ပြောနေကြတယ်တဲ့။
ဒီလိုနဲ့ တယောက်နည်းတမျိုး တယောက်နည်းတမျိုး နဲ့ ကြောင်ကို မောင်းထုတ်ဖို့ နည်းလမ်း ရှာမရဘူးတဲ့။
နောက်ဆုံးတော့ ကြွက်တွေရဲ့အစွမ်းလည်း ပြရအောင်၊ ကြွက်တွေရဲ့ စည်းလုံး မှု ရှိအောင် ဆိုပြီးတော့
ရန်သူတော် ကြောင်ကို အားလုံးစုပေါင်းပြီး တိုက်ခိုက်ကြရအောင်လို့ ဆုံးဖြတ်သတဲ့။

ဒီလိုကြွက်ခေါင်းဆောင်ကြီး ရဲ့ ဆုံးဖြတ်ချက်ကို ကြွက်တွေ အားလုံးလည်း သဘောတူ သတဲ့။ သဘောတူတယ် လို့ ပြောလို့ မဆုံးခင်မှာ ဘဲ ကြွက်တကောင်က ထပြီးတော့ ချက်ခြင်း
” ငါကတော့ ကြောင်ရဲ့ နောက်ဘယ်ခြေကို ကို ကိုက်ဖို့ တာဝန်ယူမယ်ကွ ဒါမှ ကြောင်ထွက်မပြေးနိုင်တော့ဘူး”။ အားတက်သရော ပြောတာပေါ့။
ပြောပြီး ချက်ခြင်းဆိုသလို နောက်တကောင်ကလည်း အားကျမခံ
”မင်းက ဘယ်ခြေဆို ငါက ညာခြေ ကွ” လို့ ကြွေးကြော် သတဲ့။

တခြားတကောင် ကျတော့ ”ငါက မင်းတို့ ထက်ပို သတ္တိရှိတယ်ကွ ငါတို့ ကို ကုတ်လာနိုင်မယ့် ကြောင်ရဲ့ ညာလက်ကို ငါ တာဝန်ယူမယ်ကွ” ပြောသတဲ့။
ဒီလိုဘဲ နောက်တကောင် က လည်း အားကျမခံ ”မင်းဘဲ သတ္တိရှိတာ မဟုတ်ဘူးကွ ငါလည်းရှိတာ ဘဲ မင်းက ညာဆို ငါက ဘယ်ကွာ၊ ပါးစပ် တစ်ခုတည်းရှိ လို့ ပေါ့ကွာ နှစ်ခုရှိရင် လက်နှစ်ဖက်လုံး တာဝန်ယူ ကိုက်လိုက်ချင်တာကွ” လို့ ကြက်ခေါင်း ဆိတ်မခံ ပြောသတဲ့။
ဒီလိုဘဲ
တကောင်က ”နားရွက်”
တကောင်က ”မျက်လုံး”
တကောင်က ”အမြီး” စသည်ဖြင့် သတ္တိတွေ ပြနေလိုက်တာ များ ကြောက်ခမန်း လိလိ ဆိုဘဲ။
ကြွက်ခေါင်းဆောင် ကြီးလည်း သူကြွက်တွေ သတ္တိ တွေကြည့်ပြီး အားရ ၀မ်းသာရှိနေသတဲ့။ ငါ့ ကြွက်တွေ
သိပ်ပြီး စည်းလုံးတာဘဲ၊ သတ္တိလည်း အလွန်ရှိတယ်ပေါ့။
ဒါနဲ့ ကြွက်ခေါင်းဆောင်ကြီးက ဆက်ပြီး
” မင်းတို့တတွေ ကိုယ်စီ တာဝန်ယူမှု အတွက်လေးစားပါတယ်။ ကျေးဇူး လဲတင်ပါတယ်။ ဒါပေမယ့် တခုရှိတာက မင်းတို့တတွေ ကြောင်ရဲ့ ဘယ်နေရာကို ဘဲ ကိုက်ပြီးတာဝန်ယူသည်ဖြစ်စေ ကြောင်ကြီးက ငါတို့ကို ပြန်မကိုက်နိုင်အောင် ကြောင်ရဲ့ ပါးစပ်ထဲကို တော့ တကောင်ကောင် ၀င်နေဖို့ လိုတယ်ကွ...ဒါမှမဟုတ်ရင်တော့ ကြောင်ပြန် ကိုက်တာနဲ့ ဘဲ ငါတို့တွေ မျိုးတုန်းသွား နိုင်တယ်ကွ။ ဘယ်သူ ကြောင်ရဲ့ ပါးစပ်ထဲ ၀င်ပြီး ငါတို့ကို ပြန်မကိုက်နိုင်အောင် လုပ်မလဲ။ ကြောင်ရဲ့ ပါးစပ်ထဲ ဘယ်သူဝင်မလဲ၊။”

လို့ကြွက်ခေါင်းဆောင်ကြီးက သူ့ရဲ့ ကြွက် သူရဲကောင်းတွေကို မေးလိုက်တယ်။ ကြွက်ခေါင်းဆောင် ကြီးရဲ့ စကား အဆုးံမှာဘဲ ခုနက သတ္တိတွေ ပြနေတဲ့ ကြွက်သူရဲကောင်းတွေ ထဲမှာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား သတဲ့။ ဒီလိုနဲ့ ဘဲ တိတ်ဆိတ်မှုတွေကြီးစိုးရင်း.....
ကြွက်ခေါင်းဆောင် မျက်လုံးပြန်ဖွင့်တဲ့ အခိုက်မှာတော့ ကြွက်တကောင်မှ အစည်းအဝေးမှာ မရှိတော့ဘူးတဲ့လေ။

ပုံပြင်လေးကတော့ ဒါပါဘဲ ဗျာ။ ကဲ ဘယ်သူများ......။

Tuesday, June 22, 2010

အမေ

အမေ...

ကျွန်ုပ်၏ အသက်ရှင်လျှက် ရှိသော ”ဘုရား”

ကျွန်ုပ်၏ အစပထမ လက်ဦး ”ဆရာ”

ကျွန်ုပ်၏အသက် ဆက်ပေးသော ”သမားတော်”

ကျွန်ုပ်၏ အားကိုးရာ ”ရှေ့နေ”

ကျွန်ုပ်၏ဘ၀ လွတ်လပ်စေသော ”တရားသူကြီး”

ကျွန်ုပ်၏ဘ၀ ဦးဆောင်လမ်းပြ ”ဗိုလ်ချုပ်”

ကျွန်ုပ်၏ဘ၀ ပျံသန်းနိုင်သော ”ကောင်းကင်”

ကျွန်ုပ်၏ဘ၀ ဖြတ်သန်းရန် ”ပင်လယ်”

ကျွန်ုပ်၏ဘ၀ နူးညံ့သိမ်မွေ့စေသော ”ပန်း”

ကျွန်ုပ်၏စိတ် ပျော်ရွင်စေသော ”သီချင်း”

ကျွန်ုပ်၏လမ်းပြ ”ကြယ်”

(နားနဲ့မနာ ဖ၀ါးနဲ့နာပါ အမေ)

ကျွန်ုပ်၏လိုအပ်သမျှ လုပ်ပေးခဲ့သော ”အစေခံ”

ထို့ ထက် ပို ၍

...ထိုအရာ အား လုံး ထက် သာ လွန် သော....”အမေ”

အမေ...ကျွန်ပ်၏ ”အမေ”



ဒီးဒိုး။
၂၁၊၀၆၊၂၀၁၀

အမေ

၂၉၊၀၇၊၂၀၁၀ သို့

လွန်ခဲ့နှစ် သုံးဆယ်ကျော်
ကြီးလာတဲ့ ဂဏန်းရဲ့အောက်
စာဖွဲ့လောက်တာ မရှိသေးဘူး။

ငါဟဲ့ အားမာန်ခဲ လို့
အများအတွက် အသုံးချခံမယ်
နေလာတဲ့ ကမ္ဘာမြေထက်
မှတ်သားစရာ မကျန်သေးဘူး။

ကဲ ရှေ့ဆက်ဘယ်လို
ကမ္ဘာမြေ ငြိမ်းချမ်းဖို့
သူတော်ကောင်းတွေရဲ့ ၀ိညာဉ်တွေထပ်ဆင့်
ငါ...ရေပွက်လေး ပမာ
ပျောက်သွားရမှာတော့
မုန်းတယ်။


ဒီးဒိုး။
၂၁၊၀၆၊၂၀၁၀

၂၉၊၀၇၊၂၀၁၀ သို့

Sunday, June 20, 2010

အမေ..

ငိုတာကို အရူံးလို့ ပြောကြရင်
မျက်ရည် နဲ့ အဖော်ပြု တဲ့ အမေ့ကို
ရူံးနေတယ် လို့
ဘယ်သူပြောလဲ။

အားကြီးသူ နိုင်စတမ်း
အမေ့ စိတ်ဓါတ်
ပြိုင်တု နိုင်းရာမဲ့
အားကြီး ခိုင်ခန့်လို့
ကမ္ဘာကြီးကို ကိုင်လှုပ်
အနိုင်ယူပါ...အမေ။

အမေ..
...အမေ

ဒီးဒိုး။
၂၀၊၀၆၊၂၀၁၀။

သို့....

အဆန် မရှိ
အသံသာ မြည်ဟီး
တဟိန်းဟိန်း ပစ်တာ
သက်ြန် အမြောက် တဲ့။

စက္ကန့်မခြား
အသံတွေ ကြားပေမယ့်
မွေးညှင်းတပင်
ငေါက်ခနဲ မထဘူး
ခဏလောက် နားစမ်းပါ။

ငါ့ရဲ့ ခန္ဒာ
သဘာဝကို လွန်ဆန်လို့
ပိတ်မှောင် မွတ်သိပ်
နံရံ တဖက်
လှောင်အိမ်ထဲမှာ။

ငါ့ရဲ့ စိတ်တို့
သဘာဝ တိုင်း လိုက်နာလို့
လူနေတဲ့ ကမ္ဘာ
လွတ်လပ်ခြင်းသို့

လွတ်လပ်ခြင်း အရသာ
မြစ်တခုလို စီးဆင်းလို့
ဘယ်ကို ပိတ်ရင်
ညာကို စီးလို့
အစုန်ကို ပိတ်ရင်
အထက်ဆန်မယ်
ဘယ်သူက
သဘာဝကို လွန်ဆန်မလို့ လဲ။



ဒီးဒိုး....။
၁၉၊၀၆၊၂၀၁၀။

Saturday, June 19, 2010

ဂါဟတ် ကိုက်တတ်သည်။

” ကိုယ်မှာမတတ် စာမှာတတ် ဂါဟတ်ကိုက်တတ်သည်။ ( ဒီပဲယင်း ဆရာတော် )”
စာလေးကို ဖတ်လိုက်ရတော့ ကိုယ်တိုင်ရင်ဆိုင်တွေ့နေရတဲ့ ပတ်ဝန်းကျင်က ဆက်ဆံနေရတဲ့ လူကို သတိရမိတယ်။
ဒီစာကို ရေးမယ်လို့ ကြံတော့ သူ့ကို ရည်ရွယ်ပြီးရေးမယ်လို့ စဉ်းစားမိတဲ့ တချိန်တည်းမှာဘဲ ကိုယ့်ကိုကိုယ်လဲ ဆင်ခြင်ရအောင်
ရေးမယ် လို့ ဆုံးဖြတ်ပြီးရေးတာပါ။ ထို့ထက်ပို၍ ကျွန်တော် အပါအ၀င် အားလုံး စာမှာဘဲတတ်ပြီး လက်တွေ့ အဖြစ်မရှိရင်
အပါယ်ငရဲ ကျတတ်ကြောင်း နဲ့ အရှက်ရတတ်ကြောင်း သိစေလို၊ဆင်ခြင်စေလိုသော စေတနာ တစ်ခုတည်းဖြစ်သာ ရေးသားရပါကြောင်း သိစေအပ်ပါသည်။

ကျွန်တော် တွေ့ကြုံ ဆက်ဆံနေရတဲ့ လူပေါ့ဗျာ၊ ဒီလူကို စတွေ့တော့ အင်တာဗြူး တစ်ခုမှာပေါ့။ အင်တာဗြူးမှာ
တွေ့တုန်းကတော့ အင်ဂျင်နီယာ ဘွဲ့ရဆိုတော့ စိတ်ထဲမှာ အထင်ကြီးတာပေါ့။ အင်တာဗျူး ပြီးတော့ သူပြောတဲ့ စကားတွေကို
နားထောင်ပြီး ကိုယ့်ကိုကိုယ်တောင် အားငယ်သွားတယ်။ တစ်ချို့ စကားလုံးတွေဆို ကိုယ်တောင်မကြားဖူးတဲ့ စကားလုံးတွေပါတာကိုး။စိတ်ထဲမှာလဲ အားကျမိတာပေါ့ ကိုယ့်ထက်လဲ ငယ်တာကိုး။ ငယ်ငယ်ရွယ်ရွယ် နဲ့ အင်ဂျင်နီယာဘွဲ့ လဲ ရ၊ ပြောတဲ့ စကားတွေကလည်း ကိုယ်တောင် မကြားဖူးဘူးဆိုတော့ အတွေ့အကြုံလဲ တော်တော်ရှိမှာ ဘဲလို့ထင်မိတာပေါ့လေ။
ဖြစ်ချင်တော့ အဲဒီ အင်တာဗျူးကို ကျွန်တော် လဲ အောင်သွားတယ်၊ ဒီလိုနဲ့ အဲဒီ အင်ဂျင်နီယာ ဆိုသူနဲ့ ဆုံဖို့ ဖြစ်လာတယ်။ ပထမတော့ ကိုယ်တော့ ၀မ်းသာမိတာပေါ့ ကိုယ်ထက်တော်တဲ့ သူနဲ့အလုပ်အတူ တွဲလုပ်ရမယ်ဆိုတော့လေ။

ဒီလိုနဲ့ သူက ကျွန်တော့် အရင် အလုပ်ရှိရာ နိုင်ငံဆီကိုသွားနှင့်တာပေါ့။ကျွန်တော်တို့က နောက်ကလိုက်သွားရတာပေါ့။ ကျွန်တော်တို့ လဲ ရောက်သွားပြီး တရက် နှစ်ရက် ဘဲရှိအုန်းမယ်၊ သူက ကျွန်တော်တို့ကို သတိပေးတယ် စေတနာနဲ့ သတိပေးတာ လဲဖြစ်နိုင်တယ် ဆိုတာ ထက် ခြိမ်းခြောက်ရာ က ပိုနေတယ်။ သူလာပြောတာ က သဌေးကို ဘာမှပြန်မပြောဖို့ နဲ့ သဌေး စိတ်ဆိုးရင် အပြစ်ပေးတတ်ကြောင်း..နီပေါလေး တယောက်ကို ပြန်ပြောလို့ ဆိုပြီး ချမ်းချမ်းဆီးဆီး နှင်းတောထဲ မှာ ရပ်ခိုင်းထားကြောင်း ပြောပြတယ်။ စိတ်ထဲမှာတော့ ကျွန်တော် တို့ က တရားဝင်လာ အလုပ်လုပ်တာ သူဌေးဆိုသူ ပရမ်းမတာတော့ လုပ်လို့ မရဘူးလို့ မှတ်ထားတယ်။ အင်ဂျင်နီယာ ဘွဲ့ ရကြီးတော့ တော်တော် လန့်နေတဲ့ ပုံဘဲ။

နောက်တော့ မကြာခဏ ဆိုသလို သူကျောင်းမှာ သင်ခဲ့ရတဲ့ သီအိုရီ အကြောင်း၊ သူလေ့လာဖူးတဲ့ စာအကြောင်း၊ လေယာဉ်ပျံကြီး က လေတွေကို ဘယ်လို ကျစ်ထုတ်ပြီး ကောင်းကင်ပေါ် ပျံတတ်သွားကြောင်း၊ ဟိုက်ဒရောလစ် အလုပ်လုပ် ပုံအကြောင်း၊ အဲယားကွန်း က လေတွေကို ဘယ်လို အလုပ်လုပ်ကြောင်း စသည်ဖြင့် ကြားဖူးတာရော မကြားဖူးတာပါ စုံစီနေတာပါဘဲ။ ဒါပေမယ့် လက်တွေ့ပြသာနာ ကို ဖြေရှင်းရပြီ ဆိုရင် ရုံးထဲ ကို email စစ်ရအုန်းမယ်ဆို ပြီးပျောက်သွားတော့တာပါဘဲ.။ တစ်ခါ နှစ်ခါ မဟုတ်တော့ လက်တွေ့ မရှိ မှန်းသိလာတဲ့ အပြင် မာနလေး ကလည်း ပြလာတယ်ဗျ။ တစ်ခါ ကျွန်တော် က အကူအညီတောင်းပြီး မော်တာပြင်ဖို့ ပြောတော့ အင်ဂျင်နီယာ ဂွရှင် မကိုင်တော့ဘူး ဆိုပြီး မကူညီတဲ့ အပြင်ရှေ့ မှာ ဒီတိုင်းကို ထိုင်နေတာဗျ.။ကျွန်တော်လဲ ဘာမှမပြောတော့ဘဲ အလုပ်ဆက်လုပ်နေ လိုက်တယ်။ သူ့ အကြောင်းလဲ သိပြီဆိုတော့ ပြောစရာလဲ မလိုတော့ဘူးလေဗျာ။

အမှန်တော့ ကျောင်းမှာ သင်ခဲ့တာလဲ သင်ခဲ့ပြီးတဲ့ အတိုင်းတာ တခုထိ တတ်မှာတော့ အမှန်ပါဘဲ။ ဒါပေမယ့် စာမှာတတ်တာ နဲ့ လက်တွေ့ ရင်ဆိုင်လုပ်တဲ့ အခါ တခါတလေ ကြီးကြီးမားမား ကွဲပြားမှုကို ရှိတာတော့ မကြာခဏ ကြုံဖူးတယ်ဗျ။ တကယ့် လက်တွေ့မှာလုပ်ရမှာက ကျောင်းမှာ သင်လာတဲ့ အခြေခံသဘောတရားကို တကယ်လုပ်ရမယ့် အလုပ်မှာ ဆက်စပ်တွေးခေါ် လုပ်ဆောင်ရမှာ လို့ ထင်တယ်ဗျ။ စာတွေ့မှာ ရခဲ့တဲ့ အသိ အတွေ့အကြုံ ကို လက်တွေ့ အလုပ်မှာ တသွေမသိမ်း လိုက်နာ ဆောင်ရွက်လို့ မရသလို၊ လက်တွေ့ လုပ်နေချိန်မှာ လည်း စာမှာ သိခဲ့တာကို လုံးဝ ပြစ်ပယ်လို့မရတာ အမှန်ဘဲ လို ထင်တယ်။ တကယ့် လိုက်နာ ရမယ့် သီအိုရီတွေက လွဲရင်ပေါ့။

UK မှာ civil အင်ဂျင်နီယာဘွဲ့ ယူလာ တဲ့ အင်ဂျင်နီယာ တယောက်က အင်ဂျင်နီယာ အလုပ် ကို ဒီလို အဓိပ္ပါယ် ဖွင့်တယ်ဗျ”

ENGINEERING IS NOT ONLY ABOUT SITTING IN A NICE OFFICE AND WORKING ON AUTO CAD; IT IS MORE ABOUT REAL LIFE PROBLEM SLOVING ABOUT GIVING BACK TO SOCIATY.IT CAN BE AS MUCH A 'CARING' PROFESSION AS TEACHING OR NURSING ”

”ပိုဆိုးတာက ကိုယ်သင်ခဲ့တဲ့ ပညာတွေကို အခြေခံပြီး ငါပညာတတ်တယ်ဆိုပြီး သာယာနေတဲ့ တဏှာ၊ သူတို့ထက် ငါသာတယ်၊ သူတို့ ငါ့လောက်မသိပါဘူးဆိုတဲ့ တက်ကြွနေတဲ့ မာန၊ ငါ ပညာတတ်တာဆိုတဲ့ ဒိဋ္ဌိ၊ အဲဒီ တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ ဂါဟတရားကြီး သုံးပါးက ပညာတတ်ကြီးကို ပြန်ကိုက်ပါလိမ့်မယ်၊ ဂါဟ အကိုက်ခံ ရရင်တော့ အပါယ် ငရဲ ဆင်းရဖို့ဘဲ ရှိပါတတော့တယ်။ ဒါဟာ စာမှာသာတတ်ပြီး ကိုယ်မှာ မတတ်တဲ့ သဘောပါ။ ဒါကို ဘဲ ဒီပဲရင်းဆရာတော်ကြီးက ”ကိုယ်မှာမတတ်၊စာမှာတတ် ဂါဟတ်ကိုက်တတ်သည်” လို့ သြ၀ါဒပေးခဲ့တယ်။ ””ရဝေနွယ် (အင်းမ) မဂ်လာ အတွေးများ စာအုပ်မှ ကောက်နုတ်တင်ပြပါတယ်။

Friday, June 18, 2010

ဖိနပ်လက်ဆောင်...

ဖိနပ်လက်ဆောင် ချစ်သူကို မပေးရပါ။ ပေးလျှင်ကွဲတတ်သည် တဲ့.......။

ကျွန်တော် က အော်စတား(all star) ဖိနပ်ကို စွဲလမ်းနှစ်သက်စွာ စီးတတ်သူပေါ့။ အထူးသဖြင့် ဖိနပ်အောက်ခံ အဖြူရောင်၊ကိုယ်ထည် အမဲရောင်၊ကြိုးအဖြူရောင် အော်စတား(all star)ဆို အသဲစွဲပေါ့။
လူသာဖြစ်သလို နေတတ်သော်လည်း ဖိနပ်ကိုတော့ သန့်ရှင်း သပ်ရပ်နေမှ ကြိုက်တဲ့ အတွက် အမြဲတမ်း ဖိနပ်ကို သန့်ရှင်းရေးလုပ်တတ်သူဟာ ကျွန်တော်ဘဲ ပေါ့။ တခါတရံမှာ အော်စတား(all star) ဖိနပ်ကို ခြေအိတ် မပါဘဲနှင့်လည်း စီးတတ်သေးသည်။ ခြေအိတ် မပါဘဲ စီးလျှင် ဖိနပ်အတွင်းပိုင်း အလွန်ပေ လွယ်ပါသည်။ ကိုယ့်ကို ကိုယ် ထက် ဖိနပ်ကို သန့်ရှင်းရေး လုပ်တတ်တာ အကျင့်တစ်ခုသာဖြစ်ပါသည်။
အော်စတား(all star) တရံစီး မရတော့လျှင် တရံတော့ မဖြစ်မနေ ၀ယ်ယူလေ့ရှိပါသည်။
ကျွန်တော့်ချစ်သူ နှင့်ပြန်တွေ့တော့ပျော်ပါသည်။ ပျော်သည့်အတိုင်း လျှောက်လည်ခဲ့ကြသော နေရာလည်း အနှံ့ဖြစ်သည်။ တနေ့တော့ သူမ ဘာစိတ်ကူးပေါက်သည် မသိပါ။ ကျွန်တော် အား ယုဇန ပလာဇာ သို့ခေါ်သွား၍ ကျွန်တော် အကြိုက်ဖြစ်သော အော်စတား(all star) ဖိနပ်တရံ ၀ယ်ပေးပါသည်။ သူမ စီးရန် ဖိနပ်တရံ လည်း ၀ယ်ပါသည်။ သူမ စီးသော ဖိနပ်မှာ ကျွန်တော် ၀ယ်ပေးခြင်းမဟုတ်ပါ။ ဖိနပ် နှစ်ရံ လုံးအတွက် သူမ ပိုက်ဆံပေးချေပါသည်။ ချစ်သူ၏ ဂရုစိုက်မှုအတွက် ၀မ်းသာပါသည်။ အကြိုက်ကို သိသော သူမအား လေးစား မြတ်နိုးပါသည်။
နောက် သုံးးလေးရက် ကြာပြီး သူမနှင့် ပြန်တွေ့သော အခါ...
” ဟေ့ လူကြီး ပေး ပိုက်ဆံ ၅၀၀”
ရုတ်တရက် ပြောလိုက်သော စကားကြောင့် သူမကို အံ့သြစွာကြည့်ရင်း
”ဘာအတွက်လဲ”
မေးလိုက်သော မေးခွန်း ကို ပြန်မဖြေဘဲ၊ ပြန်ဖြေရန် စဉ်းစားနေဟန်တူပါသည်။
ပြီးမှ...” ဖိနပ်ဖိုး ”
” ဖိနပ်ဖိုး က ၅၀၀ ထဲမှ မဟုတ်တာ”
” ကဲ ပေးမှာ သာ ပေးစမ်းပါ လူကြီးရာ ”
” လက်ဆောင် ၀ယ်ပေးတာ ဆို”
” ခု စိတ်ပြောင်းသွားပြီ ပေး ၅၀၀ ဖိနပ်ဖိုး ”
သူမ ပြောရင်း မျက်နှာက ငိုမလို အရိပ်အရောင်သန်းလာတော့....ပိုက်ဆံ တစ်ထောင်တန်ထုတ်ပေးလိုက်သည်။ သူမ ၅၀၀ တန်တရွက် ပြန်ထုတ်ပေးပါသည်။
ပြီးမှ သူမက
” သိလား လူကြီး ချစ်သူကို လက်ဆောင်မပေးရဘူး....ပေးရင် ကွဲတတ်တယ် တဲ့ ”
” ဟာ မဆိုင်လိုက်တာ ကွာ....ဘယ်သူပြောတာ လဲ ”
” သူငယ်ချင်းတွေ ပြောတာ ”
” အစွဲအလမ်း တော့ မထားပါနဲ့ ကွာ....တော်ကြာ တကယ်ဖြစ်နေပါအုန်းမယ် ”
” ဘာဘဲဖြစ်ဖြစ် အဲဒီ ဖိနပ်ကို ကိုယ်ဖာသာဝယ်တယ်လို့ ဘဲ မှတ်ထား “
” ဟုတ်ပါပြီ ဗျာ ဟုတ်ပါပြီ ”
ဒီလို နဲ့ နောက် နှစ်လ လောက်ကြာတော့ သူမ နှင့်ဝေးသော ရေခြားမြေခြားနေရာ သို့် ကျွန်တော် ရောက်သွားခဲ့ပါသည်။ ထို့ထက်ပို၍ သူမနှင့် မတွေ့နိုင်တော့ခြင်းဖြစ်ပါသည်။ သူမ သည်လည်း အချစ်သစ် ရင်ခွင်ဉ် ပျော်နေပေလိမ့်မည်။ သူမနှင့် ကျွန်တော် ကွဲကွာ ခဲ့ပါသည်။ ထိုသို့ သူမနှင့် ကျွန်တော် ကွဲကွာ ခဲ့ရသည်မှာ သူမ ပေးခဲ့သော ဖိနပ်လက်ဆောင် ကြောင့်ပေလော ဒါမှမဟုတ် ချစ်သူကို လက်ဆောင်ပေးလျှင် ကွဲကွာ တတ် သည် ဆိုသော စကားကြောင့်ပေလော မစဉ်းစားတတ်တော့ပြီ။
နောက်ပိုင်းတွင် ကျွန်တော်သည် ဘယ်တော့မှ အော်စတား(all star) ဖိနပ်ကို ၀ယ်မစီးတော့ပါ။ သူမကို စွန့်လွတ်ခဲ့ ရသလို အော်စတား(all star) ဖိနပ် ကိုလည်း စွန့်လွတ်ခဲ့ပါသည်။
သို့သော် အော်စတား(all star) ဖိနပ် ရောင်းသော ဆိုင်ရှေ့  ရောက်တိုင်း မြတ်နိုးတမ်းတ စွာ ငေးမော ကြည့်တတ် သလို သူမ ကို အမြဲ မဟုတ်သော်လဲ တိုက်ဆိုင်မှုတွေ ရှိတိုင်း သတိရ တမ်းတ တတ်ပါသည်။
မိမိ ချစ်သူကို လက်ဆောင် ၀ယ်ပေးခြင်းသည် ကွဲကွာ ဖို့ မဟုတ်ဘဲ မိမိ ချစ်သူ ခလုတ်မထိ ဆူးမငြိစေ ဖို့ ဟု အယူအဆ သာ ရှိခဲ့ လျှင်........................။
ချစ်သူတွေ တိုင်း ဖိနပ်လက်ဆောင် ပေးနိုင်ကြ၍
ကွဲကွာခြင်း မရှိစေကြစေရန်...ဆန္ဒ ပြု လျက်.........။


ဒီးဒိုး။
၀၁၊၀၆၊၂၀၁၀